Saturday, July 30, 2011

တာချီလိတ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သမား လိုအပ်ချက်များကြောင့် လုပ်ခမြင့်တက်

တာချီလိတ်မြိုမြင်ကွင်း

တာချီလိတ်မြို့ပေါ်နှင့် ဆင်ခြေဖုံး ရပ်ကွက်များတွင် အိမ်ဆောက်သူများ ပေါများလျက်ရှိရာ အလုပ်သမား လိုအပ်ချက်ကြောင့် လုပ်အားခ မြင့်တက်လာကြောင်း ကန်ထရိုက်များနှင့် အလုပ်သမားများ၏ ပြောကြားချက်များ အရ သိရှိရသည်။

''လွန်ခဲ့တဲ့နှစ်က တစ်ရက် ၁၂၀ ဘတ်လောက်ပဲ ပေးရတယ်။ ဆရာ အဆင့်မှ  ဘတ် ၁၈၀၊ ၂၀၀ပဲ။ အခု နေ့စားက အကြမ်းသမားတောင် ဘတ် ၁၈၀ ပေးရပြီး ဆရာဆို ၂၅၀ ဘတ် ရောက်နေတယ်။ အိမ်ဆောက်သူတွေ များလွန်းတော့ နေ့စားခ ပိုပေးတဲ့ နေရာကို သွားရင်းနဲ့ ဈေးတက်ကုန်တာ။ အခု ဒီဈေးနဲ့တောင် အလုပ်သမား လိုသလောက် မရဘူး။ ရှိသလောက်နဲ့ ရအောင် လုပ်နေရတယ်''ဟု ဆန်ဆိုင်း(အောက်)ရပ်ကွက်တွင် အိမ်ဆောက်နေသော ကန်ထရိုက် တစ်ဦးက ပြောပြသည်။

''အရင်က ဘတ်တစ်သိန်းခွဲလောက် လက်ခဆိုရင် နှစ်ထပ်တိုက် အငယ်တစ်လုံးလောက် ဆောက်နိုင်တယ်။ အခု တစ်ထပ်တိုက် အလတ် တစ်လုံးလောက်ပဲ ရတော့မယ်။တချို့ အိမ်ရှင်နဲ့ ပြောပြီးသား ဆောက်လက်စ ဆိုရင်တော့ ပြီးအောင် လုပ်ရ တာပါပဲ။ လုပ်အားခ ဈေးတက်လာတော့ မစိုက်ရအောင်တောင် မနည်းလုပ်ရတာလည်း ရှိတယ်။ အလုပ်သမားကလည်း ပိုပေးတဲ့သူဆီ ပြေးတတ်တော့ သူများဈေး တက်ပေးရတော့တာပဲ''ဟု ကန်ထရိုက်တစ်ဦးက ရှင်းပြသည်။ ယခု အိမ်ဆောက်နှုန်းထားများမှာ တစ်မီတာပတ်လည် အရင်က ဘတ် ၁၂၀၀ သာ ရှိရာမှ လုပ်အားခကြောင့် ဘတ် ၁၈၀၀မှ ၂၀၀၀ အထိ လက်ခ ရှိလာကြောင်း သိရသည်။

တာချီလိတ်မြို့သည် ကွက်သစ်များလည်း ထွက်ပေါ်လာပြီး အခြေချသူများဖြင့် များစွာ ကျယ်ပြန့်လာခဲ့ရာ အိမ်များလည်း ဆောက်လုပ်သူ နေရာတိုင်းတွင် ရှိနေကြောင်း သိရှိရသည့် အပြင် တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့နှင့် ပတ်ဝန်းကျင်များတွင် သွားရောက် လုပ်ကိုင်သူ အများအပြား ရှိကြောင်း အလုပ်သမား
များက ပြောပါသည်။

''အခု ထိုင်းဘက် မယ်ဆိုင်မှာ လုပ်တဲ့သူတွေလည်း ရှိတယ်၊ အကြမ်း တစ်ရက် ဘတ် ၂၀၀ နဲ့ ဆရာဆိုရင် ဘတ် ၃၀၀ လောက်အထိ ရတယ်။ ဒါပေမယ့် တံတားဖြတ်ခနဲ့ စရိတ်စကနဲ့ဆိုရင် ဒီဘက်နဲ့ သိပ်မထူးပါဘူး။ ကျွန်တော်တော့ တာချီလိတ်မှာပဲ လုပ်တယ်။ အလုပ်ပေါတယ်။ နေ့စားခ တက်ပေမယ့်လည်း ဘာမှတော့ သိပ်မထူးပါဘူး။ စားစရိတ်၊ ကလေးစရိတ်၊ အိမ်ငှားခနဲ့ ကုန်သလောက် ပါပဲ။ ကလေးကြီးရင်တော့ ကျောင်းအပ်ပြီး အိမ်သူပါ ပန်းရန်ထဲ ၀င်မယ်။ အခု ပန်းရန် အလုပ်သမားတွေရဲ့ အိမ်သူတွေက ဆိုက်တွေမှာ ၀င်လုပ်နေကြပြီ။ ပုံးသယ်တာတို့၊ သံချည်တာတို့ အပေါ့စားတွေမှ ၀င်လုပ်ကြတယ်။ သူတို့က တစ်ရက် ဘတ် ၁၂၀ လောက်ရတယ်''ဟု မကာဟိုခမ်းတွင် အလုပ်ဝင်နေသော ပန်းရန် အလုပ်ကြမ်းသမား တစ်ဦးက ပြောပါသည်။

တာချီလိတ်တွင် အလုပ်သမားများအား ထိုင်းဘတ်ငွေဖြင့် ရှင်းပေးလေ့ ရှိရာ ယခုလပိုင်းများတွင် မြန်မာကျပ်ငွေဈေး တက်နေသဖြင့် အချို့ အလုပ်သမားများ မိသားစုထံ ငွေပြန်ပို့ရာတွင် လုပ်အားခ ဈေးတက်သော်လည်း ယခင်ကထက် မပို့နိုင်ကြောင်းလည်း သိရသည်။

တာချီလိတ်သို့ အများဆုံး လာရောက်ကြသည့် အလုပ်သမား အများစုမှာ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ နေပြည်တော် ပျဉ်းမနား စသည့် ဒေသများမှ အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

No comments: