Sunday, May 22, 2011

အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ

Written by မောင်စံပေါ   

ပစ္စည်းတစ်ခုကို တန်ဖိုး ဘယ်ရွေ့ဘယ်မျှ ဆိုပြီး ဈေးနှုန်း ရေးရေး မရေးရေး ဘယ်လောက်တော့
တန်တာဘဲ၊ ဘယ်လောက်တော့ တန်မှာလဲ စသဖြင့် ယေဘုယျလောက်တော့ သိကြ၊ လက်ခံကြတတ်ပါတယ်။ လူတွေဆိုရင် . . .

ရန်ကုန် ၀ိဇယမီးပွိုင့်မှာပါ။

ကားတွေ ဥဒဟို ဖြတ်သန်း မောင်းနှင်နေချိန်မှာ မီးပွိုင့်က စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်နဲ့။
တစ်ခုသော စိမ်းဝါနီမှာပေါ့ဗျာ။ ဘယ်ဘက်ကွေ့ကြောမှာ ကွေ့နေကြတဲ့ ကာတွေထဲက
ကားကြီးကားကောင်း တစ်စီးကွေ့ရင်း မီးနီမိသွားတယ်။ ဒီတော့ ကွေ့လက်စနေရာ လမ်းဆုံ
ရဲ့ အလယ်ခေါင်မှာ ရပ်တယ်။မြင်လိုက်တာနဲ့ အင်မတန့် အင်မတန်မှ ဈေးကြီးမှန်း
သိသာတဲ့ကားကြီးပေါ့။ အဲဒီကားကြီး ကိုးလို့ကန့်လန့် ရပ်ထားတော့ မီးပွိုင့်လွတ်လာတဲ့ကား
တွေ ဒုက္ခရောက်ကုန်တယ်။ တည့်တည့်သွားဖို့ထားတဲ့ ယာဉ်ကြောနှစ်ကြောထဲက
တစ်ကြောက လုံးဝ ပိတ်သွားတယ်။
တစ်ဖက်ကနေ တည့်တည့်သွားမယ့် အငှားကား ယာဉ်မောင်းကတော့ သည်းခံနိုင်ဟန်
မရှိတော့ပါဘူး။ ကားခေါင်းထဲကနေ ခေါင်းပြူပြီး ''ခင်ဗျားတို့ ဘယ်လိုလုပ် ရပ်ထားတယ်။ နောက်ပြန်ဆုတ်ပါလား။ ဒီမှာ ကားတွေပိတ်ကုန်ပြီတဲ့''။ စိတ်တိုတိုနဲ့ အော်ပါရော။
ကားကောင်းကြီးကတော့ ခပ်တည်တည်နဲ့ နောက်မဆုတ်တဲ့ အပြင် ကားပေါ်မှာ
မိန့်မိန့်ကြီး ထိုင်နေတဲ့ မိန်းမကြီးတစ်ယောက် အငှားကားယာဉ်မောင်းကို လက်ညှိုးငေါက်
ငေါက်ထိုးပြီး ပြန်အော်ပါရော။ ''ဟဲ့ နင်ခိုင်းတိုင်းလုပ်ရအောင် နင်က ဘာကောင်မို့လို့လဲ။
အောက်တန်းစား တက်စီသမားကများ လူပါးဝလို့'
ပြောတဲ့စကားနဲ့ လေယူလေသိမ်းနဲ့ မျက်နှာပုံစံ၊ အသားအရည် အရောင်အသွေးက
အဲဒီမိန်းမကြီး ကိုယ်စားပြုတဲ့ မျိုးနွယ်စုကို အထင်သား ဖော်ပြနေတယ်။

 စိတ်တိုဒေါသထွက်စွာနဲ့ အငှားကားယာဉ်မောင်း တံခါးဖွင့်ပြီး လမ်းပေါ်ဆင်းလာတယ်။
အဲဒီအချိန်မှာပဲ တစ်ဖက်မီးပွိုင့်က စိမ်းသွားတာနဲ့ ကားအကောင်းစားကြီး ၀ူးကနဲ မောင်းထွက်
သွားတယ်။ မိန်းမကြီးက တံထွေးတစ်ချက် ထွီကနဲထွေးရင်း လမ်း ပေါ်က အငှားကား
ယာဉ်မောင်းကို စေ့စေ့ကြည့်သွားတယ်။ လမ်းပေါ်က ကားဆရာခမျာ လက်သီးလက်မောင်း
တန်းပြီး ဒေါသထွက်လွန်းလို့ တုန်ပြီး ကျန်နေခဲ့တယ်။
အဲဒီမိန်းမကြီးကို မိုက်ရိုင်းခွင့်လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
       
ရန်ကုန် အေဒီလမ်းမီးပွိုင့်မှာပါ။

ပြည်လမ်းရဲ့ ယာဉ်ကြောသုံးခုထဲက ဘယ်ဘက် အစွန်ဆုံးကြောကို ဘယ်ကွေ့တဲ့ကားတွေ
အတွက် သီးသန့်ပေးထားပြီး မီးပွိုင့်မှာလဲ မီးစိမ်း သီးခြားအချက်ပြ တပ်ဆင်ထားပါတယ်။
ပြည်လမ်း မီးနီ မိနေချိန်မှာ အရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ကားကြီးတစ်စီး မောင်းဝင်
လာတယ်။ ဘယ်ကွေ့ကြောအတိုင်း လာပြီး ရှေ့ဆုံးမှာရပ်တယ်။ ကားရဲ့နံပါတ်က သာမန်ကား
နံပါတ်တွေလို မဟုတ်ဘူး။ နံပါတ်သက်သက် အဖြူရောင်နံ ပါတ်ပြားနဲ့။ ကားရှေ့မှာလဲ အလံ
တိုင်ငယ် တစ်ခုကို သားရေအစွပ် အမဲနဲ့ ကပ်ထားတယ်။ ဘယ်အလံမှန်းတော့ မသိရဘူးပေါ့။
ဗဟုသုတရှိ သူတွေကတော့ ဘယ်ကကားလည်း သိမှာပါ။မီးစိမ်းတယ်။ ဘယ်ကွေ့ကြောက
ကားတွေ လွတ်လွတ်လပ်လပ် ကွေ့နိုင်ဖို့ သီးသန့် အချက်ပြမီးစိမ်းက ပေါ်လာတယ်။ မြားစိမ်း
စိမ်းရယ်။ ၂၀၊ ၁၉၊ ၁၈၊ ၁၇ စသဖြင့် တဖြည်းဖြည်း ငယ်သွားတဲ့ ဂဏန်းတွေက အချိန်ကိုပြလို့။
ကွေ့ဖို့ သီးသန့်ခွင့်ပြုထားတဲ့ လိုင်းရဲ့ထိပ်က ကားအကောင်းစားကြီးက လုံးဝမလှုပ်။ နောက်
ကားက မီးဖွင့်ပိတ်လုပ်ပြီး သတိပေးတယ်။ မမြင်တာလား။ ဂရုမစိုက်တာလား။
ကားအကောင်းစားကြီးရယ်။ ငြိမ်လို့ ခပ်တည်တည်ပဲ။ကွေ့ကြောသီးသန့် မီးစိမ်း အပြီးမှာ
တည့်တည့်သွားမယ့် မီးစိမ်း ပေါ်လာတယ်။ ၀ူး ခပ်တည်တည် ကားအကောင်းစားကြီး
ခပ်တည်တည်ပဲ တည့်တည့် မောင်းထွက်သွားတယ်။ ကွေ့ဖို့ ခွင့်ပြုချိန်မှာ မကွေ့လိုက်ရတဲ့
တသီတတန်းနဲ့ ကားတွေ နောက်မှာရပ်ပြီး မေတ္တာပို့ ကျန်ခဲ့တယ်။
အဲဒီကားမောင်းတဲ့ နိုင်ငံကြီးသားကို စည်းကမ်းဖောက်ဖျက်ခွင့် လိုင်စင်ပေးထားတာ
မဟုတ်ပါဘူး။

နာမည်ကြီး နိုက်ကလပ် တစ်ခုမှာပါ။

မပြောပါရစေနဲ့တော့။ ညကလပ်ပါဆိုမှ တရားမှတ်တဲ့လူတွေ ဘယ်လာကြမှာလဲ။ သန်းခေါင်
ကျော်လို့ တစ်နာရီတောင် ခွဲနေပြီ။ကားရပ်တဲ့နေရာမှာ ကားတွေက ဒင်းကြမ်း။ အများစုက ခပ်မိုက်မိုက်ကားတွေ။ အဲဒီကားတွေက ဈေးက မိုးပေါ်မှာဆိုတာ တော်ရုံတန်ရုံလူ သိပါတယ်။
အဲဒီထဲက ကားတစ်စီးရဲ့ နံပါတ်ပြားက ဖြူ၊ နက်၊ နီ၊ ပြာ တစ်ခုမှမဟုတ်တဲ့ တခြားအရောင်။
ကားဝယ်ယူတင်သွင်း ခွင့်ပြုချက် မူလရထားသူပဲဖြစ်ဖြစ်၊ သူ့ဆီကနေ တစ်ခြားသူတစ်ယောက်
ယောက်က ခဏယူသုံးတာပဲ ဖြစ်ဖြစ်၊ ယာဉ်မောင်းက ခိုးထွက်လာတာမျိုးပဲ ဖြစ်ဖြစ်၊
ဘာတွေဖြစ်ဖြစ်ပါ မလျော်မကန်ကြီးပါလား ဟရိုး ဆိုပြီး အော်ချင်မိတာ အမှန်ပါ။
အဲဒီသူတို့ကို လုပ်ချင်ရာလုပ်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။


ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။ လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ  .  .  .
       
အဆင့်မြင့် စားသောက်ဆိုင်ကြီး တစ်ခုမှာ။

အထပ်အမြင့်ကြီးမှာ ဖွင့်ထားလို့ အဆင့်မြင့်ပြောတာ မဟုတ်ဘူး။ သန့်ရှင်းသပ်ရပ် လှပခန့်ညားပြီး
ဈေးကလဲ အင်မတန်ကြီးတာမို့ ပြောတာ။ နောက်ပြီး ဇွန်းခရင်းတွေကလဲ ငွေသားစစ်စစ်တွေ။ လာတဲ့သူတွေကလဲ ကြေးရတတ်တွေပဲများတာ။
 အဲဒီတစ်ခုသော သီးသန့်ခန်းမှာ ရေပေါ်ဆီတစ်စု ညစာ သုံးဆောင်ကြတယ်။ ထုံးစံအတိုင်း စားစားသောက်သောက် ပြောပြောဆိုဆိုနဲ့ပေါ့။ သူ့ ရိုးလက်နာရီက ဘယ်လောက်တန်တာ။
ငါ့ကိုရမ်နာရီက ဘယ်လိုဈေးကြီးတာတွေလဲ ပါတယ် ဘောလုံးပွဲ၊ ရုပ်ရှင်၊ ကိုရီးယားမင်းသား၊
မင်းသမီး ဘာညာစုံပါရော။
အဲဒီမှာတင် ဟိုတစ်ယောက်က ငါနဲ့ဘယ်မှာ ဘယ်လိုဖြစ်ဖူးတာတို့၊ ဘာတို့ညာတို့ကို နာမည်
တွေနဲ့ ပျစ်ပျစ်နစ်နစ် တစ်ယောက်နဲ့တစ်ယောက် အားကျမခံ ပြောကြပါရော။ တကယ်ပဲလား။ ပါးစပ်အရသာခံ ပြောတာလား။
ဘာပဲဖြစ်ဖြစ် မကောင်းတာအ မှန်။ စောင့်ရမယ့် ''စည်း''ကို ကျော်ပြီး ပြောချင်ရာ ပြောကြ
တာဗျာ။နောက်ပြီး စားပွဲထိုးလေးကိုလှမ်းပြောသေးတယ်။ ''နင်ငါတို့အခုပြောနေတာတွေကို
ဘယ်သူ့မှ လျှောက်မပြောနဲ့နော်''တဲ့။  သေချာပါတယ် ပြောမှာ။
အဲဒီပုဂ္ဂိုလ်များကို တစ်ဖက်သား ထိခိုက်နစ်နာအောင် အသရေဖျက်ပြောခွင့် လိုင်စင်ပေး
ထားတာ မဟုတ်ဘူး။
     
အဆင့်မြင့် ဂေါက်ကွင်းကြီး တစ်ခုမှာ။

ပိတ်ရက်ဖြစ်တော့ ထုံးစံအတိုင်း လူကများလှသပေါ့။ ဒီတော့ တီရုံမှာ စထွက်ရဖို့
အရေးက စောင့်ရတယ်။ ကြာတယ်။ စရိုက်မဲ့အဖွဲ့၊ ရိုက်ဖို့ပြင်နေတဲ့ အဖွဲ့၊ နောက်လိုက်မဲ့
အဖွဲ့ စသဖြင့် အနည်းဆုံး သုံးဖွဲ့လောက် နေရာယူထားတာဆိုတော့ လူဆယ့်လေးငါး
ယောက်လောက် ရှိသပေါ့ဗျာ။ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်ခွဲရသလို ကြွားချင်
တဲ့ ပုဂ္ဂိုလ်များဆိုလည်း ကြွားဖို့ အင်မတန် အဆင်သင့်ချိန်ပေါ့။
 ''ဟဲ့ကေင်မလေး၊ ငါ့ဒရိုင်ဗာ အသစ်ယူခဲ့စမ်း''
ကျယ်ကျယ်ဟဟ အသံထွက်လာတော့ ဂေါက်သီးရိုက်မယ့် လူတွေရော၊ ကျန်တဲ့ ကယ်ရီ၊
ထီးမိုး၊ တီဇုံဝန်ထမ်း စတဲ့ လူတွေရဲ့ အာရုံက အသံလာရာဆီကို ရောက်သွားကြတယ်။
 ''ငါ့ကို ဂေါက်တုတ် အသစ်နော်၊  အဲဒီ တစ်ချောင်းထဲကို သိန်းငါးဆယ် ပေးရတာ''
ဘာကြီးလဲဟ၊ သူ့ဖာသား ငါးဆယ်မလို့ ငါးရာဖြစ်ဖြစ်၊ ငါးထောင်ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့်
အားကျအထင်ကြီးတဲ့ မျက်လုံးတွေလဲရှိရဲ့။ ဆက်လာတဲ့စကားက နားထဲကို ခါးသီးစွာ
ဝင်လာတယ်။
''ကောင်းကေင်းကိုင်ခဲ့၊ ထိခိုက် ပွန်းပဲ့သွားလို့ကတော့ ငါနဲ့တွေ့မယ်။ အဲဒီလောက်ပိုက်
ဆံ နင်ဟိုဟာလုပ်ရှာတောင် တစ်သက်လုံးရမှာ မဟုတ်ဘူး''သွားပြီ။ ကယ်ဒီလေး
မျက်နှာ ရဲကနဲ ဖြစ်သွားတယ်။ အနားက ဂေါက်သမားတချို့ မျက်နှာလည်း မည်းကနဲနဲ့။
အဲဒီလူကို နိုင်ထက်စီးနင်း ပြုကျင့်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
       
ရန်ကုန်က နာမည်ကျော် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုမှာ သူငယ်ချင်းတစ်စု လက်ဖက်
ရည်သောက်၊ မနက်စာစားရင်း စကားပြောနေကြတယ်။ မရှိမရှား ပုံစံတွေကြားမှာ
တစ်ယောက်ကတော့ စီးပွားရေး အလွန်ကောင်းပုံ ပေါက်ပါတယ်။ သူ အဆင်အပြင်
အဆင်တန်ဆာတွေက သက်သေလေ။''ကဲရှင်းမယ်၊ ပိုက်ဆံတွက်''

ပိုက်ဆံအိတ်ကြီးကို ဘုတ်ကနဲ ထုတ်ယူပြီး ပြောတယ်။ ''ဒါနဲ့ဟိုကောင်၊ မနက်ဖြန်မနက်
၆ နာရီတိတိ စရိုက်မှာနော်။ ကွင်းကြေး သောင်းကျော်ရော၊ ကယ်ဒီမုန့်ဖိုးပါ ငါပေးနေ
တာ။မင်းဘာကုန်ရတာ မို့လို့လဲ။ ဂေါက်သီးလေး လာရိုက်ပေးပါတယ်။ အရေးထဲ ပင့်ရ
ဖိတ်ရနဲ့၊ မင်းဖာသာဆို ဒီလိုကွင်းမျိုး သွားနိုင်လို့လား''

အပြောခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ ရင်ထဲမှာ ကျင်ခနဲ နာသွားတယ်။ သံယောဇဉ်နဲ့ လုပ်ပေးနေတာတွေကိုကွာ၊ မင်းလက်အောက်ငယ်သားလဲ မဟုတ်ရပေါင်ကွာ။
စိတ်ထဲက စကားတွေက နှုတ်ဖျားကို ရောက်မလာပါဘူး။ နောက်ပြီး အမြဲတမ်းလဲ
အားချင်မှအားမှာ၊ ပြီးတော့ အချိန်၊ လစ်ဟာသွားတဲ့ မိသားစုတာဝန်။တခြားဟာတွေ
တော့ ဖယ်ထားလိုက်ပါတော့။
ပစ္စည်းရှိတဲ့လူ အနေနဲ့ ပစ္စည်းမဲ့တဲ့လူကို စိတ်ဒဏ်ရာရအောင် လုပ်ခွင့် လိုင်စင်ပေး
ထားတာ မဟုတ်ပါဘူး။
        
ပုံပြင်လေးတစ်ပုဒ်ပါ။

သူဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။
(အိပဲ့၊ အိပဲ့ ငှက်သဗ္ဗာန် ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။)
''ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အ၀တ်အစားတွေ ရေစိုကုန်ရင်
မလွယ်ဘူး''   ''ဟုတ်ကဲ့''
ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။
''အခု တစ်နေ့ ဘယ်လောက်ရတုံး''
''အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့'
''၀င်ငွေဘာမှမရပါလား။ တယ်ညံ့သကိုး'' ခဏနေပြန်တော့ ''မင်းမှာ အိမ်ရောရှိရဲ့လား''
''မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာ နေတာ''
''အိမ်ကလေး တစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး''
ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုး
ဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။ အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး
လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။
''ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကိုဆယ်ပါဦး''
''ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး'' ပြောပြောဆိုဆိုနဲ့
သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော''

ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။
ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။
ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။
လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ။ကိုယ်အဆင်ပြေစေဖို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကြောင့်
အဆင်မပြေ ဖြစ်ရတာတွေလဲ ရှိလာတယ်။အားလုံးကို ဆိုလိုတာ မဟုတ်ပါ ဘူး။
ပိုင်ဆိုင်မှုတွေ များသထက်များပြားလာချိန်မှာကိုယ်ချင်းစာတရားတွေခေါင်းပါးလာတယ်။
ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။
ပုံမှန် ဆက်ဆံရေးတွေ ကွယ် ပျောက်လာတယ်။
''ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်''လို့ ပြောတတ်ကြပါတယ်''
ကိုယ်တစ်ယောက်ထဲနဲ့ ပြီးသွားမယ်ဆိုရင် ပြဿနာ မရှိပါဘူး။ ကိုယ့်လူမျီုး၊ ကိုယ့်နိုင်ငံ၊
ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်အလွှာ၊ ကိုယ့်ပတ်ဝန်းကျင် စသဖြင့်
ရိုတ်ခတ်မှုက အနည်းအများ ရှိမှာ။ ဒါ အသေအချာ။
        
မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းရဲ့အိမ် ကျောက်သင်ပုန်းမှာ ရေးထား
တဲ့ စာလေးတစ်ပိုဒ် ရှိပါတယ်။ ကောင်းတယ်ဗျ ဆိုပြီး သဘောကျသမို့ မှတ်သားခဲ့ဖူးတာ
ဖောက်သည်ချပါရစေ။ (ခွင့်တော့ မတောင်းတော့ပါဘူး။ အစ်ကိုကြီးရေ)

 ''အဖိုးတန်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင် အသုံးပြုနိုင်ရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ ရိုးသားစိတ်ကောင်းထားပြီး လူ့လောက ကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဆောင်
ရွက်မှ တကယ့် လူ့အဖိုးတန်တဲ့ဗျား။''

No comments: