Sunday, July 24, 2011

ကျွန်ုပ်မအားပါဟု မဆိုပါနှင့် ....

အားလပ်ချိန် ဟူသောစကားကို ကျွန်ုပ်တို့ မည်သို့ အဓိပ္ပါယ်ဖေါ်ကြ မည်နည်း၊ ရုံးအားရက်၊ အလုပ်အားရက်၊ ခေတ္တအားလပ်ချိန်၊ စသဖြင့် အားလပ်ချိန်နှင့် ပတ်သက်၍ အမျိုးမျိုးရှိကြပေမည်။ စင်စစ်အားဖြင့် အားလပ်ချိန်ဟူသည် ကျွန်ုပ်တို့ အနားယူရန် (သို့မဟုတ်) နှစ်သက်ရာကိစ္စတစ်ခုခုကို ဆောင်ရွက်ရန် အပျင်းပြေခရီးပြုရန် စသည်ဖြင့် မိမိ၏ အဓိက အရေးတကြီးဆောင်ရွက်စရာ တာဝန်များမှ ခေတ္တခွဲခွာ၍ အချိန်အနည်းငယ် ရယူရသော အချိန်ဖြစ်ပါသည်။ ကမ္ဘာနှင့်အ၀ှမ်း နိုင်ငံတော်တော်များများမှာ ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် တစ်ပတ်တာအတွက် ပထမနေ့ရက်ဖြစ်သော ဥပုသ်နေ့ဖြစ်သည့် တနင်္ဂနွေနေ့ကို ရုံးအားလပ် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည် ဖြစ်ရကား တနင်္ဂနွေနေ့သည် မိသားစုများဆုံဆည်း၍ ပျော်ပွဲစားထွက် အပန်းဖြေ အနားယူရာနေ့ တစ်ရက်ဖြစ်၍ ပင်လယ်ကမ်းခြေများ၊ ပန်းခြံများ၊ အနားယူ အပန်းဖြေရာနေရာများတွင် လူစည်ကားနေတတ်ကြောင်း သိရှိရပါသည်။

"ကျွန်တော် အသင်းတော်အလုပ်တွေ အတွက် အချိန် မပေးနိုင်လို့ ကော်မတီက နှုတ်ထွက်တော့မယ်" "ဘုရားအလုပ်တော့ လုပ်ချင်ပါတယ်။ ဒါပေမဲ့ အားမှမအားတာ" "အေးဗျာ အားသလောက်တော့ အသင်းတော်အတွက် ၀ိုင်းလုပ်ကြတာပေါ့" " အားလပ်ချိန်မှာ မိသားစုအတွက် အချိန်ပေးရသေးတယ်ဗျာ" " အားရင်တော့ ဘာပြောစရာရှိသလဲဗျာ။ ခုဟာက အလုပ်မှ မအားတာ" စသည့် အကြောင်းပြချက်များကို ကျွန်တော်တို့ မကြာခဏ ကြားဖူးကြသလို ကိုယ်တိုင်ကလည်း ထိုစကားများဖြင့် ဆင်ခြေပေး ပြောတတ်လေ့ရှိပါသည်။ ယေဘုယျအားဖြင့် ကြည့်လျှင် မှန်သည်။ အကြောင်းပြချက်မှာလည်း ခိုင်မာပါသည်။ သို့ရာတွင် စဉ်းစားစရာ၊ တွေးတောစရာ၊ ဆင်ခြင်စရာ များစွာ ရှိနေကြောင်း၊ ကျွန်တော့အနေဖြင့် ပြောလိုပါသည်။ တင်ပြလိုပါသည်။

ကျွန်တော်တို့ လူသားများအတွက် ဘုရားသခင် ပေးအပ်ထားသော ကောင်းကြီးမင်္ဂလာများစွာအနက် "အချိန်" တည်းဟူုသော ကောင်းကြီးမင်္ဂလာသည် တန်ဖိုးအရှိဆုံး ဟုဆိုလျှင် မှားမည်မထင်ပါ။ ဘုရားသခင်ပေးသော အချိန်ကို တစ်စက္ကန့်၊ တစ်နာရီ၊ တစ်ရက်၊ တစ်နှစ် စသည်ဖြင့် လူတို့က သတ်မှတ်၍ ပိုင်းခြားကြပါသည်။ ဘုရားသခင် သတ်မှတ်ချက်ကတော့ ထိုကဲ့သို့ မဟုတ်ပါ။ လူတို့အတွက် နှစ်ပေါင်းတစ်ထောင်သည် ဘုရားသခင်အတွက် တစ်ရက်နှင့်လည်း ညီမျှချင် ညီမျှမည်။ ဘုရားသခင်သည် ဤလောက အသက်တာတွက် အသက်ရှင်နေကြရသော ကျွန်ုပ်တို့အတွက် ပေးအပ်ထားသော အချိန်နာရီ မည်ရွေ့မည်မျှ ရှိမည်ကို မည်သူမျှ မှန်းဆဖော်ပြရန် မလွယ်ပါ။ မမျှော်လင့်ပဲနှင့် လောကအသက်တာ နေရချိန်စေ၍ ရုတ်တရက် ကျွန်ုပ်တို့နှင့် ခွဲခွာသွားသော မိတ်ဆွေများရှိကြောင်းကို ကျွန်ုပ်တို့ သိကြပေသည်။ ထိုသို့သော မျှော်လင့်မထားသော နေ့ရက်၌ ခွဲခွာရသူသည် ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်လာနိုင်ကြောင်းကို သတိရစရာ၊ အဖြစ်အပျက်များက ဖေါ်ပြနေပါသည်။


ဘုရားသခင်က ကျွန်ုပ်တို့အား ပေးအပ်ထားသော အချိန်များအားလုံးကို ကျွန်ုပ်တို့ ပိုင်ဆိုင်ပြီးဟု ဆိုနိုင်ပါသလား။ မည်သို့သော အကြောင်းကြောင့် ကျွန်တော်တို့ လောက၌ အချိန်ရရှိ နေရပါသနည်း။ ကျွန်ုပ်တို့အတွက် ဘုရားသခင် ပေးအပ်ထားသော အချိန်စေ့ပြီဟု ဆိုလျှင် ကျွန်ုပ်တို့ ဘာဖြစ်ပါမည်နည်း။ အဖြေကား ရှင်းပါသည်။ ကျွန်ုပ်တို့ လောကအသက်တာတွင် ရရှိချိန်စေ့လျှင် ' သေရပါမည် '။ ' အမှန်ပင် သေရပါလိမ့်မည် '။ လူတိုင်း သေခြင်းတရား ကြုံရချိန်သည် လောကနေချိန် စေ့၍ ဖြစ်ပါသည်။ ကောင်းပြီ။ ကျွန်တော်တို့ အသက်တာ ဘုရားသခင်က အချိန်ပေးနေခြင်းသည် မည်သည့် အဓိပ္ပါယ် ရှိပါသနည်း။ ထိုအဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိသူများသည် လောက အသက်တာ အသက်ရှင်ချိန်တွင်လည်း အဓိပ္ပါယ်ရှိရှိ အသက်ရှင်နိုင်သောသူ၊ အောင်မြင်သော သူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့အား ဘုရားသခင်သည် အချိန်နာရီနှင့် အသက်ရှင်ခွင်ကို ပေးထားသည်သာ မက လောကအသက်တာ၏ ကောင်းကြီးမင်္ဂလာ ဘဏ္ဍာဥစ္စာ အမျိုးမျိုးကိုလည်း တစ်ဦးနှင့် တစ်ဦး တူညီစွာ ပေးအပ် ထားပါသည်။ ထိုအရာများကို အပ်ထားသော အရှင်ကို ကျွန်ုပ်တို့ အဘယ်သို့ တုန့်ပြန်ကြပါသနည်း။


" ကျွန်တော်တို့ ဘုရားသခင်အတွက် အချိန်မပေးနိုင်လို့ ခွင့်လွှတ်ပါဗျာ " " ကျွန်တော်တို့ မအားလို့ အခြားအလုပ်တွေ များနေတော့ ဘုရားအတွက်၊ အမှုတော်အတွက်တော့ Sorry ပဲဗျာ " ဟု ဆိုလိုက်သော စကား၏ အဓိပ္ပါယ် မည်သို့သက်ရောက်ပါမည်နည်း။ ကျွန်တော်တို့ အားလပ်မှသာ ဘုရားအတွက် အချိန်ပေးကြမည်လား။ အားလပ်ချိန်တည်း ဟူသော အပျင်းပြေချိန်၊ အညောင်းအညာ ဆန့်ချိန်တွင်သာ အလုပ်လုပ်ရန် အချိန်ပေးမည်လား?။


ကျွန်တော် အဖြစ်အပျက်ကလေး တစ်ခုကို ဝေငှလိုပါသည်။ အချိန်ကား (၁၉၉၄) ခုနှစ်လောက်က ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် ခန္တီးမြို့ရှိ နာဂနှစ်ခြင်း ကျမ်းစာကျောင်းလေးတွင် ကျောင်းအုပ်တာဝန်ယူ၍ အမှုတော် ဆောင်နေချိန်ဖြစ်ပါသည်။ ကျွန်တော်နှင့် အတူတွဲဖက်၍ ကျမ်းစာကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူမှာ ယခုလက်ရှိ နှစ်ခြင်းအသင်းချုပ် ဧ၀ံဂေလိနှင့် သာသနာပြုရေးဌာန တွဲဖက်တာဝန်ခံ ဒေါ်အယ်နာဘဲလ် ဖြစ်ပါသည်။ နွေရာသီ ကျောင်းပိတ်ချိန် စပ်ကြားကာလ၊ မိသားစုများရှိရာ သူမက ရန်ကုန်သို့ လည်းကောင်း၊ ကျွန်တော်က ဖားအံသို့လည်းကောင်း၊ ပြန်လာချိန် ဖြစ်ပါသည်။ ကျောင်းပိတ်ရက် ကာလဖြစ်သော်လည်း ကျွန်တော်တို့မှာ အနားမနေရပါ။ ကျွန်တော်လည်း ရန်ကုန်သို့ မကြာခဏ တက်လာ၍ ကျောင်းအတွက် ပြင်ဆင်လုပ်ဆောင်စရာ ကိစ္စရပ်များကို ဆရာမ အဲနာဘဲလ်နှင့် လာရောက်တွေ့ဆုံ ညှိနှိုင်းကာ သွားလာ ဆောင်ရွက်ကြပါသည်။ ရန်ကုန်သို့ ရောက်စဉ်အခါတွင် တစ်ချိန်က နာဂတောင်တန်းတွင် သာသနာ တာဝန်ခံ အဖြစ်ဆောင်ရွက်ပြီး၊ ထိုအချိန်က ယုဒဿန်အသင်းတော်၏ သင်းအုပ်ဆရာအဖြစ် တာဝန် ထမ်းဆောင်နေသူ သိက္ခာတော်ရဆရာ ဦးဝေလင်းနိုင်က သတင်းတစ်ခု ပေးလာပါသည်။

" မင်းတို့ကို Myanmar May Flower Bank ဥက္ကဌဖြစ်တဲ့ ဦးကျော်ဝင်းက တွေ့ချင်လို့ " တဲံ။ ကျွန်တော် အလွန်အံ့သြသွားပါသည်။ ခေါင်းနပန်းလည်း ကြီးသွားပါသည်။ ဘာကိစ္စ၊ ဘယ်လိုအကြောင်း ကြောင့်နည်းဟု စဉ်းစားမိပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်အခါက ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သော Myanmar May Flower သည် အလွန်မှပင် ကျော်ကြား၍ ဂုဏ်သတင်းမွှေးသော ဘဏ်တစ်ခု ဖြစ်ပါသည်။ ဘဏ်ဥက္ကဌကြီး ဖြစ်သူ ဦးကျော်ဝင်း၏ ဂုဏ်သတင်း နှင့် သူ၏ အရှိန်အ၀ါကလည်း လူ့ပါးစပ်ဖျားမှာ ရေပန်းစားလှပါသည်။ သူ၏ ဦးဆောင်မှုအောက်တွင် မေဖလားဝါး ဘဏ်သည်လည်း တရိပ်ရိပ် တိုးတက်အောင်မြင်လာမှုများနှင့် တီဗွီ သတင်းများတွင် မကြာခဏ တွေ့မြင်ရတတ်သော သူ၏ ပုံရိပ်လွှာများ၊ သူက ကျွန်တော်တို့ကို တွေ့ဆုံချင်ရလောက်အောင် ကျွန်တော် တို့ကရော ဘာများဟုတ်နေလို့လဲ။ ကျွန်တော်တို့သည် လူမသိ၊ သူမသိ၊ မထင်မရှား အမှုဆောင်ကလေးများသာ ဖြစ်ပါသည်။ ကျွန်တော်တို့ကို သိသူလည်း သိပ်မရှိ၊ တကယ်တော့ ဘာမှ မဟုတ်သည့် ကျွန်တော်တို့သည် ကြီးကျယ်ထင်ရှားသော နိုင်ငံကျော် ပုဂ္ဂိုလ်ကြီးဖြစ်သည့် မေဖလားဝါး ဘဏ်ဥက္ကဌ ဦးကျော်ဝင်းနှင့် တွေ့ရမည် ဆိုတော့၊ စိတ်ထဲတွင် ၀မ်းသာရမလို၊ ၀မ်းမြောက်ရမလို နှင့် စိတ်အားလည်း ငယ်သွားပါသည်။ " ဘုရားသခင် ... တကယ် ဟုတ်မှ ဟုတ်ပါရဲ့လား" ဟု တွေးကာ ..

" ဆရာ .. ဟုတ်ရဲ့လား။ ဘာကိစ္စများလဲ " ဟု ဆရာဦးဝေလင်းနိုင်အား တုန်ယင်စွာ မရဲတရဲ မေးလိုက်တော့၊ " တကယ်ပေါ့ကွာ ။ မင်းတို့ ရူပါရုံထား ဆုတောင်းနေတဲ့ အနားဂါတ် နာဂနှစ်ခြင်း ကျမ်းစာကျောင်း စီမံကိန်းအကြောင်းကို ဦးကျော်ဝင်းက သိချင်လို့တဲ့၊ ပြီးတော့ ကျောင်းအဆောက်အဦနဲ့ ပတ်သက်တဲ့ Blue Print ရှိရင် ယူခဲ့ပါတဲ့" ..


" ဘုရားသခင် .. ." တကယ်ပါလား ဟု စိတ်ထဲက ရင်ခုန်စွာဖြင့် ရေရွတ်မိသည်။ ကျွန်တော်တို့၏ သက်ကယ်တဲ၊ ကျူထရံကာ ကျမ်းစာော့င်းကလေးက အိုမင်းလှပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှိနေချိန်တွင် အနာဂါတ် နာဂကျမ်းစာကျောင်းလေးအတွက် ဆောက်လုပ်ရေး စီမံကိန်ကို ဆုတောင်းပြီး Blue Print ဆွဲကြသည်။ ကျောင်းပုံစံပေးသော အန်ကယ်လ် သီးစောကက်နက်ဖိုး နှင့် ဒေါ်သင်းသင်းထူးတို့က ပုံဆွဲခ မယူပဲ ဒါနပြုသောကြောင့် ၀မ်းသာရသည်။ မေတ္တာတမန် မဂ္ဂဇင်းတွင်လည်း ဆရာစောရွှေရည်က အခမဲ့ ကြော်ငြာ ဖော်ပြပေးသည်။ ကျမ်းစာကျောင်းနှင့် ပတ်သက်၍ ကျွန်တော် မတောက်တခေါက် ရေးသားထားသည့် ဆောင်းပါးလေးတွေ ကြို့ကြား ကြို့ကြား မေတ္တာတမန်၌ ပါလာတတ်သည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ဦးကျော်ဝင်းဆီ သတင်းရောက်သွားပြီဆိုတော့ ၀မ်းသာရသလို ဒီပုဂ္ဂိုလ်ကြီးကို ဘယ်လိုသွားရောက် တွေ့ဆုံရပါမည်နည်း ဟု တွေးကာ စိတ်အားငယ်သွားရပြန်သည်။ တိုတို နှင့် ပြောရလျှင် ကျွန်တော်နှင့် ဆရာမ ဒေါ်အဲနာဘဲလ် တို့ နှစ်ယောက်သား တိုင်ပင်၍ မြန်မာ မေဖလားဝါဘဏ် (မင်္ဂလာတောင်ညွန့်) ရှိရာသို့ သွားကြသည်။ ဘဏ်အ၀င်သို့ ၀င်လိုက်သည်နှင့် ဘဏ်အစောင့်များက တံခါးကို ဖွင့်ပေး၍ ဘဏ်ဝန်ထမ်း အမျိုးသမီး လှလှကလေးနှစ်ဦးက အပြုံးဖြင့် နှုတ်ခွန်းဆက်သည်။


" မင်္ဂလာပါရှင် ... ဘာများ အကူအညီပေးရမလဲရှင်"


ဘဏ်အတွင်းတွင်တော့ ငွေအပ်သ၊ ထုတ်သူတွေ ရှုတ်ရှက်ခက်နေသည်။ ငွေရေတွက်သည့် စက်များ၊ ကွန်ပြူတာများ၊ ဘဏ်ဝန်ထမ်းများ၊ သွက်လက်စွာ လှုပ်ရှားနေပုံများ ခန်းနားလှပသော ဘဏ်၏ အပြင်အဆင် ရနံ့များကို တွေ့တော့ ကျွန်တော်တို့ စိတ်အားငယ်မိသွားပြန်သည်။ "ဟိုလေ .. ဟို .. ဘဏ် ဥက္ကကြီးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ တွေ့ချင်လို့ပါ " ဧည့်ကြို မိန်ကလေးနှစ်ဦး ကျွန်တော်တို့ကိ ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်သည်။ ပြီးမှ ပြုံးချိုသာ အသံနှင့်....


" ဟုတ်ကဲ့ရှင့်.. ဘာကိစ္စများနဲ့ တွေ့ချင်ပါသလဲ "


"ဟုတ်ကဲ့ .. ကျွန်တော်တို့က ခန္တီးမြို့က နာဂနှစ်ခြင်း ကျမ်းစာကျောင်းက ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။ အန်ကယ် ဦးကျော်ဝင်းက တွေ့ချင်တယ်ဆိုလို့ပါ " " သြော် .. ဟုတ်လား၊ ခဏစောင့်ပါနော် .. ကျွန်မတို့ သတင်းပို့ပေးပါမယ် "


ကျွန်တော်တို့ နှစ်ယောက် ဘဏ်အတွင်း ထိုင်ခုံများတွင် ထိုင်ရင်း ဘဏ်ကိစ္စ လုပ်ဆောင်နေမှုများကို ငေးကာ လိုက်ကြည့်မိပါသည်။ အချိန် တအောင့်လောက်သာ ကြာမည်ထင်သည်။ မိန်ကလေး နှစ်ဦးအနက် တစ်ဦးပြန်လာသည်။ "ဆရာနဲ့ ဆရာမ အန်ကယ်လ်က ရုံးခန်းကို ကြွခဲ့ပါတဲ့ရှင်"


ကျွန်တော်တို့ နှစ်ယောက် သူမ၏ ခေါ်ရာနောက် လိုက်သွားရ အပေါ်ဆုံးအခန်း တစ်ခန်းသို့ ရောက်သွားသည်။ အပေါ်ထပ်တွင်လည်း ဘဏ်ဝန်ထမ်းတွေ အားလုံး သူကိစ္စနှင့်သူ အလုပ်တွေ များနေကြသည်။ တစ်ယောက်မှ ၀တ္တုဖတ်၊ ကာတွန်းဖတ်၊ အားနေတာမျိုး မတွေ့ရပါ။ လေအေးစက်ကြောင့် တစ်ခန်းလုံး အေးစက်နေသည်။ ရောက်ပါပြီ၊ မေဖလားဝါး ဘဏ်ဥက္ကဌကြီး ဦးကျော်ဝင်း ဆိုသော ပုဂ္ဂိုလ်ကြီး၏ ရုံးခန်းသို့ ရောက်ပါပြီ။ နိုင်ငံခြားရု့ပ်ရှင်များတွင်သာ တွေ့ရတတ်သော ခန်နားလှသည့် အဆင်အပြင်၊ ရုံးခန်းတွင် ဧည့်သည်များ ထိုင်ရန် ဆိုဖာ အကောင်းစားများကို ချထားသည်။ သူပဲဖြစ်မည်။ အသားဖြူဖြူ၊ ခန့်ခန့်ညားညား၊ ပုဂ္ဂိုလ်တစ်ဦး ဆုံလည် ကုလားထိုင်မှ ထ၍ ကျွန်တော်တို့ကို နှုတ်ဆက်သည်။ သူ၏ စားပွဲတွင် ဧည့်သည် (၂) ဦးအား လက်ခံ စကားပြောနေသည်ကို တွေ့လိုက်ရသည်။


" ဆရာ နဲ့ ဆရာမတို့၊ ခဏလေး ထိုင်ကြပါဦးနော် .. ကျွန်တော့ ဧည့်သည်တွေနဲ့ ပြောနေတဲ့ စကားလေးကို လက်စသတ်လိုက်ပါမယ်" ' ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျာ်၊ အန်ကယ်လ် လုပ်စရာရှိတာ လုပ်ပါ' ကျွန်တော်တို့ နှစ်ယောက် ထိုင်ရင်း ဦးကျော်ဝင်းကို အကဲခတ်နေကြပါသည်။ သူ၏ စားပွဲပေါ်တွင် တီဗွီတစ်လုံးက အောက်ထပ်ရှိ ဘဏ်ဝန်ထမ်းများ၏ လှုပ်ရှားမှုတွေကို ရိုက်ပြနေသည်။


" သုံးဆောင်ကြပါဦးရှင် .."


ဘဏ်ဝန်ထမ်း အမျိုးသမီးလေးတစ်ဦးက လင်ဗန်းလေး တစ်ခုဖြင့် အအေးခွက်ကလေးများ လာ၍ ချပေးပါသည်။ သြော် .. ဧည့်ဝတ် ကျေပေစွ ဟု တွေးမိသည်။ ခဏနေတော့ နောက်ထပ် ဧည့်သည်နှစ်ယောက် ထပ်ဝင်လာပြန်သည်။ ဦးကျော်ဝင်းက နှုတ်ဆက်ပြန်သည်။ ခဏထွက်သွားပြီး ဦးကျော်ဝင်းက ဘာပြောလိုက်သည်မသိ ၊ ဧည့်သည်များ နောက်ထပ် စင် မလာတော့ပါ။ ဧည့်သည်များကို လက်ခံစကားပြောချိန် (၁၅) မိနစ်ခန့် ကြာသွားသည်။ ဧည့်သည်များ ပြန်ထွက်သွားတော့မှ ဦးကျော်ဝင်းက ကျွန်တော်တို့ နှစ်ယောက်အား ...


" ကိုင်း... ဆရာ နဲ့ ဆရာမ တို့ကို အားနာတယ်ဗျာ။ ကျွန်တော့်ရုံခန်းမှာတော့ စကားပြောရင် ဧည့်သည်တွေ ဆက်ပြီး ၀င်လာဦးမှာ။ ဒီတော့ အပေါ်ထပ် စည်းဝေးခန်းမကို သွားရအောင် " '' ရပါတယ် .. အန်ကယ်လ်ရာ..။ ကျွန်တော်တို့ကတောင် ပြန်ပြီး အားနာနေရတာပါ။ အန်ကယ်လ် ရုံးချိန်မှာ လာပြီးတွေ့ရတာ ...။ ဧည့်သည်တွေ တွေ့စရာရှိလျက်နဲ့ ကျွန်တော်တို့အတွက် အချိန်ပေးပြီး ..." ဦးကျော်ဝင်းက လက်ကာပြသည်။


'' ကိစ္စမရှိဘူးဆရာ.. ဘုရားသခင်က ကျွန်တော့ကို အချိန်တွေ အများကြီးပေးထားတယ်။ ဘုရားသခင်အတွက် ကျွန်တော် ပြန်ပေးတဲ့အချိန်က ဘာမှမဟုတ်လောက်သေးပါဘူး။ ကဲ .. ကဲ.. စည်းဝေခန်းမထဲသွားကြရအောင်၊ ဒီလောက်တော့ အချိန်ပြန်ပေးရမှာပေါ့ "


ထိုနေ့က မြန်မာမေဖလားဝါး ဘဏ်ဥက္ကဌကြီး ဦးကျော်ဝင်းနှင့် တွေ့ဆုံရသည်သာမက အလုပ်များသော ရုံးချိန်အတွင်း၌ပင် မိမိအလုပ်များ၊ တွေ့စရာ ဧည့်သည်များကို ခဏထားလျှက်၊ ဆင်းရဲ့နုံချာသော ကျွန်တော်တို့ နှစ်ဦးကို လက်ခံတွေ့ဆုံကာ အစည်းအဝေး ခန်းမဆောင်ကြီး၌ မိမိသာမက၊ မိမိ၏ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံစေလျှက် ကျွန်တော်တို့ တင်ပြပြောဆိုသော နာဂနှစ်ခြင်း ခရစ်ယာန်သာသနာအကြောင်း နှင့် နာဂနှစ်ခြင်း အခက်အခဲများအကြောင်းကို အချိန် တစ်နာရီကျော်မျှ ပေးကာ နားထောင်ခဲ့လေသည်။ အံ့သြဖွယ် ကောင်းပေစွ။ စင်စစ်အားဖြင့် ဦးကျော်ဝင်းသည် ကျွန်တော်တို့သာ အချိန်ပေးခြင်းမဟုတ်ပါ။ ဘုရားသခင်အတွက် အချိန်ပေးလိုက်ခြင်း၊ ဆက်ကပ်လိုက်ခြင်း ပင်ဖြစ်ပါသည်။


မေတ္တာတမန်ကို ဖတ်ရှုခွန်အားယူနေကြသော ဓမ္မမိတ်ဆွေများခင်ဗျား။ " ယေရှုအဖို့ .. သင့်မှာ အချိန်ရှိပါရဲ့လား ..." ကျွန်တော့ကို ငြင်းပယ်ခဲ့သော အချိန်မားရှိခဲ့ပါသလား။ ကျွန်တော်တို့ အားလပ်ချိန်မှ ဘုရားသခင်အတွက် အချိန်ပေး၊ ဆောင်ရွက်မည် ဆိုပါက၊ ကျွန်ုပ်တို့ သဘောထားသည် မှားယွင်းနေပြီဟု ဆိုချင်ပါသည်။ ကျွန်ုပ်တို့ အလွန်မှ မအားလပ်သည့်ကြားထဲမှာ ဘုရားသခင်အတွက် အချိန်ယူပြီး ဆက်ကပ်လုပ်ဆောင်ခြင်းသည်သာ စစ်မှန်သော ဆက်ကပ်တုန့်ပြန်မှု ဖြစ်လိမ့်မည်ဟု ဆိုချင်ပါသည်။ ဓမ္မသီချင်းကလေး တစ်ပုဒ်ကတော့ ဤသို့ဆိုထားပါသည်။


ပျော်ပါးခြင်းနှင့် စီးပွားရေးသာ၊ သင့်စိတ်တွင် နေရာရှိပေ...

သင့်တွက် သေခံရှင်အား နေရာသင်သည်မပေး။ .... ဟူု၍ ဖြစ်သည်။

" ကျွန်တော်တို့မအားပါ၊ ဘုရားသခင်အတွက် အချိန်မပေးနိုင်ပါ.. " ဟု အကြောင်းပြက၊ အမှုတော်မြတ်အတွက် ဘုရားသခင်အထံတော်မှ ဝေးရာသို့ ထွက်ခွာသွားသော သူများအနေဖြင့် ကယ်တင်ပိုင်ရှင် ယေရှုအတွက် သင့်မှာ အချိန်များစွာ ပြန်လည် ပေးရန် လိုအပ်ပါကြောင်း တိုက်တွင်း ဝေမျှရင်...

No comments: