Tuesday, July 5, 2011

ပြည်ပထွက်ခွာ ခရီးသည်ဝန်ဆောင်မှုစရိတ် နိုင်ငံသားများကိုပါ အမေရိကန်ဒေါ်လာ ၁၀ နှုန်း ကောက်ခံမည်

ပြည်ပခရီးထွက်ခွာမည့် မြန်မာနိုင်ငံ သား၊ခရီးသွားများအား ခရီးသည် ၀န်ဆောင်မှုစရိတ် Passenger Service Charge ကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ခါ အမေရိကန်ဒေါ်လာ ၁၀ နှုန်းဖြင့် ရန်ကုန်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် စတင် ကောက်ခံ မည်ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ခရီးသည် ၀န်ဆောင်မှုစရိတ်ဆိုတဲ့အတိုင်း လက်ရှိလေဆိပ်ဝန်ဆောင်မှု အပိုင်းတိုးချဲ့ဖို့အတွက် ဒီလို တိုးမြှင့် ကောက်ခံရခြင်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှစပြီး ၀ယ်မယ့် နိုင်ငံခြား လေကြောင်းလက်မှတ်တွေဆို လက်မှတ်နဲ့အတူ တစ်ခါတည်း ထည့်ကောက်မှာဖြစ်ပြီး လက်ရှိ လက်မှတ်ကြိုဝယ်ပြီး သူတွေကိုတော့ လေဆိပ်ရောက်မှ သက်ဆိုင်ရာလေကြောင်းလိုင်းတွေက ကောက်ခံမှာဖြစ်ပါတယ်။ အရင်လို အချိန်ကုန်ခံ တန်းစီပြီး စောင့်စရာ မလိုတော့ပါဘူး၊ မြန်မာနိုင်ငံသားတွေကိုပဲ တိုးမြှင့်ကောက်ခံ တာဖြစ်ပြီး နိုင်ငံခြားသားတွေကိုတော့ အရင်အတိုင်း ဒေါ်လာ ၁၀ နှုန်းဖြစ်ပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်ပမထွက်ခွာမီ ပေးဆောင်ရ သော ခရီးသည်ဝန်ဆောင်မှုစရိတ်ကို ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ နှင့် မြန်မာ နိုင်ငံသားတစ်ဦးလျှင် ကျပ် ၅၀၀ ကောက်ခံလျက်ရှိရာမှ လွန်ခဲ့သောနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး နိုင်ငံခြားသား များအား ပြောင်းလဲမှုမရှိသော်လည်း မြန်မာနိုင်ငံသားများကိုမူ တစ်ဦး လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့်တိုးမြှင့် ကောက်ခံခဲ့သည်။
 

No comments: