ကောင်မလေးက အသက် ၈ နှစ်ခန့်သာ ရှိဦးမည်။ မဲဆောက်ဈေးထဲ ၀ယ်သူတွေရဲ့ လက်ကို အတင်းတို့ကာ ကုတ်ကာနှင့် ပါးစပ်မှလည်း တတွတ်တွတ်တောင်းပန်နေပြီး ပိုက်ဆံမရမချင်းအနားမှ မခွာတော့…။
ဈေးအနီးတ၀ိုက်မှာလည်း သူ့လို အလားတူပုံစံမျိုးတွေ။ ကလေးလေးများ၊ ဒုက္ခိတ လူလတ်ပိုင်းများ၊ မျက်မမြင် အမယ်ကြီးများ၊ ခြေထောက်မရှိတော့သည့် အဖိုးအို၊ ယောဂီဝတ်စုံနှင့် အမျိုးသမီး။ သူတို့အားလုံး တောင်းရမ်းသည့် အလုပ်ကို သဲကြီးမဲကြီး လုပ်ကိုင်နေပါသည်။ ဈေးသွားဈေးလာ တွေကလည်း သူတို့ကို မနည်းဖြတ်ကျော်သွားနေရသည်။
ရုတ်တရက် သူက ကျမ အနားရောက်လာပြီး ပိုက်ဆံတောင်းပါတော့သည်။ ပိုက်ဆံအိတ်ထဲ လက်နှိုက်ပြီးမှ၊ ပိုက်ဆံပေးမည့်အစား မုန့်ဝယ်ကျွေးလိုက်မည်ဟု စိတ်ကူးတမျိုး ပေါက်သွားသည်။
"သမီး မုန့်စားပါလား… မမ ၀ယ်ကျွေးမယ်လေ" ဟု ပြောတော့၊ ကလေးမလေးက ခေါင်းရမ်းသည်။
"ထမင်းစားမလား… ထမင်းမဆာဘူးလား" မေးတော့ ခေါင်းရမ်းပြသည်။
ခုမှ သေချာကြည့်မိပါသည်။ ညစ်ပေနေသည့် ဂါဝန်စုတ်လေးကို ၀တ်ထားသော်လည်း သူ့မျက်နှာလေးမှာ ပကတိ အပြစ်ကင်းစင်နေသည်။ ရိုးပုံကပေါ်နေသည်။ သို့သော် ပိုက်ဆံမရမချင်း ကျမ အနားက ခွာမည့်ပုံ မပေါ်…။
"သမီး ကျောင်းမနေဘူးလား" ဟု ကျမက မနေနိုင်ဘဲ စပ်စုတော့..၊ ဖြေရန် တွန့်ဆုတ်နေပြီးမှ.. "နေတော့ဘူး" တဲ့။
"ကျောင်းရော နေဖူးရဲ့လား"
တွန့်ဆုတ်ဆုတ်နှင့်… "ရွာမှာ ၂ တန်းနေဖူးတယ်" ဟု တုံးတိတိ ဖြေသည်။
"ကျောင်းမနေချင်ဘူးလား"
"မနေချင်ပါဘူး"
"ဘာလို့လဲ" ခေါင်းရမ်း ပြပြန်သည်။
"အရင် ကျောင်းနေတုန်းက ကျောင်းမှာပျော်လား"
"ပျော်တယ်"
"အခု ကျောင်းထားပေးရင် နေမလား"
"မနေဖူး… ပိုက်ဆံပဲတောင်းမယ်"
"တောင်းလို့ရတဲ့ ပိုက်ဆံတွေ ဘာလုပ်လဲ"
"အမေကိုပေးတယ်"
"အမေကဘာလုပ်လဲ"
"အမေက ကလေးမွေးတယ်၊ ဖဲရိုက်တယ်"
"သမီး အဖေကကော"
"အမေနဲ့ ကွဲသွားပြီ"
"သမီးတယောက်ထဲ ဒီဈေးကို လာတာလား"
"မဟုတ်ဘူး… အမရှိတယ်၊ အမက ဟိုဖက်ဆိုင်မှာ တောင်းနေတယ်"
"ဒါဖြင့် ခု မုန့်လဲမစားချင်ဘူး၊ ကျောင်းလည်း မနေချင်ဘူးဆိုတော့..၊ ပိုက်ဆံပဲ တောင်းချင်တာလား"
ခေါင်းငြိမ့်ပြီးတော့…
"ဟုတ်၊ ခု အမေကို ပေးဖို့ ပိုက်ဆံပဲ ရချင်တာ"
ကျမ ပိုက်ဆံ ၅ ဘတ် ထုတ်ပေးလိုက်တော့မှ သူကလေး ထွက်သွားပါသည်။
ဒါနဲ့ ကျမ ၀ယ်နေတဲ့ အသုပ်ဆိုင်မှ ဦးလေးကြီးက ဆက်ပြောပါတော့သည်။
"အဲဒါပဲ တူမရေ…၊ ဟိုးဖက်က ခြေထောက်ပြတ်နေတဲ့ သူတောင်းစားဆိုရင်… ကားတာယာကွင်းကြီး စွပ်ပြီး ဖင်တရွတ်ဆွဲလာတဲ့လူကြီးလေ…၊ သူတောင်းတာ တစ်ရက်ကို ဘတ်ငွေ သုံးထောင်လောက် ရတယ်…" ဟု ပြောတော့ ကျမ အံ့ဩသွားသည်။
ဘတ်ငွေ သုံးထောင်ဆိုတာ အားပါးပါး နည်းမှမနည်းတာကော…၊ သူတောင်းစား တစ်နေ့ဝင်ငွေက ဘတ် သုံးထောင်တဲပလား၊ ကိုယ့်နားတောင် ကိုယ်မယုံ..။
"ဦးလေး… တကယ်ပြောတာလား"
"တကယ်… တကယ်… ဦးလေးက ဒီဖက်မှာ ရောင်းမကောင်းလို့ ကမ်းနားသွားရောင်းရင်း တွေ့ခဲ့တာ…
ဒီလူက မိန်းမ နှစ်ယောက်ယူထားတယ်…။ ဒီ မဲဆောက်ဈေးကနေ ဟိုဘက် မြ၀တီဘက်ကမ်း ပြန်ရင် ခြေထောက်အတု ပြန်စွပ်လို့… ရွှေဆွဲကြိုးနဲ့… သူ့မိန်းမတွေကလည်း လက်ကောက်တွေနဲ့…"
“တချို့ကလေးလေးတွေဆိုရင် သူတို့အမေတွေ အရက်သောက်ဖို့ ဖဲရိုက်ဖို့ ပိုက်ဆံ လာတောင်းနေကြတာပေါ့…"
"ဟိုမှာ တရွေ့ရွေ့နဲ့ လာနေတဲ့ မျက်မမြင်အဖွားကြီးကတော့ မျက်စိ တကယ်ပျက်နေတာ… သူ့အကြောင်းတော့ ဦးလေး မသိလို့၊ သူတောင်းစား အစစ်လားအတုလား မပြောနိုင်ဖူး…"
သူပြောတာ ဖြစ်နိုင်ပါသည်။ အသုပ်သည်က သူတောင်းစားကို မနာလို၍ မကောင်းသတင်း ပြောမည့် ဖြစ်နိုင်ချေ အလွန်နည်းပါသည်။
ကျမ အမေကလည်း သူ့အတွေ့အကြုံ ပြောဖူးပါသည်။
"သမီးရယ်… တောင်းစားတဲ့ ကလေးချင်းချင်းတောင် ဘယ်လိုပြောသလဲဆို… အမ အမတဲ့… ဟိုကောင်မလေးကို ပိုက်ဆံမပေးနဲ့ ကျနော့်ကိုပေးတဲ့… ဘာလို့လဲဆို အဲ့ကောင်မလေး အိမ်မှာ ရွှေတွေနဲ့တဲ့…"
မိခင်က မိခင်စိတ်မရှိတော့ဘဲ ကလေးတွေကို တောင်းခိုင်းနေသည့် ကိစ္စ၊ ကလေးတွေက ငွေသာလျှင် တန်ဖိုးရှိသည် ထင်သည့်ကိစ္စ၊ တောင်းရမ်းခြင်းက အိမ်ထောင့်စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာသည့်ကိစ္စတွေကို မြန်မာပြည်သားတိုင်းက တတ်နိုင်သမျှ ပပျောက်သွားအောင် ၀ိုင်းဝန်းဖြေရှင်းကြရတော့မည် ဖြစ်သည်။
တောင်းရမ်းစားသောက်သော ကိစ္စသည် အစိုးရ၊ လူမှုပတ်ဝန်းကျင် အစရှိသည်တို့က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု အားနည်းခြင်းနှင့်၊ လူ့တန်ဖိုးဆိုသော အသိတရားကို ပညာပေးမှု အားနည်းခြင်းတို့ကြောင့်သာ ဖြစ်သည်ဟု ထင်မိပါသည်။
ထိုင်းနိုင်ငံတွင် ဘုရင့်မိသားစုနှင့် အစိုးရက ဒုက္ခိတများအား တရားဝင် အစိုးရထီရောင်းခွင့် လိုင်စင်များ ပေးထားသည်။ လခပေးထားသည်။ ရောင်းရငွေထဲမှ ပြန်၍ ချီးမြှင့်သည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ အလုပ်အကိုင်များရှိလျှင်၊ အသိပညာများကို စနစ်တကျပေးနိုင်လျှင် ယခုပြသနာများကို အနည်းနဲ့အများ ဖြေရှင်းနိုင်မည် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ အနာဂတ် မြန်မာပြည်နှင့် မြန်မာလူမျိုးများတွင် ပရောဖက်ရှင်နယ် ကျကျ နည်းမျိုးစုံ တောင်းရမ်းစားသောက်သူများ ပိုမိုများပြားလာပါက လူသားရဲ့ အသိဥာဏ်နှင့်တန်ဖိုး၊ လူ့ဂုဏ်ဒြပ်နှင့် အမျိုးဂုဏ်သိက္ခာ ဆိုသည်မှာ ဘယ်မှာ ရှိပါတော့မလဲ။ လူတွေက တိရိစ္ဆာန်တွေလို အစာစားရဖို့ တောင်းစားရသည့် အဆင့်ဆိုလျှင်၊ တိုင်းပြည်နှင့် လူမျိုးမျက်နှာ ဘယ်လို ပြကြရပါ့မလဲ။ မဲဆေက်ဈေးထဲက အဖြစ်မျိုးတွေ တစ်တိုင်းပြည်လုံး မပျံ့နှံပါစေနှင့်ဟုသာ ကျမ ဆုတောင်းနေမိသည်။
ချောအိနွယ်

No comments:
Post a Comment