Sunday, May 29, 2011

အဲကမ္ဘောဇလေကြောင်း ထားဝယ်နှင့် တာချီလိတ်မြို့ခရီးစဉ်များကို ပုံမှန် စတင်ပျံသန်းပြေးဆွဲနေ

ကမ္ဘောဇကုမ္ပဏီအုပ်စုပိုင် အဲကမ္ဘောဇ လေကြောင်းလိုင်းသည် မေလ ၁၆ ရက် နေ့တွင်
ထားဝယ်မြို့နှင့် ၁၇ ရက်နေ့တွင် တာချီလိတ်မြို့များ သို့စတင်ခါ ပုံမှန် ပျံသန်းပြေးဆွဲပေးနေသည်။

"မေလ ၁၆ ရက်နေ့ကစပြီး ထားဝယ်မြို့ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ သောကြာနေ့တွေမှာ ပျံသန်းပြေးဆွဲမှာဖြစ်ပြီး တာချီလိတ်မြို့ကိုတော့ အပတ် စဉ် အင်္ဂါ၊ ကြာသပတေး၊
စနေနဲ့တနင်္ဂနွေနေ့တွေမှာ ပျံသန်းပြေး ဆွဲ သွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်တွေကိုလည်း
လက်ရှိ ထိုင်ခုံ ၆၄ ခုံပါ အေတီအာရ် ၇၂-၅၀၀ လေယာဉ်တစ်စင်းနဲ့ဆက်ပြေးဆွဲမှာဖြစ်ပါတယ်" ဟု လေကြောင်းလိုင်း၏ လက်ထောက် အထွေထွေမန်နေဂျာဖြစ်သူ ဦးမြတ်သူကပြောသည်။

"ဒီလကုန်လောက်ဆို နောက်ထပ် လေယာဉ်တစ်စင်း ထပ်ဖြည့်ဖို့ စီစဉ်နေပါတယ်။ အဲဒီနောက်ပိုင်း မြစ်ကြီးနားမြို့နဲ့ ကော့သောင်းမြို့တွေကိုလည်း ပျံသန်း ပြေးဆွဲဖို့
ရည်ရွယ်ထားပါတယ်"ဟု ၎င်းက ပြောသည်။

လေကြောင်းလိုင်း၏ ပထမဆုံး ခရီးစဉ်အဖြစ်၊ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး-ရန်ကုန်
ခရီးစဉ်နှင့် ရန်ကုန်-မြိတ်-ရန်ကုန် ခရီးစဉ် များကို ဧပြီလ၂ ရက်နေ့က စတင်ပျံသန်းပြေး
ဆွဲခဲ့သည်။ လတ်တလောတွင် ထိုင်ခုံ ၆၄ ခုံပါ အေတီအာရ် ၇၂-၅၀၀လေယာဉ်တစ်စင်း
ဖြင့် ခရီးစဉ်များကို ပျံသန်းပြေးဆွဲနေကာ ၂၀၁၁ ခုနှစ် မကုန်မီနောက်ထပ် လေယာဉ်သုံးစင်း ထပ်မံဖြည့်စွက်ပျံသန်းမည်ဟု သိရ သည်။

ထို့ပြင် အဲကမ္ဘောဇလေကြောင်း လိုင်းသည်ပြည်ပခရီးစဉ်များပါ ပျံသန်းပြေးဆွဲခွင့်ရရှိ
ထားပြီးဖြစ်သည်။ ရုံးချုပ်ကို ရန်ကုန်မြို့ကမ်းနား လမ်းရှိ မြန်မာ့လေကြောင်း အဆောက်အ
အုံတွင် ဖွင့်လှစ်ထားပြီး ရုံးခွဲများကို ညောင်ဦး၊ မန္တလေး၊ ဟဲဟိုးနှင့် တောင်ကြီးမြို့တို့တွင်
ဖွင့်လှစ်ထားသည်။

အဲကမ္ဘောဇသည် အဲမန္တလေး၊ အဲပုဂံ၊ အေးရှန်းဝင်းနှင့် အစိုးရပိုင်
မြန်မာ့လေကြောင်းတို့ပြီးလျှင် မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ပြည်တွင်း လေကြောင်း လိုင်းဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီး စဉ်များကို ပျံသန်းပြေးဆွဲနေသည်။

No comments: