Thursday, July 14, 2011

တိုက်ပွဲ လက္ခဏာများ အပိုင်း(၁)

အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။ ရောမသြ၀ါဒစာ ၇း၁၅

ရောမသြ၀ါဒစာ အခန်းကြီး ၇ မှာ တမန်တော်ကြီး ရှင်ပေါလုဟာ သူ့ရဲ့ စိတ်အတွင်းထဲမှာ ဖြစ်နေတဲ့ အရာတွေကိုတောင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောပြတာကို ကျွန်တော် သဘောကျတယ်ဗျာ။ ရင့်ကျက်တဲ့ ယုံကြည်သူတယောက်လည်းဖြစ်၊ တကယ့်ကို ကြီးမြတ်တဲ့ ခရစ်ယာန်တယောက်လည်းဖြစ်တဲ့ ဒီပုဂ္ဂိုလ်ကြီးက၊ သူ့ မှာ ဖြစ်ပျက်နေတဲ့ ရုန်းကန်နေရမှုကို မိတ်ဆွေ ယုံကြည်သူများကို ပြောပြနေခြင်းပဲဖြစ်ပါတယ်။

ရှင်ပေါလု ဒီလို ပြောပြတာ ကျွန်တော်ဖြင့် ၀မ်းသာလို့ မဆုံးပါဘူး။ ဘာကြောင့်လဲဆိုတော့ မိတ်ဆွေ နဲ့ ကျွန်တော်အပါအ၀င် ခရစ်ယာန်တိုင်းဟာ မှန်ကန်တဲ့ အရာတွေကို လုပ်ဖို့ ကြိုးစားတဲ့အခါတိုင်း စိတ်ထဲမှာ တိုက်ပွဲဆင်နွဲနေရတတ်တာမျိုးကို၊ သူကိုယ်တွေ့ ဝေငှပြောကြားလို့ပဲ ဖြစ်ပါတယ်။
ရှင်ပေါလုက အတွင်းစိတ်ထဲမှာ ရုန်းကန်နေရတဲ့ အချက် ၆ ချက်ကို ထုတ်ပြ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူဟောင်းနဲ့ လူသစ် ကြား ကိုယ်တွင်းစစ်ပွဲဖြစ်ခဲ့ရင် တွေ့ကြုံရမယ့် အချက် ၃ ချက်ကို ပြောပါ့မယ်။

စိတ်ရှုပ်ထွေးမှုကို ကြုံတွေ့ ရပါလိမ့်မယ်။ ရှင်ပေါလုက " ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။ " လို့ ဆိုတာကို တွေ့ ရပါတယ်။ သူပြောတဲ့ အထဲမှာ "ငါ" လို့ ဆိုထားတာကို သတိပြုစေချင်ပါတယ်။ သူဟာ တခြားလူတယောက်ယောက်၊ ရန်သူတယောက်ယောက်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ သူရဲ့စိတ် အတွင်းထဲမှာ ဖြစ်နေတဲ့ စိတ်ရှုပ်ထွေးနေမှုကို သူကိုယ်တိုင် သိမှတ်မိခြင်းဖြစ်ပါတယ်။

အပြစ်ရှိခြင်းနဲ့ ရှက်ခြင်း ကို ခံစားမိပါလိမ့်မယ်။ "ထိုသို့ငါသည် မကျင့်ချင်သော အကျင့်ကိုကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။" (ရောမသြ၀ါဒစာ ၇း၁၆) ဒီနေရာမှာ ကိုယ်လုပ်တဲ့ အရာဟာ မကောင်းမှန်း သိကြပါတယ်။ ကိုယ်ရဲ့ သြတ္တပ္ပက ကိုယ့်ကို ပြန်ပြီး ခြောက်လှန့်နေခြင်းဟာ ကိုယ်ဟာ မှားမှန်း သိသိကြီးနဲ့ကို လုပ်နေတယ်ဆိုတာ ပြနေတာပါပဲ။ သြတ္တပ္ပစိတ်ဟာ အပြစ်ရှိခြင်းနဲ့ ရှက်ခြင်း ခံစားရမှုကို ရလာဒ်အနေနဲ့  ဖြစ်ပေါ်စေပါတယ်။ ဘုရားသခင်က အဲဒီလို ခံစားနေရမှုမျိုးကို စိတ်ထဲမှာ သယ်မထားစေချင်ပါဘူး။

ရလာဒ်အနေနဲကတော့ တိုက်တွန်း သွေးဆောင်မှုနောက်ကို ပါသွားတတ်ပြီး စွဲသွားတတ်ကြပါတယ်။ ကိုယ်ရဲ့ ခန္ဓာအတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကို နိုင်အောင် တိုက်ဖို့ မလေ့ကျင့်ဘူးဆိုရင် တိုက်တွန်းသွေးဆောင်မှု နောက်ကို အလွယ်တကူပဲ ပါသွားတတ်ပြီး စွဲသွားပါလိမ့်မယ်။ "ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။" လို့ ရှင်ပေါလု ဆိုတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ လူ့တွေရဲ့ သဘောသဘာဝမှာ မှန်တာလုပ်ဖို့ကို ခုခံတားဆီးနေတဲ့ အရာဟာ မွေးကတည်းက ပါလာပါတယ်။ လွယ်လွယ်နဲ့ ပျော်ပါးရမယ့် အရာတွေဆိုရင် ကျွန်တော်တို့ လုပ်ချင်ကြပေမဲ့၊ မှန်ကန်ပြီး ကောင်းတဲ့အရာတွေကိုတော့ လုပ်ချင်စိတ် မရှိကြပါဘူး။

မကောင်းမှုဟာ ပျော်ဖို့ကောင်းတတ်ကြပါတယ်။ ဒါကြောင့်လည်းပဲ အလွယ်တကူပဲ စွဲတတ်ကြပါတယ်။
ကိုယ့်ဘ၀မှာ အထက်က အရာသုံးခုထဲက တခုခုနဲ့ ရင်းနှီးခံစားဘူးပါသလား။ ဘုရားသခင်ကို ကိုယ်ရဲ့ စိုးရိမ်နေရတဲ့ အရာတွေကို ပြောပြပါ။ ပြီးတော့ ကိုယ်လုပ်သင့်တဲ့အရာ ဘာလဲ ဆိုတဲ့ လမ်းပြမှုကို နားထောင်ပါ။ မနက်ဖြန်မှာ နောက်ထပ် ၃ ချက်ကို ကျွန်တော် ပြောပြပါဦးမယ်။

(ရစ်ဝါရင်၏ နေ့စဉ်မျှော်လင့်ချက် စာစောင်မှ ၈ ရက် ဇူလိုင် ၂၀၁၁ ရက်စွဲပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုသည်။)

No comments: