Thursday, July 21, 2011

လူသားများအတွက် Grace (အပိုင်း ၄)

Inquisition အဖွဲ့က လူကြီးမင်းများဟာလည်း ခရစ်တော်လက်ထက်တုန်းက ဖာရိရှဲ တွေလိုပါပဲ။ ဖာရိရှဲတွေဟာ ခရစ်တော်က အခွန်ခံတွေ၊ ရှမာရိလို တိုင်းတစ်ပါးသားတွေ၊ နာမည်ပျက်တဲ့ အမျိုးသမီးတွေ၊ အစရှိတဲ့ နိမ့်ကျဆိုးသွမ်းသူတွေနဲ့ အတူနေသွားလာနေတာကို ကြည့်မရခဲ့ပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ဒီလို အောက်တန်းကျတဲ့၊ အဆင့်နိမ့်တဲ့ သူတွေကို ဘုရားက ချစ်တယ် ဆိုတာကို ဘယ်လိုမှ မခံစားနိုင်ကြပါဘူး။ ဒီလိုမျိုးလူတွေကို ခရစ်တော်က ဘုရားရဲ့ Grace အကြောင်းကို ပုံပြင်တွေနဲ့ ဥပမာပေးပြောနေတဲ့ အချိန်မှာ ဖာရိရှဲတွေက လူအုပ်ရဲ့ အပြင်ကနေပြီး နားထောင်ပြီးတော့ တဖျစ်တောက်တောက်နဲ့ အံတကြိတ်ကြိတ် ဖြစ်နေကြပါတယ်။ ခရစ်တော်ပြောတဲ့ ပျောက်သောသားပုံပြင်မှာ အစ်ကိုဖြစ်သူက လုပ်ချင်တာလုပ်ပြီးမှ နောင်တရ ပြန်လာတဲ့ သားငယ်ကို ကြိုဆိုတဲ့ ဖခင်ကို မကျေမနပ်ဖြစ်ပါတယ်။ တစ်သက်လုံး အကောင်းတွေကို လုပ်လာတဲ့ သားကြီးကိုတော့ဖြင့် မေ့ထားပြီး ပေတေလန်တဲ့ သားငယ်ကို နောင်တရ ပြန်လာတာလေးတစ်ချက်နဲ့ ပျော်ပွဲ ရွှင်ပွဲ ကြီးကြီးမားမား ကျင်းပပြီး ကြိုဆိုနေတာကို နားမလည်နိုင်အောင် ဖြစ်နေတယ်။ ဖခင်က ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အဆိပ်ပင်ရေလောင်း လိုသလိုမျိုး ဖြစ်မနေဘူးလားလို့ အစ်ကိုကြီး ဖြစ်သူက ထင်နေခြင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လူသားများ ဖြစ်တဲ့ ကျွန်တော်တို့တစ်တွေက စကားပုံထဲက အစ်ကိုကြီးလိုပဲ ထင်ကြပါလိမ့်မယ်။ ဒါက ဘုရားရဲ့ ခွင့်လွှတ်ခြင်း Grace သဘောတရားကို နားမလည်ကြလို့သာ ဖြစ်ပါတယ်။ ခရစ်တော်က ”ဖြောင့်မတ်တဲ့သူ ကိုးဆယ့်ကိုးယောက်ထက် အပြစ်သားတစ်ယောက် နောင်တရလို့ ပြန်လာတာကို ကောင်းကင်ဘုံမှာ ပိုပြီး အကြီးအကျယ် ၀မ်းမြောက်ကြတယ်” လို့ ဆိုပါတယ်။ ပြီးတော့ လက်ဝါးကပ်တိုင်မှာ ဝေဒနာ ခံရနေတဲ့အချိန်၊ သက်တော် ချုပ်ခါနီးမှာ အနီးနား ကားတိုင်က သူခိုးဖြစ်သူကို သေခါနီးကြောက်ကြောက်ရွံရွံနဲ့ ပြောင်းလဲလာမှန်း သိလျက်နဲ့ ခွင့်လွှတ်တော်မူခဲ့ပါတယ်။

ဒီသူခိုးဟာ သူ့ရဲ့ ဘ၀တစ်လျှောက်လုံး ကျမ်းစာလည်းမဖတ်ခဲ့ပါဘူး။ တရားဇရပ်တွေမှာလည်း တရားမနာခဲ့ပါဘူး။ သူခိုးခဲ့တဲ့ အိမ်တွေရဲ့ အိမ်ရှင်တွေကို လည်း တောင်းပန်ခဲ့ခြင်းမျိုးလည်း မရှိခဲ့ပါဘူး။ ”အကျွန်ုပ်ကိုအောက်မေ့တော်မူပါ” လို့ သူ့ကို မမေ့ဖို့ရန် စကားကိုသာ ပြောခဲ့ပါတယ်။ ဒီလိုပြောယုံလေးနဲ့ပဲ ခရစ်တော်က ”ယနေ့တွင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်” လို ကတိတော်ပေးခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဘုရားရဲ့ Grace ဆိုတာဟာ ဘုရားအတွက် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ မမူတည်ပဲ ဘုရားက ကျွန်တော်တို့အတွက် ချစ်မေတ္တာ သက်သက်နဲ့ လုပ်ဆောင်ပေးတာသာ ဖြစ်တယ် ဆိုတာကို တွေ့ရမယ် ဖြစ်ပါတယ်။

ဘုရားကတော့ လူသားတွေအပေါ်မှာ Grace သဘောတရားအပြည့်ထားပြီး ရှိပေမဲ့ ကျွန်တော်တို့ လူသားတွေကကော ဒီသဘောတရားတွေ ရှိကြပါရဲ့လား။

Ungrace

Grace ရဲ့ ဆန့်ကျင်ဖက်ကတော့ Ungrace ဖြစ်ပါတယ်။ ခွင့်မလွှတ်နိုင်ခြင်း၊ ကရုဏာမရှိခြင်း၊ မေတ္တာကင်းမဲ့ခြင်းတို့ဟာ Ungrace ရဲ့ သဘောတရားတွေပါ။ လူသားတွေရဲ့ ပကတိစိတ်ဟာ Grace ထက် Ungrace ဘက်ကို ပိုပြီး လုပါတယ်။ တဖက်သားက ကိုယ့်ကိုလာပြီး တိုက်ခိုက်လို့ရှိရင် အဲဒီလို ကျူးကျော်တိုက်ခိုက်တဲ့ သူဟာ သူရဲ့ လုပ်ရပ်ဒဏ်ကို ပြန်ခံရမှ သဘာဝကျတယ်လို့ ယူဆကြပါတယ်။ တရားမျှတတယ်လို့လည်း ခံယူကြပါတယ်။ ”ကိုယ်လုပ်ကိုယ်ခံ ” ဆိုတဲ့သဘောကို လူ့သဘာဝက ပိုပြီးလက်ခံတတ်ကြပါတယ်။ လူတွေဆိုတာ ခွင့်လွှတ်ခြင်းထက် လက်စားချေလိုတဲ့ ဘကိကို ပိုပြီး ဦးစားပေးတတ်ကြပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာလည်း ပြန်ကြည့်မယ်ဆိုရင် လူတွေဟာ ခွင့်လွှတ်ရန် ခက်ခဲလှကြောင်း တွေရမယ် ဖြစ်ပါတယ်။

သမ္မာကျမ်းစာထဲက ကမ္ဘာဦးကျမ်းကို ပြန်ကြည့်လို့ရှိရင် ယောသလေးရဲ့ အကြောင်းကို တွေ့ရမယ် ဖြစ်ပါတယ်။ ယောသလေးဟာ ငယ်ငယ်ကတည်းက ဖခင်ရဲ့ ဦးစားပေးကို ခံရတာကြောင့် ကျန်တဲ့ ညီအစ်ကိုများက မနာလိုဖြစ်ခြင်းကို ခံရပါတယ်။ သူ့အစ်ကိုများက သူ့ကို မတရားဖိနှိပ်မှုကို ခံခဲ့ရပြီး နောက်ဆုံး ကျွန်အဖြစ်ရောင်းစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ယောသပ်ဟာ ရှင်ဘုရင် ဖြစ်ခဲ့ပါတယ်။ သူရှင်ဘုရင်ဘ၀ရောက်တော့ သူအစ်ကိုများကို ခွင့်လွှတ်ဖို့ အတော်ကလေးကို ခက်ခက်ခဲခဲ ဖြစ်ခဲ့ပါတယ်။ တစ်ဖက်က လက်စားချေလိုတဲ့ စိတ်နဲ့ သူ့အစ်ကို တွေကို အကျဉ်းချမိသလို၊ တဖက်ကလည်း ခွင့်လွှတ်လိုစိတ်ကြောင့် ၀မ်းနည်းပက်လက် ငိုကြွေးပြီး အရူးသမားတစ်ယောက်လို ပါးစပ်က ပလုံးပထွေးတွေ ပြောဆိုတတ်တယ်။ လပေါင်းများစွာ ယောသပ်ရဲ့ စိတ်ထဲမှာ ခွင့်မလွှတ်လိုစိတ်က ကြီးစိုးခဲ့ပြီး၊ နောက်ဆုံးကျတော့ သူ့ရဲ့ ungrace သဘောကို ချိုးနှိမ်နိုင်ခဲ့ပါတယ်။ သူ့အစ်ကိုများအားလုံးကို ဆင့်ဆို ခေါ်ဆိုခဲ့ပြီး အဆုံးပိတ်မှာတော့ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။

တခါကများဆိုရင် ရောမအင်ပါယာ ဘုရင် Henery IV ဟာ သူ့လက်ထက်ကကိုးကွယ်တဲ့ ပုပ်ရဟန်းမင်းကြီး Gregory VII ကို သူကျူးလွန်မိတဲ့ အပြစ်အတွက် ခွင့်လွှတ်ဖို့ရန် တောင်းပန်ခဲ့ရပါတယ်။ ဟင်နရီဟာ ပုပ်ရဟန်းမင်းရဲ့ စံအိမ်ရှေ့  နှင်းတောထဲမှာ သုံးရက်လုံးလုံး ဖိနပ်မပါ ခြေဗလာနဲ့ ရပ်ပြီး ပုပ်ရဟန်းရဲ့ ခွင့်လွှတ်ခြင်းကို ရဖို့ ကြိုးစားပြီး တောင်းပန်ခဲ့ရရှာပါတယ်။ ဟင်နရီဟာ ရေခဲရဲ့ ကိုက်ခဲမှုဒဏ်ကို သုံးရက်လုံးလုံး ခံရလို့ အပြီးမှာတော့ ပုပ်ရဟုန်းမင်းက သူ့ကို ခွင့်လွှတ်ခဲ့ပါတယ်။
လူသားတွေဟာ ခွင့်လွှတ်ဖို့ရန် အင်မတန်မှ ၀န်လေးလှကြောင်းကို စာရေးဆရာမကြီး အယ်လီဇဘက်ကလည်း ဒီလိုရေးခဲ့ပါတယ်။

 ”ကျွန်မတို့တစ်တွေဟာ ခွင့်လွှတ်ခြင်းတရားကို အာပေါက်အောင် ဟောပြောတိုက်တွန်းနေပေမဲ့လည်း တကယ်တမ်းလက်တွေ့မှာ သူတစ်ပါးကို ခွင့်လွှတ်ဖို့၊ သူတစ်ပါးက ကျွန်မတို့ကို ခွင့်လွှတ်ဖို့ ဆိုတာ အင်မတန်မှ မလွယ်ကူတဲ့ အရာပါ”လို့ စာရေးဆရာမကြီးက ဆိုပါတယ်။

No comments: