Monday, July 18, 2011

လူသားများအတွက် Grace (အပိုင်း ၂)

မီချီကန်ပြည်နယ် ထရာဗာစ် မြို့ ကလေးတွင် မီးငယ်ကြီးပြင်းခဲ့သည်။ မီးငယ်၏ မိဘများသည် ရှေးရိုးဆန်သည်။ ခေတ်ဆန်လှသော မီးငယ်ကို အမျိုးမျိုး တားမြစ်ပိတ်ပင်သည်။ နှာခေါင်းတွင် ကွင်းကလေးတပ်ခြင်း၊ ခေတ်ဆန်သော သီချင်းများကို နားထောင်ခြင်း၊ စကတ်တိုတို ၀တ်ခြင်း တို့ကို မိဘများက အကြိမ်ကြိမ် ဆူငေါက်ကာ တားမြစ်တတ်သည်။ မကြာခဏလည်း အိမ်ပြင်မထွက်ရန် မိဘများက တားမြစ်သောကြောင့် အိမ်တွင်းအောင်းရတတ်သည်။ တစ်နေ့တွင် ဖခင်ဖြစ်သူနှင့် စကားအခြေအတင်များပြီးနောက် ဖခင်ဖြစ်သူက မီးငယ်အား ချော့မော့ရန် တံခါးကို ခေါက်သောအခါ ”အဖေ့ကို မုန်းတယ်” ဟု မီးငယ် အော်ဟစ်ပြီး တံခါးကို ဖွင့်မပေး။ ထိုညမှာပင် အကြိမ်ပေါင်းများစွာ စိတ်ထဲမှ ကြံစည်ထားသည်ကို မီးငယ် အကောင်အထည် ဖော်လိုက်သည်။ မီးငယ်အိမ်မှ ထွက်ပြေးခဲ့လေသည်။
ဒက်ထရိုက်မြို့ ကို မီးငယ်ရောက်ဖူးသည်။ ထိုစဉ်က မိမိအသင်းတော်မှ လူငယ်များနှင့် ကစားပွဲတစ်ခုကို ကြည့်ဖို့ ရောက်ဖူးခဲ့ခြင်းဖြစ်သည်။ ဒက်ထရိုက်မြို့ သည် လူဆိုးဂိုဏ်းများ၊ မူးယစ်ဆေးဝါးများ၊ အကြမ်းဖက်မှုများနှင့် ပြည့်နှက်နေကြောင်းကို သတင်းစာများ၌ မီးငယ်ဖတ်ဖူးသည်။ တမင်သက်သက်ပင် ထိုမြို့ ကို ထွက်ပြေးရန် မီးငယ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မိဘများ က မိမိကို ရှာလျင် နာမည်ဆိုးဖြင့် ကျော်ကြားသော ထိုမြို့ ကို နောက်ဆုံးထား၍ ရှာဖွေပေလိမ့်မည်။ ကာလီဖိုးနီးယား လို၊ ဖလော်ရီဒါလို ပြည်နယ်များတွင် ဦးစားပေးရှာပေလိမ့်မည်။ ဒက်ထရွိက်တော့ ရှာလိမ့်မည်မထင်။

ဒက်ထရွိက်မြို့ သို့ရောက်၍ ဒုတိယမြောက်နေ့တွင် ကားကောင်းကြီးတစ်စီးကို စီးသော လူကြီးတစ်ယောက်နှင့် မီးငယ်တွေ့ဆုံသည်။ ထိုလူကြီးက ကားကြုံစီးခွင့်ပေးသည့်အပြင် ထမင်းလည်းကြွေးသည်။ ထိုမျှသာမက မီးငယ်အတွက် နေထိုင်ဖို့ရန် စီစဉ်ပေးသည်။ ထိုလူကြီးက မီးငယ်အတွက် ဆေးလုံးလေးများကို ပေးသည်။ ထိုဆေးလုံးလေးများသောက်ပြီး မိန်းမောနေရသော အရသာကို မီးငယ် ဘ၀တစ်သက် မကြုံဖူး။ ”ငါလုပ်တာ မှန်သွားပြီ။ ငါ့မိဘတွေ ငါ့ကို တော်တော်ချုပ်ချယ်တယ်။ လောကကြီးမှာ ပျော်စရာတွေ ဒီလောက်များတာ။ဟွန်း...” မီးငယ် ထိုသို့တွေးလိုက်ရင်း ပြုံးလိုက်သည်။

မီးငယ်တစ်ယောက် စားကောင်းသောက်ကောင်းများဖြင့် ဇိမ်ကျကျနေရသည်မှာ ရက်မှသည်လသို့၊ လမှာသည် နှစ်သို့ ကူးချေပြီ။ မီးငယ်ကို ကူညီခဲ့သော ထိုလူကြီးက (နောက်ပိုင်းတွင် မီးငယ်က ထိုလူကြီးကို ဘော့(စ်) ဟုခေါ်သည်။ ) ယောက်ျားများ ကြိုက်တတ်သည် အရာများကို သင်ပေးသည်။ အသက်မပြည့်သေးသော မီးငယ်ကို လာရောက်ပျော်ပါးကြသည့် ယောက်ျားများက ငွေပိုပေးတတ်ကြသည်။ အိမ်ခန်းကောင်းကောင်းတွင် မီးငယ်နေထိုင်ရပြီး ကြိုက်သည့်အစားအစာများကို မီးငယ် အချိန်မရွေး မှာစားနိုင်သည်။ ရံဖန်ရံခါတော့ မီးငယ်အိမ်အကြောင်း တွေးမိသည်။ သူ့မိဘတွေနှင့် နေခဲ့ရသည့် ဘ၀သည် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလေစွ။ ထိုသို့သော နေရာမျိုးမှာ မီးငယ်ကြီးပြင်းခဲ့ရသည်ကိုပင် မိမိကိုယ်ကို အံ့သြမိသည်။

တခါတခါ မိမိပုံပါသည့် ”ဤကလေးကို တွေ့မိပါသလား” ခေါင်းစဉ်ပါ လူပျောက်ကြော်ငြာကို တွေ့သည့်အခါ မီးငယ် စိတ်ထဲမှာ လန့်သလို ဖြစ်မိသေးသည်။ သို့သော် မီးငယ်သည် အရင် မီးငယ်မဟုတ်တော့။ ရွှေဝါရောင် ဆံပင်နှင့် ဖြစ်နေပြီ။ မိတ်ကပ်များကိုလည်း ထူပြန်းစွာလိမ်းကြံထားသည်။ ၀တ်စားထားသည့် လက်ဝတ်ရတနာများကလည်း အပြည့်ဖြစ်သည်။ မီးငယ်ကို ဘယ်သူမှ ကလေးတစ်ယောက်ဟု ထင်မည်မဟုတ်တော့။

တစ်နှစ်ခန့်ကြာပြီးသောအခါ မီးငယ်တွင် ရောဂါလက္ခဏာတစ်ချို့ စတင်ပြလာသည်။ မီးငယ် ရောဂါရှိလာမှန်းသိသည်နှင့် ဘော့စ်ဆိုသူက မနှစ်သက်တော့။ ” မင်းဒီမှာ ဆက်မနေနဲတော့” ဟုဆိုကာ တစ်ပြားမှ မပေးတော့ပဲ မီးငယ်ကို လမ်းပေါ်သို့ မောင်းထုတ်လိုက်သည်။ ထိုသို့မောင်းထုတ်ခံရသော်လည်း ဘော့(စ်) ဖြစ်သူမသိအောင် မီးငယ် အကြိမ်အနည်းငယ် ကြိုးစား ငွေရှာပြန်သည်။ အရင်ကလောက် ၀င်ငွေမရတော့သည့်အပြင် ရသည့်ငွေများမှာလည်း သုံးစွဲသည့် မူးယစ်ဆေးထဲ ၀င်ကုန်သည်။

ဒီလိုနေရင်းနှင့် ဆောင်းရာသီ ရောက်ခဲ့သည်။ မီးငယ် အိပ်စရာနေရာ မရှိ၍ ကုန်စုံဆိုင်ကြီးရှေ့ ရှိ သံပြားများအပေါ်မှာ အိပ်ရသည်။ အိပ်သည်လို့သာ ပြောရသည်။ ဒက်ထရွိက်မြို့ လမ်းပေါ်တွင် ဘယ်သောအခါမှ စိတ်ချလက်ချမအိပ်ရ။ ကြက်အိပ်ကြက်နိုး သတိထားပြီးအိပ်ရသည်။ အိပ်ရေးပျက်သော ဒဏ်ကြောင့် မီးငယ်မျက်ကွင်းများညိုကာ ဟောက်ပက်ဖြစ်နေသည်။ ချောင်းကလည်း ပို၍ပို၍ ဆိုးလာသည်။
ညတစ်ည၌ ဖြတ်သွားဖြတ်လာများ၏ ခြေသံကို နားထောင်ရင်း မိမိအကြောင်းကို မီးငယ်ပြန်တွေးမိသည်။ ရုတ်ခြည်းပင် မိမိဘ၀သည် ပြောင်းလဲခဲ့ပေပြီ။ မိန်းမကြီးတစ်ယောက်ကဲ့သို့ မိမိကိုယ်မိမိ မထင်တော့။

ချမ်းတုန်ပြီး အေးစက်လှသည် ဒက်ထရိုက်မြို့ တွင် ကလေးငယ်လေးတစ်ယောက်လို မီးငယ် ခံစားမိသည်။ အိတ်ထဲမှာလည်း ငွေမရှိ။ ဆာလည်း အလွန်ဆာလှပြီဖြစ်သည်။ မီးငယ်တစ်ယောက် သူ့ခြေထောက်များကို နွေးထွေးရန် စုစည်းလိုက်သည်။ သတင်းစာများနှင့် အပြည့် တစ်ကိုယ်လုံး ဖုံးထားသော်လည်း အအေးဒဏ်မလုံသောကြောင်း ချမ်းတုန်နေသည်။ မီးငယ်မွေးရပ်မြေ၏ ပုံရိပ်တို့ကို စိတ်ထဲ၌ ပြန်လည် မြင်ယောင်လာသည်။ မေလဆိုလျှင် ချယ်ရီပန်းတွေပွင့်ပြီ။ ချယ်ရီပင်တွေကြားမှာ တင်းနစ်ဘောလုံးကလေးပစ်လိုက်လျင် မိမိအိမ်မွေးခွေးကလေးက အပြေးသွားကောက်ပြီး ပြန်ယူလာတတ်သည်ကို မီးငယ်ပြန်ပြီ မြင်ယောင်နေမိသည်။

”ငါဘာကြောင့်များ ထွက်လာခဲ့ရတာပါလိမ့်” မီးငယ်ကိုယ့်ကိုကိုယ် နာကြင်စွာ ပြန်မေးမိသည်။ ”ငါ့ခွေးကလေးတောင် ငါအခုစားတာထက် ပိုပြီး ကောင်းကောင်းမွန်မွန် စားနိုင်တာပဲ” ဟု မီးငယ်တွေးမိသည်။ ရှိုက်ကြီးတငင် မီးငယ် ငိုကြွေးလိုက်ပြီး ရုတ်ခြည်းပင် အိမ်ပြန်ချင်သည့် စိတ်တို့သည် တားမနိုင် စည်းမရ ၀င်ရောက်လာသည်။

မီးငယ်အိမ်ကို သုံးကြိမ်တိတိ ခေါ်ဖို့ကြိုးစားသည်။ တဖက်မှ ပြန်မထူး။ အလိုအလျောက် အသံဖမ်းဆက်ထဲသို့သာ ၀င်သွားသည်။ ပထမ နှစ်ကြိမ်စလုံးတွင် အသံဖမ်းဆက်ထဲသို့ ဘာမှမပြောဖြစ်။ တတိယအကြိမ်ကျမှ ဖမ်းစက်ထဲသို့ ပြောဖြစ်သည်။ ”ဖေဖေနဲ့မေမေ။ သမီးလေး မီးငယ်ပါ။ မီးငယ် အခု အိမ်ပြန်လာမလားလို့။ မီးငယ် အခုပဲ မှီရာ ဘတ်(စ်)ကားနဲ့ ပြန်လာခဲ့တော့မယ်။ ဘတ်(စ်)ကားက မနက်ဖြန်မနက် သန်းခေါင်လောက်မှာ ရောက်မယ်နဲ့ တူတယ်။ ဖေဖေနဲ့မေမေ လာမကြိုလို့ရှိရင် မီးငယ် ဘတ်(စ်)ကားမှတ်တိုင် ဆုံးတဲ့ ကနေဒါနိုင်ငံအထိ စီးသွားတော့မယ်။ ” ဟု အသံဖမ်းဆက်ထဲမှာပင် ပြောလိုက်ရသည်။

ဒက်ထရိုက်နှင့် ထရဗာစ်မြို့ အကြား ဘတ်စကားမှတ်တိုင်ပေါင်း မြောက်မြားစွာ ရပ်ရပြီး ၇ နာရီ ကြာ မောင်းရသည်။ ကားစီးရင်း မီးငယ်တွေးမိသည်။ မိမိ၏ မိဘများအိမ်မှာ မရှိပဲ အပြင်ရောက်နေလျင် မိမိဖုန်းထဲမှာ မှာထားခဲ့သည်များကို လွတ်သွားခဲ့ရင်ကော။ တစ်ရက်လောက် အချိန်စောင့်ပြီး သေသေချာချာ မိဘများနှင့် စကားပြောခဲ့ရရင် အကောင်းသား။ ဖေဖေနှင့်မေမေ အိမ်မှာ ရှိနေသည့်တိုင်အောင်တောင် သူတို့ မိမိကို သေပြီလို့ သတ်မှတ်ကောင်းသတ်မှတ် နိုင်သည်။ ဖေဖေနှင့် မေမေကို အချိန်စောင့်ပြီး နားလည်အောင် ပြောဖို့ အချိန်ပိုယူခဲ့ရင် အကောင်းသား။ မီးငယ် အတွေးများဖြင့် ပူပန်ခြင်းကြီးစွာ ဖြစ်နေသည်။ စိတ်ထဲမှာလည်း ဖခင်နှင့်တွေ့လျင် ပြောရမည့် စကားများကို အထပ်ထပ်အခါခါ ပြောကြည့်မိသည်။ ”ဖေဖေ။ သမီးမှားပါတယ်။ ဖေဖေ့အပြစ်မဟုတ်ပါဘူး။ သမီးအပြစ်ပါ။ သမီးကို အဖေခွင့်လွှတ်နိုင်မလားဟင်” ။ ထိုစကားများကို စိတ်ထဲမှာ ကြိုးစားပြောဆို လေ့ကျင် နေခဲ့သည်လေ။ နှစ်ပေါင်းများစွာ ယခုလို ခွင့်လွှတ်ရန်တောင်းပန် စကားကို မိမိ မပြောခဲ့သည်မှာ ကြာလှပြီပဲ။

ဘတ်(စ်)ကားကတော့ တလမ်းလုံး ရှေ့ မီးကြီးထွန်းကာ မောင်းနှင်နေသည်။ နှင်းပွင့် နှင်းခဲလေးများကို ဘီးများက ကြိတ်ကာ သွားသည်ကို မီးငယ်ကြည့်နေမိသည်။ ဒီအရပ်တွေမှာ ဒီလောက်မှောင်တတ်တာကို မီးငယ်အမှတ်မရတော့။ တခါတရံ သမင်ငယ်လေးများ လမ်းကို ဖြတ်ကူးလျင် ကွေ့ရှောင်ရသောကြောင့် ဘတ်စ်ကားက ယိမ်းထိုးသွားတတ်သည်။ လမ်းတစ်လျှောက် မိမိ၏ နေရပ် ထရပ်ဗာစ် မြို့ ကလေးသို့ ရောက်ရန် မိုင်မည်မျှသာ ကျန်တော့သည် ဆိုသည် ဆိုင်းဘုတ်ကလေးများကိုသာ ရေတွက်ကြည့်ရင်းသာ မီးငယ်လိုက်ပါလာသည်။ ရုတ်တရက် ရူးကနဲနေကာ ဘတ်(စ်)ကားက ဘရိတ်အုပ်ကာ ရပ်သွားသည်။ ဘေးဘီ ၀ဲယာ အကဲခတ်လိုက်တော့။ အလိုလေး ထရပ်ဗာ(စ်) မြို့ ကိုတောင် ရောက်ပြီကော။
မိုက်နှင့် ကြေငြာသံထွက်ပေါ်လာသည်။

”ခရီးသည်များ ၁၅ မိနစ်သာ အချိန်ရပါတယ်။ပြီးရင် ခရီးဆက်ပါမယ်။”
ထို ၁၅ မိနစ်သည် မိမိဘ၀ကို အဆုံးအဖြတ်ပေးပေလိမ့်မည်။ မီးငယ်မိမိကိုယ်ကို အိတ်ဆောင်ကြည့်မှန်ကလေးထုတ်လိုက်ပြီး ပွယောင်းနေသော ဆံပင်တို့ကို ပြင်လိုက်သည်။ နုတ်ခမ်းနီကိုလည်း ပြန်လည်ဆိုးလိုက်သည်။ လက်သည်းများမှာ စီးကရက်မီးခိုးငွေ့ကြောင့် အ၀ါရောင်သန်းနေသည်။ ဖေဖေနှင့် မေမေလာကြိုရင်တော့ ဒီလက်သည်းတွေကို တွေ့ သွားနိုင်သည်။ သူတို့ လာကြိုပါ့မလား။

No comments: