Saturday, July 16, 2011

ဆင်းရဲခြင်းမှ အစပြုခဲ့သည်

Written by ချစ်ဝင်းမောင်   
From Eleven News

ကားရပ်ရန်နေရာ (parking) ပြဿနာကြောင့် ကိစ္စကြီးငယ် မရှိဘဲ မြို့လယ်ခေါင်သို့ မရောက်ဖြစ်သည်မှာ ကြာပြီ။ ၃၈ လမ်း၊ ပန်းဆိုးတန်း၊ လမ်း ၃၀၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်း ၀န်းကျင်သို့ မသွားမဖြစ် သွားရတော့မည် ဆိုလျှင်တော့ ပါကင်တစ်နေရာရဖို့ အတော်ရှာပြီးမှ သွားလိုရာ သွားနိုင်ခဲ့သည်။ ထို့ကြောင့်လည်း တော်ရုံတန်ရုံ ကိစ္စမရှိဘဲ မြို့လယ်ဝန်းကျင်သို့ မရောက်ဖြစ်တော့ခြင်း ဖြစ်သည်။ မြို့ထဲ ရောက်ပြန်လျှင်လည်း ပလက်ဖောင်းတွေက လမ်းလျှောက်လို့ မ ကောင်း။ တချို့နေရာတွေမှာ ပလက်ဖောင်း ကျောက်ပြားတွေက ထိုးထိုးထောင်ထောင်။ တချို့နေရာမှာတော့ မြေအောက် လျှပ်စစ်ကြိုးတွေ၊ ရေပိုက်တွေ တူးဖော်ထားပြီး နဂိုအတိုင်း ပြန်ခင်းမထားတော့၍ ချိုင့်ကြီး ကျင်းကြီးတွေ ကာလရှည် ဖြစ်နေခဲ့သည်။

ခရီးသွားတို့က ထိုကျင်းများ၊ ချိုင့်များကို ကျော်ကာ၊ ခွကာ သွားကြရသည်။ သည်ကြားထဲ ပလက်ဖောင်း ဈေးသည်များက ပလက်ဖောင်း၏ ဟိုဘက်ခြမ်း သည်ဘက်ခြမ်း ပိတ်ဆို့ကာ ဈေးရောင်းနေကြသဖြင့် ရန်ကုန်မြို့လယ် ပလက်ဖောင်းများမှာ ဈေးတန်းကြီးသဖွယ် ဖြစ်၍ လမ်းလျှောက်မရတော့။ တစ်နေရာ အမြန်ရောက်လို အမြန်သွားလိုလျှင် ကားလမ်းမပေါ် ဆင်းလျှောက်ရသည်။ လမ်းမပေါ် ကျပြန်တော့လည်း ယာဉ်ကျောအတိုင်း မမောင်းဘဲ ကျော်ခွမောင်းလာသည့် 'ယာဉ်' အန္တရာယ်ကို သတိထားရ ပြန်သေးသည်။

ပလက်ဖောင်း ဈေးသည်များကြောင့် ခရီးသွားများက လမ်းမပေါ် ဆင်းလျှောက်၊ လမ်းမပေါ်က ယာဉ်များက ခရီးသည်ကို ရှောင်တိမ်းမောင်း။ သည်လိုနှင့် ရန်ကုန်မြို့လယ်ကြီး စည်ကားနေခဲ့သည်မှာ အတန်ကြာခဲ့ပြီ။ ယခုတော့ လမ်းကြားဈေးသည် တွေကို ညနေ ၃ နာရီ အထိ ဈေးမရောင်းရဟု တင်းတင်းကြပ်ကြပ် စည်းကမ်း ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ နံနက်ပိုင်း ညနေ ၃ နာရီ မြို့လယ် ပလက်ဖောင်းများ ပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နိုင်ခဲ့ပြီ။ တစ်နေ့က ၃၉ လမ်းတွင် ပါကင်ထိုးပြီး အနော်ရထာလမ်း အတိုင်း လွစ္စလမ်း(ဆိပ်ကမ်းသာလမ်း)၊ ပန်းဆိုးတန်း၊ ဆူးလေ၊ ရွှေဘုံသာ အထိ လမ်းလျှောက်ခဲ့ရာ လမ်းဘေးဈေးသည်တွေ မရှိတော့၍ အတော်ပင် စိတ်ချမ်းသာသွားသည်။ ဟိုတုန်းကဆိုလျှင် ၃၈ လမ်းထိပ် တစ်ဝိုက် ဆိပ်ကမ်းသာလမ်း တစ်ဝိုက် ပန်းဆိုးတန်းမှ ဆူးလေ အထိ ပလက်ဖောင်းပေါ်မှာ တိုးကြိတ်ပြီး လမ်းလျှောက်ရသည်။ လမ်းဘေးဈေးသည်တွေကလည်း အစုံ။ ရာသီပေါ်သီးနှံ ရောင်းချသူမှ အစ၊ ၀က်သားဒုတ်ထိုး လက်သုတ်စုံ ရောင်းသူ အလယ်၊ ဆေးလိပ် ကွမ်းယာသည် အဆုံး တစ်အုန်းအုန်း ရောင်းချနေရာ ရန်ကုန် မြို့လယ်ခေါင်ကြီး စည်ကားနေသော်လည်း အတော်လေး ဗရုတ်ဗရက် နိုင်လှသော မြင်ကွင်း ဖြစ်နေသည်။

ယခုတလော ရေးသား ပြောဆိုနေကြသော အကြောင်းအရာများထဲတွင် ပလက်ဖောင်းဈေးသည် ကိစ္စလည်း တစ်ခု အပါအ၀င် ဖြစ်သည်။ သည်ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးကြလျှင် မြန်မာ့ရုပ်သံတွင် ပြသနေသော
'စကားနပန်း'လို၊ 'လမ်းဘေး ဈေးရောင်းတာ ကောင်းတယ်'၊ 'လမ်းဘေးဈေးရောင်းတာ မကောင်းဘူး' ဆိုပြီး လူရွှင်တော်တွေကို စကားနပန်း သတ်ခိုင်းရမလို ဖြစ်နေပါပြီ။ ပလက်ဖောင်းဈေးသည် ပြဿနာမှာ အစိုးရ အဆက်ဆက်၊ ခေတ်အဆက် ဆက်ရင်ဆိုင်လာရသော ပြဿနာ တစ်ခု ဖြစ်သည်။ ယခုထိ ပြေလည်မှု မရသေး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ပလက်ဖောင်းပေါ်မှာ မြူနီစပယ်နှင့် ဈေးသည် လိုက်တမ်းပြေးတမ်း ကစားနေကြတာ မြင်တွေ့ခဲ့ဖူးသည်။ 'ဟိုမှာ ဂဠုန်တွေ လာနေပြီ' 'ပြေးပြေး' ဆိုပြီး မြူနီစပယ် တာဝန်ရှိသူတွေက လိုက်၊ ဈေးသည်တွေက ပြေး ရုတ်ရုတ်သဲသဲ မြင်ကွင်းတွေ။

နောက်ကျတော့လည်း လမ်းဘေး ဈေးသည်တွေက ပလက်ဖောင်းပေါ်က အလျှိုလျှို ပြန်ရောက်လာစမြဲ။ သည်ဘက်ခေတ်မှာ ကျတော့ 'စည်ပင်ရဲ' ဆိုပြီး ယူနီဖောင်းဝတ် ၀န်ထမ်းတွေ ပေါ်လာသည်။ စည်းကမ်းတွေ ချမှတ်၊ ထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးမှာ ပလက်ဖောင်းပေါ် စည်ကားမြဲ၊ စည်ကားဆဲ။


အနှစ်ချုပ်ရလျှင် အရာအားလုံးသည် 'ဆင်းရဲခြင်းမှ အစပြုခဲ့သည်' ဟုပဲ ဆိုရမည်။ ဆင်းရဲကြသည်။ အလုပ်အကိုင် မရှိ။ မျှော်လင့်ချက် မရှိ။ အားကိုးရာ မရှိ။ လမ်းမပေါ် ဈေးတက်ရောင်းတော့ အထိုက်အလျောက် စားဝတ်နေရေး အဆင်ပြေသည်။ မိသားစု ထမင်းဝိုင်းလေး စိုပြည်သည်။ အိမ်က ကလေး ကျောင်းထားနိုင်သည်။ သည်ပလက်ဖောင်းလေးက သူတို့ဘ၀။ သူတို့ မျှော်လင့်ချက် .  .  .

လမ်းဘေး ဈေးသည်တွေကလည်း လမ်းဘေးဈေးသည် ပါပဲ။ သူတို့ စားဝတ်နေရေး အတွက် မဖြစ်မနေ ပလက်ဖောင်းပေါ်မှာ ဈေးတက်ရောင်းရသည်ဟု ဆိုသော်လည်း ပလက်ဖောင်းပေါ် လမ်းလျှောက်လို့ မရအောင် ပိတ်ဆို့ ရောင်းချတာကတော့ ခရီးသွားတွေ အတွက် ငြိုငြင်စရာ ဖြစ်လာသည်။ ၃၈ လမ်းထိပ်က သစ်သီးဆိုင်တချို့ ဆိုလျှင် ပလက်ဖောင်းပေါ် ကျော်ပြီး လမ်းမပေါ် ဗန်းခင်းထားသည်။ လမ်းထဲ ကားဝင်ဖို့ သူတို့ဈေးဗန်းကို ရှောင်တိမ်း မောင်းနှင်ရသည်။ လွစ္စလမ်း (ဆိပ်ကမ်းသာ လမ်း) ထိပ်မှာတော့ ညနေစောင်းပြီဆိုလျှင် မီးခွက်ဈေး ဆိုပြီး သားငါးပုစွန်တွေ လမ်းမပေါ် ချရောင်းနေတာ ညီစော်နံလွန်းလှသည်။ တချို့က ထင်းမီး တမြိုက်မြိုက်ဖြင့် ဆီကြော်အိုးကြီး လမ်းမပေါ်ချကာ အကြော် ကြော်ရောင်းနေသည်။

ယခု မြို့တော်ဝန်အသစ် တက်လာတော့ သည်ပြဿနာ ဖြေရှင်းသည့် အနေဖြင့် ညနေ ၃ နာရီ မတိုင်မီ ပလက်ဖောင်းပေါ် ဈေးမရောင်းရဟု အမိန့် ထုတ်လိုက်သည်။ ကာလ အတန်ကြာအောင် သည်ပလက်ဖောင်းကို အမှီပြု၍ မိသားစု စားဝတ်နေရေး ဖြေရှင်းနေကြသော ဈေးသည်များဘက်မှ အသံ ထွက်လာသည်။ 'သူတို့ ဒုက္ခရောက်နေကြပြီ'၊ 'ဈေးမရောင်းရသဖြင့် စားဝတ်နေရေး ထိခိုက်ရသည်'ဟု အသံ ထွက်လာသည်။ သူတို့ဘက်က ကြည့်ပြန်တော့လည်း မမှား။ သူတို့၏ စီးပွားရေး အသိုက်အမြုံကလေးကို ဖျက်ဆီးပစ်လိုက်သည်နှင့် တူ၏။ ပလက်ဖောင်းများ ပေါ်မှာတော့ အတော့်ကို ရှင်းသွားသည်။ အေးအေးလူလူ လမ်းလျှောက်လို့ ရသွားသည်။

စည်ပင်ဝန်ထမ်းတွေကတော့ ညနေ  ၃ နာရီ မထိုးမချင်း ပလက်ဖောင်းများပေါ်မှာ ဟိုတစ်စုသည်တစ်စု စောင့်ကြပ်နေကြရသည်။ ဈေးသည်တွေကတော့ အနော်ရထာ၊ ဗန္ဓုလ၊ ဗိုလ်ချုပ်လမ်းမပေါ် ဈေးတက်မရောင်းရသဖြင့် လမ်းကြားတွေထဲမှာ ဖြစ်သလို ကပ်ရပ်ပြီး နေကြတာ တွေ့ရသည်။ ညနေ ၃ နာရီထိုးမှ အဓိက ပလက်ဖောင်းပေါ် သူတို့ ပြန်တက်လာပြီး ဈေးရောင်းကြမည်။ ယခု လောလောဆယ်မှာတော့ လမ်းလျှောက် မကောင်းသော ခနော်နီခနော်နဲ့ ပလက်ဖောင်း ကျောက်ပြားတွေကို ခွာပြီး အသစ် ပြန်ခင်းဖို့ လုပ်နေတာတွေ တွေ့ရသည်။ ပလက်ဖောင်း ကျောက်ပြားတွေကလည်း ခေတ်အဆက်ဆက် ခင်းခဲ့ကြပြီးသား။ သေသေချာချာ ခင်းထားသော ပလက်ဖောင်းက မြေအောက်ဓာတ်ကြိုး ပေါက်လျှင်သော် လည်းကောင်း၊ ရေပိုက် ပေါက်လျှင်သော် လည်းကောင်း တူးဆွခံရပြီး စနစ်တကျ ပြန်မခင်းဘဲ သည်အတိုင်း ပစ်ထားကြသော အခါ နဂိုအတိုင်း ခနော်နီခနော်နဲ့ ပြန်ဖြစ်သွားကြတာများသည်။

ရန်ကုန်မြို့လယ်၊ ပလက်ဖောင်း ဈေးသည် ပြဿနာက သည်ပုံစံအတိုင်း ပြေလည်သွားဖို့က မလွယ်ကူလှ။ စည်ပင် ၀န်ထမ်းတွေက ဟိုတစ်ဖွဲ့၊ သည်တစ်ဖွဲ့နှင့် အချိန်ပေးပြီး ဘယ်လောက် စောင့်ကြည့်နိုင်မည်လဲ။ စောင့်ကြည့်နေသူ မရှိလျှင် သည်ဈေးသည်တွေက ပလက်ဖောင်းပေါ် ပြန်ရောက်လာကြဦးမှာပင်။ သည်ပြဿနာ ဖြေရှင်းဖို့ လမ်းဘေး ဈေးသည်တွေကို လဟာပြင်ဈေးလို နေရာမျိုးမှာ နေရာချပေးမည်ဟု ကြားရသည်။ ထွက်လာသောအသံက 'လဟာပြင်ဈေး'လို နေရာမျိုးးမှာ သူတို့ မရောင်းချကြတဲ့။ သိမ်ဖြူ မီးရထားဝင်းထဲက 'ချမ်းမြေ့'ဈေးမှာ နေရာချပေးထားတာ ဈေးသည် တစ်ရာကျော် အနက် နှစ်ဆယ်လောက်ပဲ ကျန်သည်တဲ့။ သည်ဈေးသည်တွေက သူတို့ နဂိုအတိုင်း ရောင်းချသည့် ပလက်ဖောင်းပေါ်ကိုပဲ ပြန်သွားချင်နေကြသည်။ သည်တော့ ပလက်ဖောင်းဈေးသည် ပြဿနာက ဂျာအေး သူ့အမေ ရိုက်နေသည်။

ဂျာနယ် တစ်စောင်ထဲမှာတော့ ဆောင်းပါးရှင် တစ်ဦးက ပလက်ဖောင်းဈေးသည် ပြဿနာကို သီးသန့် ဇုန်တစ်ခု သတ်မှတ်ပြီး အရင် ပြုလုပ်စေလိုသည်ဟု အကြံပြုထားသည်။ ယခုလို မြို့နယ်အားလုံး မဟုတ်ဘဲ စံပြမြို့နယ်တစ်ခု သတ်မှတ်ကာ စည်းကမ်းချက်ကို စံပြုမြို့နယ် တစ်ခု အတွက်ပဲ ကနဦး ထားရှိပြီး ဆောင်ရွက်စေလိုသည်ဟု အကြံပြုထားသည်။ စံပြမြို့နယ်မှာ လမ်းဘေးဈေးသည်တွေ ရှင်းလင်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း အစစအရာရာ တိုးတက်မှု ရှိလာမှ နောက်ထပ် မြို့နယ် တချို့ကို ထပ်မံ တိုးချဲ့ဖို့ တိုက်တွန်းထားသည်။ သည်အကြံပြုချက်ကလည်း စဉ်းစားစရာ ကောင်းပါသည်။

တစ်ခုကောင်းလျှင်၊ တစ်ခုမကောင်း ဆိုသလို ပလက်ဖောင်းပေါ် ဈေးရောင်းနေကြသူတို့၏ စားဝတ်နေရေး ပြဿနာ။ သူတို့အတွက် စားဝတ်နေရေး အခက်ကြုံရပြီ။ လူမှု ဒုက္ခတွေနှင့် ရင်ဆိုင်ကြရပြီ။ သည်ပြဿနာကို ဘယ်လို ရှင်းမည်လဲ။

အလုံးစုံကို အနှစ်ချုပ်ရလျှင် အရာအားလုံးသည် 'ဆင်းရဲခြင်းမှ အစပြုခဲ့သည်'ဟုပဲ ဆိုရမည်။ ဆင်းရဲကြသည်။ အလုပ်အကိုင် မရှိ။ မျှော်လင့်ချက် မရှိ။ အားကိုးရာ မရှိ။ လမ်းမပေါ် ဈေးတက်ရောင်းတော့ အထိုက်အလျှောက် စားဝတ်နေရေး အဆင်ပြေသည်။ မိသားစု ထမင်းဝိုင်းလေး စိုပြည်သည်။ အိမ်က ကလေး ကျောင်းထားနိုင်သည်။ သည်ပလက်ဖောင်းလေးက သူတို့ဘ၀။ သူတို့ မျှော်လင့်ချက်။

ဆင်းရဲခြင်းက လူတို့ကို Desperate ဖြစ်စေသည်။ မျှော်လင့်ချက် ကုန်ဆုံးခြင်း၏ နောက်ကွယ်တွင် အကျင့်သီလ၊ စာရိတ္တတို့ ချွတ်ယွင်း တိမ်းပါးလာသည်။ စည်းကမ်းလိုက်နာမှု မရှိကြတော့။ ပရမ်းပတာ အသွင် ဆောင်လာသည်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား ကိုယ်ချင်းစာတရား ခေါင်းပါးလာသည်။ ကျွန်တော်တို့၏ ပရမ်းပတာ ဖြစ်နေသော လူ့အဖွဲ့အစည်း၏ အရင်းခံမှာ ''ဆင်းရဲခြင်း''မှ အစပြုခဲ့သည်။ လောင်းကစား ပပျောက်ရေး စီမံချက်တွေ ချသည်။ နှစ်လုံး၊ သုံးလုံး၊ တစ်လုံးမှ အစ လောင်းကစား မှန်သမျှ အရေးယူသည်။ ဟိုအရင်တုန်းကလည်း သည်လိုပဲ စီမံချက်တွေ ရှိခဲ့ဖူးသည်။ ချခဲ့ဖူးသည်။

နောက်တော့လည်း ပလက်ဖောင်းဈေးသည်တွေလိုပဲ လမ်းမပေါ် ပြန်ရောက်လာသည်။ ပြန်ခေါင်းထောင်လာသည်။ ပြဿနာ တစ်ခုရဲ့ 'ရင်းမြစ်'ကို သိမှ အဖြေမှန်ကို ရှာလို့ရမည်။ ရင်းမြစ်က 'ဆင်းရဲခြင်း'။

လူအများစု ဆင်းရဲနေခြင်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းသည်သာလျှင် ပြဿနာ အားလုံး၏ တစ်ခုတည်းသော 'အဖြေ'ဟု ဆိုချင်ပါသည်။

No comments: