ကျွန်တော်ဟာ လူမိုက်တစ်ဦး ဖြစ်ခဲ့ဘူးပါတယ်။ လူမိုက်လို့ ဆိုလိုက်တော့ လမ်းပေါ်မှာ တေလေဆိုးသွမ်းနေတာမျိုး၊ မိဘက ပြောဆိုမရလို့ လွှတ်ထားရတာမျိုးတော့မဟုတ်ပါဘူး။ ကျွန်တော်မိုက်နည်းက တစ်မျိုးပါ။ ကျမ်းစာကရေးထားတဲ့ ”ဘုရားမရှိဟု မိုက်သောသူသည်ထင်၏” ဆိုတဲ့ လူမိုက်မျိုးပါ။ ပြောရမယ်ဆိုရင်ဖြင့် မွေးချင်းသုံးယောက်ထဲမှာ ကျွန်တော်တစ်ယောက်တည်းသာလျင် စွန်းထွက်ပြီး ဘုရားရှိတာကိုမယုံကြည်တဲ့သူပါ။ ကျန်တဲ့ မွေးချင်းများဖြစ်တဲ့ အမများကတော့ ယုံကြည်သူများပါ။ ငယ်စဉ်ကတည်းက ကျွန်တော်ဟာ တွေးခေါ်စဉ်းစားတတ်ပြီး အရာရာကို လက်တွေ့ကျကျ စူးစမ်းတတ်တဲ့ လူဖြစ်တာကြောင့် အမများရဲ့ ယုံကြည်မှုကို အထင်သေးတတ်ပါတယ်။ စဉ်စားဥာဏ်မရှိလို့၊ အတွေးအခေါ်တွေက တိမ်လို့၊ မိုက်ရူးရဲ မျက်လုံးစုံမှိတ် ယုံကြည်နေတယ်လို့ ထင်မှတ်ခဲ့ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုကို အထင်သေးတာတင် မဟုတ်ခဲ့ပါဘူး။ သူတို့ကိုးကွယ်တဲ့ ဘုရားကိုလည်း ပျက်ရယ်ပြုစော်ကားခဲ့ဘူးပါတယ်။ မထေမဲ့မြင်လည်းပြုခဲ့ဘူးပါတယ်။ စာတန်အသေးစားလေး တစ်ယောက်လိုပါပဲ။ ကျွန်တော်ဟာ အမများကို ပုံစံမျိုးစုံနဲ့ စည်းရုံးပြီး ယုံကြည်သူတွေရဲ့ စည်းဝိုင်းထဲက အပြင်ကိုထွက်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားအကောင်အထည်ဖော်ခဲ့ပါတယ်။ ဘုရားကိုဘယ်သူဖန်ဆင်းသလဲ စတဲ့ မေးခွန်းမျိုးတွေနဲ့ အထက်စည်းကနေ မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ကျေးဇူးတော်ကြောင့်ပါပဲ ကျွန်တော်ဟာ ဘုရားရဲ့ မဆုတ်မနစ် ဆွဲခေါ်မှုကြောင့် အမိုက်မှောင်ထဲကနေ ထွက်ပြီး ဘုရားရဲ့ ရင်ခွင်ထဲ ပြန်ရောက်ခဲ့ပါပြီ။ နောင်တလို့ခေါ်တဲ့ အသိတရားပြန်လည် လာချိန်မှာတော့ ကျွန်တော်ဟာ ဘုရားပေါ်မှာ အပြစ်ကြွေးတွေ အတော်ကိုတင်နေခဲ့ပါပြီ။ အပြစ်တွေ တစ်ပုံတစ်ပင်နဲ့ ဘုရားဆီမှာ ဒူးထောက်ပြီး တိုးလျိုးတောင်ပန်ခဲ့ပါတယ်။ ဆရာတစ်ပါးရဲ့ အကူအညီနဲ့ နှစ်ခြင်းကိုလည်း ခံခဲ့ပါတယ်။ နှစ်ခြင်းခံတဲ့ နေ့တုန်းက ကျွန်တော်ရဲ့ ဦးလေးတော်စပ်တဲ့ ယုံကြည်သူလည်းဖြစ်တဲ့ သူက ကျွန်တော်နားကပ်လာပြီး
” မင်းလုပ်ချင်တာ လုပ်ခဲ့ပြီး ရေထဲနှစ်လိုက်တာနဲ့ လွတ်မယ်ထင်သလား”
ဆိုပြီး အတည်လိုလို၊ နောက်သလိုလို ပြောတော့ ကျွန်တော် အတော် အံ့အားသင့်သွားပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ အဲဒီအချိန်တုန်းက အပြစ်လွှတ်ခြင်း အခွင့်ကို ရရှိတယ်လို့ စိတ်နဲ့ ခံစား သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဦးလေးဖြစ်သူကို ဘယ်လို နူတ်နဲ့တုန့်ပြန်ဖို့ စဉ်းစားမရခဲ့ပါဘူး။ အခုနေများ ဦးလေးဖြစ်သူကို ပြန်ပြောခွင့်ရမယ်ဆိုရင်တော့
”ဦးလေး.. ဘုရားရဲ့ Grace ဆိုတဲ့ အရာကို သဘောမပေါက်သေးဘူးပဲ။ ” လို့ ပြန်ပြောကောင်း ပြောမိမှာ ဖြစ်ပါတယ်။
တစ်ခါတုန်းက ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲမှာ ခရစ်ယာန်ဘာသာမှာ တခြားဘာသာနဲ့ မတူတဲ့ ထူးခြားတဲ့ ၀ိ သေသဟာ ဘာဖြစ်နိုင်မလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။ ဘုရားက လူ့ဇာတိခံယူတဲ့ ၀င်စားခြင်းသဘော (incarnation)ဟာတော့ဖြင့် ခရစ်ယာန်ဘာသာရဲ့ ထူးခြားချက် ဖြစ်တယ်လို့ လူတစ်ယောက်က အဆိုပြု တင်ပြတယ်။ ဒီလိုတင်ပြတော့ ကျန်တဲ့သူများက ဒီလို incarnation သဘောဟာ ခရစ်ယာန်ဘာသာမှာတင် ရှိတာမဟုတ်ပါဘူး။ အခြားဘာသာများမှာလည်း ၀င်စားခြင်း သဘောတရား လေးတွေ ရှိပါတယ်။ ဒါကြောင့် ခရစ်ယာန်ရဲ့ ထူးခြားတဲ့ ၀ိသေသ မဖြစ်နိုင်ပါဘူး လို့ သုံးသပ်ကြ ပြန်ပါတယ်။ ဒါဖြင့်ရင် ဘယ်အရာကများ ခရစ်ယာန်ဘာသာမှာ ထူးထူးခြားခြား ရှိနေတဲ့ ၀ိသေသလက်က္ခဏာ ဖြစ်ပါလိမ့်မလဲလို့ အစည်းအဝေးကလူတွေ ဆွေးနွေးကြပေမယ့်လည်း အားလုံးသဘောတူတဲ့ အဖြေကို မရခဲ့ပါဘူး။ အဲဒီအချိန်မှာ ဆရာကြီး C.S Lewis ဟာ အစည်းအဝေးခန်းထဲကို ရောက်လာပါတယ်။ ဆရာကြီးကို လူတွေက အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းတော့ ဆရာကြီးက ”ဒါများဗျာ။ လွယ်ပါတယ်။ Grace ပါပဲ” လို့ ဆိုပါတယ်။
ဆရာကြီး ပြောတဲ့ စကားဟာ သွေးထွက်အောင်ကို မှန်ပါတယ်။ Grace ရဲ့ သဘောတရားကို အခြားသော ဘာသာရပ်များမှာ တွေ့ဖို့ရန်ခဲယာဉ်းပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတိစိတ်ဟာ Grace သဘောတရားကို လက်ခံဖို့ရန် ခဲယဉ်းကြောင်း ခရစ်တော်ဟာ ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒါကြောင့်မလို့လဲပဲ Grace ရဲ့ သဘောကို ခပ်နာနာနဲ့ သဘောပေါက်အောင်ပြောခဲ့ပါတယ်။ ဒီလောကကြီးမှာ ဘုရားရဲ့ Grace သဘောကို တွေ့နိုင်တဲ့ အကြောင်းကို ပြောခဲ့တယ်။ ကောင်းသူအပေါ်ဖြစ်စေ၊ ဆိုးသူအပေါ်ဖြစ်စေ နေမင်းကြီးက သာမြဲသာနေတဲ့ အကြောင်း၊ ငှက်များဟာ စိုက်ပျိုးစရာ၊ရိတ်သိမ်းစရာမလိုပဲ သီးနှံအစားအစာများကို စားနိုင်တဲ့ အကြောင်း၊ တောရိုင်းပန်းများဟာ ပြုစုပျိုးထောင်စရာမလိုပဲ ကျောက်ခဲတွေထူပြောတဲ့ နေရာမှာတောင် ပွင့်နိုင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ခရစ်တော်က Grace ဆိုတဲ့ စကားလုံးကို ထုတ်ဖော်သုံးစွဲပြောဆိုခဲ့ခြင်းမရှိပေမဲ့လည်း Grace ရဲ့  သဘောတရားတွေကို စကားပုံများအားဖြင့်တော့ နားလည်အောင်ရှင်းပြခဲ့ပါတယ်။ ပျောက်သောသိုး၊ ပျောက်သောဒင်္ဂါး၊ ပျောက်သောသား စတဲ့ စကားပုံများမှာ ဒီသဘောတရားကို ထင်ထင်ရှားရှား တွေ့နိုင်မှာ ဖြစ်ပါတယ်။ ကရုဏာတော်၊ မေတ္တာတော်၊ကျေးဇူးတော်၊ခွင့်လွှတ်ခြင်း သဘောတွေ စုပေါင်းပါဝင်တဲ့ ဒီGrace ဆိုတဲ့ စကားလုံးလေးရဲ့ သဘောတရားကို အဲဒီစကားပုံလေးတွေမှာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ကြမှာဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ Grace သဘောတရားကို ကျွန်တော့်အနေနဲ့လည်း ဂေါ်မာ၊ ကိုထူးဆန်းနဲ့ ပန်းချီကားတစ်ချပ်၊ ဒမာသက်သို့ သွားရာလမ်း တွေမှာ ဖော်ပြခဲ့ဘူးပါတယ်။ အခုလည်းပဲ ဖတ်ရှု့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် ခေတ်သစ် ဇတ်လမ်းလေးတစ်ပုဒ်ကို တင်ပြလိုက်ပါတယ်။
No comments:
Post a Comment