Sunday, July 3, 2011

 အမျိုးသမီး တစ်ဦးအား တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချခဲ့သူ လေးဦးကို အရေးယူခဲ့ပြီး သိမ်းဆည်း ရရှိငွေကို ရောင်းစားခံရသူအား နစ်နာကြေး အဖြစ် ပေးအပ်

အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချခဲ့သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး တို့အား ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး အမှုမှ သက်သေပစ္စည်း အဖြစ် သိမ်းဆည်းရရှိသည့် ငွေကျပ် ၅၀၀၀၀ ကို ရောင်းစားခံရသူအား နစ်နာကြေး အဖြစ် ပေးရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ အမျိုးသမီး တစ်ဦးအား အသိမိတ်ဆွေ ဖြစ်သူ အမျိုးသားတစ်ဦးက ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် လစာကောင်းနှင့် အလုပ်ရရှိမည်ဟု ပြောဆို ခေါ်ဆောင်သွားရာ ရက်ပေါင်း ၂၀ တိုင် အဆက် အသွယ် မရရှိသဖြင့် မိခင်ဖြစ်သူက ၂၀၁၀ ပြည့်နှစ် မတ်လကုန်ပိုင်းတွင် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ လူပျောက် တိုင်ကြားရာမှ စစ်ဆေး ပေါ်ပေါက်ခဲ့သော အမှု ဖြစ်သည်။

အမျိုးသမီးအား အလုပ် ရရှိမည်ဟု စည်းရုံး ခေါ်ဆောင်သွားသည့် အမျိုးသားအား အင်းစိန်မြို့နယ် ကွက်သစ် ရပ်ကွက် (၄၈)ကားဂိတ် အနီးတွင် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် ပါရှိသည့် အထုပ်တစ်ထုပ်နှင့်အတူ ဖမ်းဆီးရမိသဖြင့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ရာ ၎င်းသည် အင်းစိန်မြို့နယ်နေ အသိအကျွမ်း အမျိုးသမီးအား အခြား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပူးပေါင်းကာ ရန်ကုန်မှတစ်ဆင့် မန္တလေး၊ လားရှိုး၊ ချင်းရွှေဟော် တို့ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ ပြီး တရုတ်နိုင်ငံရှိ မြို့တစ်မြို့တွင် တရုတ် အမျိုးသား တစ်ဦးအား ငွေကျပ် ၁၀ သိန်းဖြင့် ရောင်းစားခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်နိုင်ခဲ့သည့် အမှု ဖြစ်သည်။ တရားခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦး တို့အား ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ရဲတပ်ဖွဲ့စခန်းက (ပ)၅၂၉/၂၀၁၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈(က)ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည့် အမှု ဖြစ်ကြောင်း သိရသည်။

No comments: