Saturday, July 9, 2011

ဆွီဒင်ကျောင်းအားလုံးတွင် တရုတ်ဘာသာစကား သင်ကြားမည်

တရုတ်စာ ရေးသားမှု လေ့ကျင့်နေသော ဆွီဒင်ကျောင်းသား
တရုတ်စာ ရေးသားမှု လေ့ကျင့်နေသော ဆွီဒင်ကျောင်းသား


ကမ္ဘာနှင့် ယှဉ်ပြိုင်ရာတွင် လိုအပ်နေသည့် အတွက် ဆွီဒင် မူလတန်းကျောင်း အားလုံးတွင် တရုတ်ဘာသာစကားကို ဆယ်စုနှစ်အတွင်း သင်ကြားသွားမည်ဟု ပညာရေး ၀န်ကြီးက ပြောကြားလိုက်သည်။

“မူလတန်းနဲ့ အထက်တန်း ကျောင်းတွေ အားလုံးမှာ တရုတ်ဘာသာ စကားကို ပထမဆုံး သင်ကြားတဲ့ ဥရောပ တိုင်းပြည်အနေနဲ့ ဆွီဒင်ကို ကျနော် မြင်ချင်ပါတယ်။” လစ်ဘရယ်ပါတီ ခေါင်းဆောင်ဖြစ်သူ Jan Bjoerklund က ပြောခဲ့သည်။

ဆွီဒင် ကလေးငယ်များကို တရုတ်ဘာသာစကား သင်ယူစေခြင်းမှာ ဆွီဒင်နိုင်ငံ၏ ယှဉ်ပြိုင်မှုကို ပိုမို အင်အား ရရှိစေရန်အတွက် အရေးကြီးကြောင်း ၀န်ကြီးက ဘဏ္ဍာရေး သတင်းစာ Dagens Industri သို့ ပြောခဲ့၏။

“စီးပွားရေး ကမ္ဘာမှာ လူတိုင်းက အင်္ဂလိပ်လိုချည်း ပြောနေကြတာ မဟုတ်ပါဘူး။ အရည်အသွေး အင်မတန် မြင့်မားလှတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေဟာ ဥရောပကနေ တရုတ်ပြည်ဆီကို ထွက်သွားနေကြပါပြီ။ စီးပွားရေးအမြင် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပြင်သစ်နဲ့ စပိန်ဘာသာ စကားတွေထက် တရုတ်ဘာသာ စကားက ပိုပြီးတော့  အရေးပါလှတယ်။” သူက ရှင်းပြ၏။

လောလောဆယ်တွင် ဆွီဒင်ကျောင်းများ၌ အင်္ဂလိပ် ဘာသာကို အဓိက နိုင်ငံခြား ဘာသာစကားအဖြစ် သင်ကြားပေးနေသည်။ အခြားသော ကျောင်းသင် ဘာသာစကားများမှာ စပိန်၊ ဂျာမန်နှင့် ပြင်သစ်ဘာသာ စကားတို့ ဖြစ်ကြသည်။

ဤကဲ့သို့ ပြုပြင် ပြောင်းလဲရာတွင် အရင်းအမြစ် များစွာ လိုအပ်မည် ဖြစ်ကြောင်း ၀န်ကြီး Bjoerklund က နားလည်ထားသည်။ အထူးသဖြင့် တရုတ်စာ သင်ကြားပေးနိုင်မည့် ဆရာများ လိုအပ်မည်။ သို့ရာတွင် ဆယ်စုနှစ် အတွင်း မူလတန်း ကျောင်းအားလုံးတွင် တရုတ်ဘာသာ စကား သင်ကြားပေးနိုင်ရန် စီစဉ် နိုင်မည်ဖြစ်ပြီး အထက်တန်း ကျောင်းများတွင်မူ သင်ကြားမှု ပြင်ဆင်ရန် ၁၅ နှစ်တာ အထိ လိုအပ်နိုင်ကြောင်း ၀န်ကြီးက ဆိုသည်။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

No comments: