Monday, July 11, 2011

ဂျီအက်စ်အမ်ဖုန်းလိုင်း သိန်း ၄၀ ခြောက်လ အတွင်း ချပေးမည်

ငါးနှစ်အတွင်း ဂျီအက်စ်အမ်ဖုန်းလိုင်း သန်း ၃၀ ချထားပေးမည့် စီမံကိန်း၏ ပထမအဆင့်အနေဖြင့် ခြောက်လအတွင်း မြန်မာနိုင်ငံအနှံ့ ဂျီအက်စ်အမ် ဖုန်းလိုင်း သိန်း ၄၀ ချထားပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အကျယ်တ၀င့် ပြောသည်။

ဖုန်းလိုင်းများအတွက် တာဝါတိုင်များ၊ ၎င်းနှင့်ဆက်စပ်ရာ တည်ဆောက် ရေးစီမံကိန်းများကိုလည်း ဇူလိုင်လ အတွင်း၊ သို့မဟုတ် ဩဂုတ်လတွင် စတင်မည်ဖြစ်ပြီး စီမံကိန်းစတင်ပြီး ငါးလခန့်အကြာတွင် ဖုန်းအလုံးရေ လေးသန်း ချထားပေးနိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

"ပထမအကြိမ် ငှားရမ်းပေးမယ့် ဖုန်း လေးသန်းအတွက် လိုင်းဆွဲအား အဆင်ပြေစေဖို့ တာဝါတိုင် ၁,၄၅၀ လောက် ထပ်ထောင်ရမယ်။ ဂျီအက်စ်အမ်ဖုန်း တွေအတွက် လက်ရှိရှိတဲ့ အင်တာနက်လိုင်းက မလောက်ဘူး။ အခုရှိတဲ့ အင်တာနက်လိုင်းနဲ့ဆိုရင် ချထားပေးမယ့် ဖုန်းလေးသန်းမှာ ၂၅ ရာခိုင်နှုန်းပဲ သရီးဂျီ သုံးနိုင်မယ်။ "ဒါကြောင့် နောက်ထပ်ချမယ့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း အားလုံး အတွက် နောက်ထပ် အင်တာနက် ဂိတ်ဝေးတစ်ခုလည်း ထပ်ဆောက်ရမယ်"ဟု ၎င်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်နေသည့် တစ်ချိန်တည်းမှာပင် ပူးပေါင်း ဆောင်ရွက်မည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများကိုလည်း တာဝါတိုင်ထောင်ရန်အတွက် သင်တန်းပေးလျက်ရှိကြောင်း သိရသည်။

"တည်ဆောက်ရေးပိုင်းကို အခုလာမယ့် ဇူလိုင်လ၊ သို့မဟုတ် ဩဂုတ်လမှာ စတင်မယ်။ လုပ်ငန်းတွေစပြီး နောက် ငါးလလောက် အကြာမှာ ပထမအဆင့် အနေနဲ့ ဖုန်းအလုံးလေးသန်းကို one stop service နဲ့ ချပေးမှာပါ။ ချပေးတဲ့ ဖုန်းတွေအားလုံးမှာလည်း အင်တာနက် အသုံးပြုနိုင်မှာဖြစ်တယ်"ဟု ဦးဇော်မင်းဦးက ပြောသည်။

အဆိုပါဖုန်းများကို ငှားရမ်းရာတွင် လက်ရှိဈေးနှုန်း ငါးသိန်း၊ သို့မဟုတ် ထိုဈေးနှုန်းထက် လျှော့၍ချပေးမည်ဆိုသည်ကိုမူ မသေချာ သေးကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ဦးဇော်မင်းဦးက ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ လူဦးရေသန်း ၆၀ တွင် မိုဘိုင်းဖုန်းအလုံးရေ ၅ ဒသမ ၇ သန်းခန့် လူအများ အသုံးပြုနေကြောင်း သိရသည်။

No comments: