Friday, July 22, 2011

လူသားများအတွက် Grace (နောက်ဆုံးအပိုင်း )

တစ်ခါကလည်း ရှေးဟောင်းသုတေသန ပညာရှင်များဟာ ရောမတွေရဲ့ အထူးရေချိုးအဆောက်အဦ (Roman Bath) တစ်ခုကို တူးဖော်ရင်းနဲ့ ကျိန်စာတွေရေးထားတဲ့ ကြေးနီသတ္တုပြားများကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ်။ ရောမတွေဟာ ရေချိုးရင်းနဲ့ အဲဒီ ကျိန်စာတွေ ရေးထားတဲ့ ကြေးပြားတွေကို စက္ကူလို လိပ်ပြီး ရေပန်းထဲကို ပစ်လိုက်ပါတယ်။ ပြီးတော့မှ သက်ဆိုင်ရာ နတ်ဘုရားများကို တိုင်တည်ပြီး ကျိန်ဆိုကြတယ်။ အခုခေတ်မှာ ကျွန်တော်တို့ ငွေအကြွေစေ့တွေကို ရေပန်းထဲ ပစ်ထည့်ပြီး ဆုတောင်းကြသလိုမျိုးပါပဲ။

ကြေးပြားတစ်ခုမှာဆိုရင် သူ့ရဲ့ ဒင်္ဂါးပြား ၆ ပြားကို ခိုးယူတဲ့ သူခိုးကို နတ်ဘုရားများက ကူညီလက်စားချေပေးဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။ နောက်ကြေးပြားတစ်ခုမှာတော့ ”ငါ့ရဲ့ လက်အိတ်နှစ်ခုပျောက်သွားတယ်။ ခိုးတဲ့ သူခိုးဟာ ရူးသွပ်ပါစေ။ မျက်စိကန်းပါစေ။” လို့ ကျိန်ဆိုထားတာကို တွေ့ရပါတယ်။ ဒါဟာ လူ့သဘာဝဖြစ်တဲ့ လက်စားချေလိုခြင်း၊ ခွင့်မလွှတ်နိုင်ခြင်း ဖြစ်တဲ့ ungrace ရဲ့ သဘောတရားတွေပါ။

နိုဘယ်ဆုရှင် တစ်ယောက်ရေးထားတဲ့ ”Love in the time of Cholera” ဆိုတဲ့ ၀တ္တုမှာ ဆပ်ပြာတစ်တောင့်ကြောင့် ပြိုကွဲသွားခဲ့ရတဲ့ အိမ်ထောင်တစ်ခုအကြောင်းကို ဖော်ပြထားပါတယ်။ ဇနီးသည်က အိမ်ထောင်ရဲ့တာဝန်ကို အပြည့်ယူထားပြီး လင်ယောက်ျားအတွက် ရေချိုးခန်းမှာ သုံးတဲ့ သဘက်၊ အိမ်သာသုံးစက္ကူ၊ဆပ်ပြာ စတဲ့ ပစ္စည်းများကို အမြဲအသင့်ဖြစ်နေအောင် ပြင်ဆင်ထားရပါတယ်။

ဒါပေမဲ့ တစ်နေ့မှာ ဆပ်ပြာအသစ်လဲဖို့ ဇနီးသည်က မေ့သွားပါတယ်။ ယောက်ျားက ရေချိုးတဲ့အခါ ဆပ်ပြာကို မတွေ့တော့ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ”ငါဆပ်ပြာနဲ့ ရေမချိုးရတာ တစ်ပတ်တောင် ရှိသွားပြီ” လို့ မဲ့ကာရွဲ့ကာနဲ့ ပြောပါတော့တယ်။ ဇနီးသည်ကလည်း သူ့အပြစ်ဖြစ်ပေမဲ့ မာနစိတ်ကြောင့် အလျော့လုံးဝမပေးပဲ ပြန်ပြီးငြင်းပါတယ်။ အဲဒီလိုဖြစ်ပြီးနောက်မှာတော့ ခုနှစ်လလုံးလုံး လင်မယားနှစ်ယောက် တစ်ကွဲတပြားစီ အိပ်ပြီး၊ ထမင်းစားတဲ့ အခါမှာလည်း မျက်နှာချင်းဆိုင်တာတောင်မှ စကားမပြောကြပါဘူး။ ဒါဟာ ungrace ရဲ့ သဘောတရားပါပဲ။

ကျွန်တော်ရဲ့ ဘ၀မှာလည်း ညီအစ်ကို နှစ်ယောက်ကို ကြုံဖူးပါတယ်။ ဒီညီအစ်နှစ်ယောက်ဟာ ငယ်စဉ်တုန်းက အတူတူကစားနေကြဖြစ်ပေမဲ့လည်း တစ်ခုသော ကစားပွဲမှာ ငြင်းခုန်ရန်ဖြစ်ခဲ့ကြပါတယ်။ အဲဒီလို ရန်ဖြစ်ရင်းနဲ့ မခံမရပ်နိုင် ဖြစ်လာပြီး ”မင်းကို ငါ့တစ်သက် စကားမပြောတော့ဘူးကွ” လို့ တစ်ယောက်ကို တစ်ယောက် ကျိန်ဆိုခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး တစ်အူတုံဆင်း ညီအစ်ကိုရင်းပင် ဖြစ်ပေမဲ့ အိမ်ထောင်ရက်သားများကျလို့ ကလေးတွေရတဲ့အထိ တစ်ယောက်ကို တစ်ယောက် စကားမပြောကြပါဘူး။ မဖြစ်မနေလိုအပ်လို့ ပြောဆို ဆက်ဆံရမယ်ဆိုရင် ကျွန်တော့်လို လူတစ်ယောက်ကို ကြားခံအနေနဲ့ ခေါ်ပြီး ကြားခံလူကနေတဆင့် ပြောကြပါတယ်။ အာဃာတတရား ကြီးမားတာကြောင့် ခွင့်မလွှတ်နိုင်ကြခြင်းပဲ ဖြစ်ပါတယ်။ လူတွေရဲ့ ungrace သဘောဟာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့အကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

တခါကလည်း Mary Karr ဆိုတဲ့ စာရေးဆရာမတစ်ဦးဟာ သူ့ရဲ့ memoir မှတ်တမ်းများမှာ တက္ကဆက် ပြည်နယ်က ဦးလေးတစ်ယောက်အကြောင်းကို မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီဦးလေးဟာ အနှစ်လေးဆယ် လုံးလုံး သူ့မယားနဲ့ စကားမပြောပါဘူး။ ဒီလို မပြောရတဲ့ အကြောင်းရင်းက သကြားဝယ်တာမှာ လိုတာထက် ပိုပြီး ၀ယ်ခဲ့လို့ ဆူငေါက်ရန်ဖြစ်ကြရင်းက စခဲ့တာပါပဲ။ တစ်နေ့မှာတော့ ဦးလေးက သစ်ဖြတ်တဲ့လွှကို ယူပြီး သူတို့လင်မယားနေတဲ့အိမ်ကို တစ်ဝက်တိတိဖြတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အိမ်တစ်ခြမ်းကို ပျဉ်ပြားတွေနဲ့ ရိုက်ကာပြီးတဲ့အခါ ထင်းရှုးတောထဲကို သယ်ဆောင်သွားပါတယ်။ အဲဒီအချိန်ကစပြီး ဦးလေးတို့လင်မယားဟာ ဘ၀တစ်လျောက်လုံး အိမ်တခြမ်းစီမှာ သီးခြားနေရင်း ဘ၀ကို အထီးကျန်စွာ ကုန်းဆုံးစေခဲ့ပါတယ်။ အလားတူ အဖြစ်အပျက်ကလေး တစ်ခုကိုလည်း ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာ တွေ့ရလို့ အောက်မှာ ဗီဒီယိုအဖြစ် ဖော်ပြလိုက်ပါတယ်။

ခွင့်လွှတ်ခြင်းမရှိတဲ့ လူသားတွေရဲ့ Ungrace သဘောဟာ ဘယ်လောက်များ ခါးသီးလိုက်ပါသလဲ။ ခွင့်လွှတ်ခြင်း Grace ကတော့ ခါးသီးမှုတွေထဲက ကျွန်တော်တို့ကို ထွက်ပေါက်ပေးပါတယ်။ ခွင့်လွှတ်ခြင်းဟာ တရားမျှတတာ၊ မမျှတတာနဲ့ မဆိုင်ပါဘူး။ တရားမျှတသည်ဖြစ်စေ၊ မမျှတသည်ဖြစ်စေ ခွင့်လွှတ်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ ပျက်စီးသွားတဲ့ ဆက်ဆံရေးဟာ ပြန်ကောင်းလာပါတယ်။ တစ်ကနေ ပြန်စလို့ရပါတယ်။ လူတွေဟာ တိရိစ္ဆာန်များထက် သာရခြင်းဟာ ခွင့်လွှတ်နိုင်တဲ့ Grace သဘောကို ပိုင်ဆိုင်နိုင်လို့ပါပဲ။ လူတွေရဲ့ စဉ်းစားနိုင်ခြင်းစွမ်းအားမဟုတ်ပဲ လူတွေရဲ့ နောင်တရခြင်း နဲ့ ခွင့်လွှတ်ခြင်း အရည်အသွေးတွေဟာ လူနဲ့ တိရိစ္ဆာန်ကို မတူစေတဲ့ အချက်ဖြစ်ပါတယ်။
 ခွင့်လွှတ်လိုက်ခြင်းအားဖြင့် ပထမဦးဆုံး ဒဏ်ရာသက်သာရာ ရတဲ့ သူကတော့ ခွင့်လွှတ်တဲ့သူ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခွင့်လွှတ်လိုက်တာနဲ့ လူတစ်ယောက်ကို အကျဉ်းထောင်ထဲကနေ လွှတ်ပေးလိုက်ပါတယ်။ အဲဒီလူကတော့ ခါးသီးမှု အကျဉ်းထောင်ထဲကနေ လွှတ်မြောက်သွားတဲ့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

 Grace ရှိမှ Grace ရမည်
 ဆရာတစ်ပါးဟောကြားသွားသလို ဘုရားသခင်ရဲ့ Grace ကို လိုချင်ရင် ကျွန်တော်တို့ကိုယ်တိုင်လည်း Grace သဘောကို ပိုင်ဆိုင်ကျင့်သုံးနိုင်မှ ရနိုင်ပါတယ်။ ခရစ်တော်ကိုယ်တိုင်ကလည်း ပုံဥပမာလေးနဲ့ ရှင်းပြခဲ့ပါတယ်။ မင်းတစ်ပါးဟာ သူ့ရဲ့ကျွန်တစ်ယောက်ရဲ့ အကြွေးကို သနားကရုဏာသက်ပြီး လျှော်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကျွန်ဟာ သူရဲ့ကျွန်ချင်းတစ်ယောက်ရဲ့ အကြွေးကိုတော့ဖြင့် မလျော်ပစ်ပဲ ထောင်ချပစ်ခဲ့ပါတယ်။ အဲဒီမှာ ဘုရင် ဖြစ်သူက စိတ်ဆိုးပြီး မင်းမှုထမ်းကို အကျဉ်းပြန်ချလိုက်ပါတယ်။ ခရစ်တော်ဟာ အဲဒီပုံကို ပုံပမာပြုပြီး အောက်ပါအချက်ကို လေးနက်စွာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
 ”လူတစ်ယောက်ဟာ ညီအစ်ကိုချင်း ခွင့်လွှတ်ခြင်း မရှိရင် အဲဒီလူကို ကောင်းကင်ဘုံက ခမည်းတော်က ခွင့်လွှတ်ခြင်း ရှိမှာ မဟုတ်ဘူး”
 ဆိုတာပါပဲ။ ကျွန်တော်တို့ ဆုတောင်းစည်းဝေးမှာ ရွတ်ဆိုနေကြ ပငှာနာတော်ရဲ့ အလယ်ခေါင်တည့်တည့်မှာ စာသားလေးတစ်ကြောင်း ရှိပါတယ်။

” သူတစ်ပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို ကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကိုလည်း လွှတ်တော်မူပါ။” ဆိုတဲ့ စာကြောင်းလေးပါ။ အဲဒီမှာ ”သကဲ့သို့” ဆိုတဲ့ စာလုံးလေးဟာ အရှေ့ ကစာကြောင်းနဲ့ အနောက်က စာကြောင်းကို ဆက်ပေးပါတယ်။ စကားဆက်အနေနဲ့ ပြောရရင်တော့ ကျွန်တော်တို့ဟာ သူတစ်ပါးရဲ့ အပြစ်ကို ခွင့်လွှတ်နိုင်မှသာ ကောင်းကင်ဘုံက အဖဟာ ကျွန်တော်တို့ကို ခွင့်လွှတ်မှာ ဖြစ်တယ်လို့ သက်ရောက်ပါတယ်။ တနည်းအားဖြင့်တော့ ခရစ်တော်ရဲ့ Grace ကို ခံစားချင်ရင် ကျွန်တော်တို့လည်း သူတစ်ပါးအပေါ်မှာ Grace ရှိရမှာ ဖြစ်ကြောင်းနဲ့ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။ အားလုံး အယောက်စီတိုင်း ဘုရားရဲ့ ကျေးဇူးတော်၊ မေတ္တာတော်၊နဲ့  ကရုဏာတော် (Grace)တို့ ကို ခံစားနိုင်ကြပါစေ။

နာမတော်မြတ်၌
 လှမင်းသူ

(Philip Yancey ၏ What's So Amazing About Grace ထဲမှာ ကောင်းနိုးရာရာများကို ထုတ်နူတ်ပြီး ဆောင်းပါးအဖြစ် တင်ပြအပ်ပါသည်)

No comments: