Friday, July 22, 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး (၂)


သာမန် လုပ်ငန်များဖြစ်သော အိမ်ဖော်အလုပ်နှင့် အထွေထွေလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင်လည်း အလုပ်ချိန်နှင့် အချိန်ပိုကြေးများ၊ လုပ်အားလစာများ ခေါင်းပုံဖြတ်ခံရခြင်း လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အလုပ်သမား အခွင့်အရေး မရရှိခြင်းများဖြင့် ခေါင်းငုံခံကာ အလုပ်လုပ်ကိုင်နေကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်များ၊ အလုပ်ရှင်များ၏ လိမ်လည်မှု ခေါင်းပုံဖြတ်မှုများလည်း ရှိသည်။ ရော်ဘာခြံများတွင် လုပ်ကိုင်ကြသော သူများမှာလည်း အလုပ်ရှင်များ၏ လှည့်ဖျားမှု၊ နကလိန် ခေါ် ဓားပြများ၏ ရန်ကိုကြုံတွေ့နေရသည်။

ပြည်တွင်းမှ အခက်အခဲ အကြပ်အတည်းများကြောင့်သာ မျှော်လင့်ချက်ကြီးစွာ အန္တရာယ်ကို အမှုမထားဘဲ အလုပ်လုပ်ကိုင်နေကြခြင်းသာ။

ထို့အပြင် ၁ နှစ်စာ အလုပ်လုပ်ခွင့် လက်မှတ်ရှိသူများအနေဖြင့် တချို့သောအလုပ်ရှင်များ၏ ချုပ်ကိုင်ခြင်း ခံရပြီး အလုပ်အကိုင်ပြောင်းလဲရန် အခက်အခဲများရှိခြင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရှိသူများလည်း စာအုပ်အသိမ်းခံရခြင်းတို့ ရှိသည်။ တချို့ဆိုလျှင် တရားဝင် စာရွက်စာတမ်းရှိသော်လည်း အလုပ်ရှင်များက ချုပ်ကိုင်ထားသောကြောင့် တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ပြသရန် အထောက်အထားမရှိပေ။ ထို့ကြောင့် ငွေကြေးမကုန်သင့်ပဲ ကုန်လျှက်ရှိနေကြသည်။

ထိုင်းနယ်မြေခံရဲ အများစုနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ထိုင်းအလုပ်ရှင်များ၊ ယာယီနိုင်ငံကူးလက်မှတ် ပွဲစားများအပါအဝင် ပွဲစားအမျိုးမျိုးအဖို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်စရာ စားကျက်ဖြစ်နေပေသေးသည်။ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားရေး ဆောင်ရွက်သည့်အဖွဲ့များ၏ ထိရောက်သော ကူညီဆောင်ရွက်ပေးနိုင်မှုမှာလည်း အနည်းငယ်မျှသာ။

ထိုင်းနိုင်ငံသို့ရောက်လျှင် အလုပ်သမားမှတ်ပုံတင် ပြုလုပ်ရန် အခွင့်အရေးရပါက ပြုလုပ်ကြသည်။ ထိုမှတဆင့် ယာယီနိုင်ငံကူးလက်မှတ် တရားဝင် အလုပ်လုပ်ခွင့်ပါမစ် စသည်တို့ကို ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့် အကုန်အကျခံ ပြုလုပ်ကြရသည်။ ထိုကဲ့သို့ အကုန်အကျခံကာ ပြုလုပ်ထားသောလည်း အလုပ်နာမည်မတူခြင်း၊ အလုပ်ရှင်အမည် မှားယွင်းခြင်း၊ အလုပ်လုပ်သည့် နယ်နိမိတ် မမှန်ကန်ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များတွင် လ၀က စာရွက်မပါရှိခြင်း၊ ရက် ၉၀ တိုင်း လဝကသို့ အကြောင်းမကြားမိဘဲ ရက်ကျော်ခြင်း၊ စစ်ဆေးသည့်အချိန်တွင် စာရွက်စာတမ်းများ လက်ဝယ်မရှိခြင်းတို့ကြောင့် စစ်ဆေးခံရသောအခါ ငွေညှစ်ခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းများ ကြုံနေရဆဲဖြစ်ပြီး ပလိုင်းပေါက်နှင့် ဖားကောက်နေကြသကဲ့သို့ ရှိသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများအနေနှင့် မိမိဘက်မှ စိတ်ချရအောင် အလေးထား ဆောင်ရွက်သင့်ပေသည်။ စာရွက်စာတမ်းများအား ကိုယ်နှင့်မကွာ ထားရှိခြင်း၊ အလုပ်ရှင် အမည်မတူပါက အလုပ်သမားရုံးတွင် သွာရောက်ပြီး အမည်ပြောင်းခြင်း၊ အလုပ်အကိုင်အမျိုးအစား မှန်ကန်အောင်ဖြည့်စွက်ခြင်း၊ အလုပ်ခွင်ဒေသ တူညီအောင်ပြောင်းလဲခြင်း စသည်ဖြင့် လုပ်ဆောင်သင့်သည်။
မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်

ထိုင်းအလုပ်ရှင်မှ အောက်ခြေ အထွေထွေအလုပ်သမားများကို ခေါ်ယူရာတွင် ထိုင်းလူမျိုးများကို ခေါ်ယူပါက လုပ်ခ ဈေးကြီးခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ပေးရခြင်းတို့ ရှိသည်။ ထို့ကြောင့် ဈေးပေါပြီး လုပ်သမားအခွင့်အရေး ပေးရန်မလိုဘဲ ခိုင်းစေနိုင်သော၊ လွယ်ကူစွာချုပ်ကိုင်နိုင်သော မြန်မာအလုပ်သမားများကို ခေါ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများက အလုပ်ကြိုးစားသောကြောင့်လည်း ထိုင်းအလုပ်ရှင်များက ခေါ်ယူလိုကြသည်။

မြန်မာအလုပ်သမား တချို့တလေသာ အလုပ်ရှင်အား ပေးရန်ရှိသော အကြွေးများကို မပေးဘဲ ထွက်ပြေးခြင်း၊ အလုပ်သစ်ရှာခြင်းတို့ ရှိသည်။

ကူညီဆောင်ရွက်ရန်

ထိုင်းရောက် မြန်မာအလုပ်သမားအရေးအား ဘန်ကောက်ရှိ မြန်မာသံရုံး၊ အလုပ်သမားအရေး ဆောင်ရွက်နေသော NGO အဖွဲ့အစည်းများ၊ ထိုင်းအာဏာပိုင်များက လူကုန်ကူးမှု တာဆီးရေးပညာပေးခြင်း၊ အလုပ်သမား အခွင့်အရေးဆိုင်ရာများနယ်မြေအလိုက် ဟောပြောပညာပေးခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားကြားနားလည်မှု ရရှိစေရန် ထိရောက်စွာ ညှိနှိုင်းပေးခြင်း၊ ခေါင်းပုံဖြတ် ဖိနှိပ်စော်ကားခြင်းတို့ကို ပူးပေါင်းပြီး ထိရောက်စွာ အကူအညီပေးခြင်းများဖြင့် ဆောင်ရွက်သင့်ပေသည်။

နယ်မြေအလိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် အလုပ်သမားများအကြား နွေးထွေးသော ဆက်ဆံရေး ရှိရန်လည်း လိုအပ်သည်။ အလုပ်သမားများအနေဖြင့်လည်း လက်လှမ်းမှီသလောက် ပတ်ဝန်ကျင်အတွင်း ထပ်ဆင့်ပြန်လည် ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းများကို ၀ိုင်းဝန်ဆောင်ရွက်သင့်ပေသည်။


ဧရာဝတီသတင်း

No comments: