Tuesday, May 24, 2011

ငလျင်ဒဏ်သင့် ဒေသများတွင် အပေါ်ယံမြေလွှာ အက်ကြောင်းများ အပြင် မမြင်ရသော မြေအောက် ဂလိုင်ကြောများကြောင့် မိုးကာလ၌ မြေပြိုကျနိုင်မှု အန္တရာယ် ပိုမိုသတိပြုသင့်

တာလေ ငလျင်ဒဏ်သင့် ဒေသများတွင် ငလျင်ကြောင့် အပေါ်ယံမြေလွှာ အက်ကွဲကြောင်း
များအပြင် မမြင်ရသော မြေအောက်ဂလိုင်ကြောများကြောင့် မိုးတွင်းကာလ၌ မြေပြိုကျနိုင်
မှုအန္တရာယ် ပိုမိုသတိပြုသင့်ကြောင်း ဘူမိဗေဒပညာရှင်များ ထံမှသိရသည်။

တာလေမြို့ဝန်းကျင်ဒေသတွင် ၂၀၁၁ ခုနှစ် မတ်လ၂၄ရက်နေ့တွင် အင်အားရစ်ခ်ျတာ
စကေး ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အဆိုပါဒေသများတွင်
မြေပြင်အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိရသည်။

“လှုပ်သွားတဲ့ငလျင်က အင်အားပြင်းတဲ့ အဆင့်ဖြစ်သလို မြေပြင်မှာလည်း အက်ကွဲကြောင်း
တွေ ဖြစ်သွားတယ်။ အပေါ်ယံမြေလွှာ အက်ကွဲတာ ကို လူတွေမြင်သာပေမယ့် အဲဒီမြေလွှာ
အက်ကွဲမှုက မြေအောက်အနက်ဘယ်လောက်အထိ သက်ရောက်လဲဆိုတာ ကို လူတွေမမြင်
နိုင်ဘူး။ ငလျင်ဒဏ်ကြောင့် အပေါ်ယံမြေလွှာ အက်ကွဲမှု အပြင်မြေအောက်မှာလည်း ဂလိုင်ကြီးတွေဖြစ်ပေါ်နိုင်ပြီး မြေပြိုကျမှုတွေဖြစ် ပေါ်နိုင်ပါတယ်။ နောက်ပြီးမိုးတွင်းဘက်
ရောက်လာရင် မိုးရွာသွန်းမှုတွေကြောင့် မြေပြင်ကပျော့ပြီး ဂလိုင်တွေ ကနေမြေပြိုကျမှုက
အလွယ်တကူဖြစ် နိုင်ပါတယ်”ဟု ဘူမိဗေဒပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။

“ငလျင်ဒဏ်ကြောင့် အဲဒီဒေသတွေမှာ မြေပြင်အက်ကြောင်းတွေ ဖြစ်သွားတယ်။ အင်အားပြင်း
ငလျင်လှုပ်ပြီး နောက်ပိုင်းမှာလည်း နောက်ဆက်တွဲ ငလျင်လေးတွေ ဆက်တိုက်လှုပ်ခဲ့တယ်။ ဘူမိဗေဒသဘောအရ ပြောရရင်အဲဒီ အက်ကွဲကြောင်းတစ်လျှောက် အနီးတစ်ဝိုက်မှာ မြေသား
အနု၊ အရင့် အပေါ်မူတည်ပြီးတော့ မြေပြိုကျမှုတွေ ထပ်မံဖြစ်ပေါ်နိုင်ပါတယ်”ဟု လည်း အဆိုပါ
ဒေသသို့ သွားရောက် လေ့လာတိုင်းတာခဲ့သည့် ဘူမိဗေဒ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

တာလေငလျင်ဒဏ်သင့် ဒေသများတွင် မတ်လ ၂၄ ရက်နေ့ညပိုင်း က အင်အားပြင်း ငလျင်လှုပ်
ခတ်ခဲ့ပြီး တစ်လကျော်ကြာသည့်တိုင် နောက်ဆက်တွဲ ငလျင်ငယ်လေးများ ဆက် တိုက်လှုပ်ခတ်
ခဲ့ကြောင်း ဒေသခံ များထံမှ သိရှိရသည်။

တာလေတွင် လှုပ်ခတ်ခဲ့သော ငလျင်သည် ရွှေတြိဂံ ပြတ်ရွေ့အတွင်း ရှိ နတ်မပြည်ရွေ့ကြောတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အတွင်း လှုပ်ခတ်ခဲ့သော ငလျင်များ အနက်
အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်းလည်း သိရသည်။

No comments: