Sunday, May 22, 2011

ယခု ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံရာ၌ ရန်ပုံငွေနှင့် အလှူငွေများ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထား

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ် မကြာမီ ရောက်ရှိတော့
မည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံရာ၌ရန်ပုံငွေနှင့်
အလှူငွေများ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသ အစိုးရ
အဖွဲ့ဝင် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေး
ဌာနများ၏ ၀န်ကြီးဖြစ်သူ ဦးဥာဏ်ထွန်းဦးက မေလ ၁၇ ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာ
များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ကျောင်းအပ်နှံရာတွင် ရန်ပုံငွေများ အလှူငွေများ ကောက်ခံခြင်း မပြုလုပ်ရန် အတွက်
ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေး အများဆုံး ကောက်ခံနေသည်ဟု နာမည်ထွက်နေသော
ကျောင်း ၁၉ ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်
အုပ်ချုပ်ရေးမှူးများ၊ တိုင်းဝန်ကြီးများကိုပါ ဖိတ်ကြားကာ တွေ့ဆုံဆွေးနွေးများ ပြုလုပ်ခဲ့သည်ဟု
သိရှိရသည်။''ကျောင်းအပ်နှံရာမှာ ကျောင်းရန်ပုံငွေအတွက် ပစ္စည်းတွေ ရောင်းချတာတို့၊
အလှူငွေတွေကောက်ခံတာတို့ မပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ အလှူငွေ ကောက်ခံခဲ့လို့
ရှိရင်လည်း တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်၊ ဖက်စ်ဖုန်း နံပါတ်တွေကိုလည်း ကျောင်းတွေမှာ ဖော်ပြပေးထားပါမယ်။ အလှူငွေတွေ ကောက်ခံလို့ အဲဒီ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့
တိုင်ကြားရင် စစ်ဆေးပြီး အရေးယူသွားမှာ ဖြစ်ပါတယ်။ ဘာအလှူငွေမှာ ကောက်ခံခြင်း
မရှိအောင်ကို ညွှန်ကြာထားပါတယ်။ စေတနာအလျှောက် လှူချင်တဲ့ သူတွေကိုတော့
ကျောင်းတွေမှာ နောက်ပိုင်းမှ အလှူခံဖို့ စီစဉ်ထားပါတယ်''ဟု ၀န်ကြီး ဦးဥာဏ်ထွန်းဦးက
ပြောကြားခဲ့သည်။

ကျောင်းများ အပ်နှံရာတွင် သူငယ်တန်းမှ စတုတ္ထတန်း အထိ မည့်သည့် ငွေကြေးမှ ပေးဆောင်
စရာ မလိုဘဲ ဖတ်စာအုပ်အတွက်သာ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ သူငယ်တန်းအတွက် ဖတ်စာအုပ်ကြေး ၂၃၀ ကျပ်၊ ပထမတန်း အတွက် ၃၀၀ ကျပ်၊ ဒုတိယတန်းအတွက် ကျပ် ၃၇၀၊
တတိယတန်း အတွက်ကျပ် ၅၂၀၊ စတုတ္ထတန်း အတွက်ကျပ် ၆၇၀ တို့ ဖြစ်ကြောင်းသိရှိရသည်။
ပဉ္စမတန်းမှ ဒသမတန်းအထိကိုမူ ဖတ်စာအုပ်ကြေးနှင့် ကျောင်းလခတို့ အပြင် အသင်းကြေး၊ စာကြည့်တိုက်ကြေးများကို ကောက်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ပဉ္စမတန်း ကျောင်း
အပ်နှံပါက ဖတ်စာအုပ်ကြေး ကျပ် ၇၄၀၊ ကျောင်းလခ(တစ်နှစ်လုံးအတွက်) ကျပ် ၅၀၀ နှင့် မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်နှင့် စာရေးကိရိယာကြေး စုစုပေါင်းကျပ် ၁၀၀၀
ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ဆဌမတန်းအတွက် ဖတ်စာအုပ်ကြေး ကျပ်  ၈၈၀၊ ကျောင်းလခ ကျပ် ၆၀၀၊ မိဘဆရာ
အသင်းကြေး၊ စာကြည့်တိုက်နှင့် စာရေးကိရိယာကြေး စုစုပေါင်း ကျပ် ၁၀၀၀ ကောက်ခံမည်
ဖြစ်ပြီး သတ္တမတန်းအတွက် ဖတ်စာအုပ်ကြေး ကျပ် ၁၀၃၀ နှင့် ကျောင်းလခ ကျပ် ၇၀၀ နှင့်
မိဘဆရာ အသင်းကြေး၊ စာကြည့်တိုက်နှင့် စာရေးကိရိယာကြေး စုစုပေါင်းကျပ် ၁၀၀၀
ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

အဌမတန်းအတွက် ဖတ်စာအုပ်ကြေး ကျပ် ၁၁၇၀ နှင့် ကျောင်းလခ ကျပ် ၈၀၀ နှင့်မိဘဆရာ
အသင်းကြေး၊ စာကြည့်တိုက်နှင့် စာရေးကိရိယာကြေး စုစုပေါင်း ကျပ် ၁၀၀၀၊ န၀မတန်း(သိပ္ပံတွဲ)
အတွက် ဖတ်စာအုပ်ကြေး ကျပ် ၁၅၅၀၊ ၀ိပ္ပံတွဲ အတွက် ဖတ်စာအုပ်ကြေး ကျပ် ၁၆၅၀ နှင့်
ကျောင်းလခ ကျပ် ၉၀၀ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်နှင့် စာရေးကိရိယာကြေး
စုစုပေါင်း ကျပ် ၁၀၀၀ ကောက်ခံမည် ဖြစ်သည်။

ဒသမတန်း(သိပ္ပံတွဲ) အတွက် ဖတ်စာအုပ်ကြေး ကျပ် ၂၁၀၀၊ ၀ိပ္ပံတွဲ အတွက် ဖတ်စာအုပ်ကြေး
ကျပ် ၂၁၄၀ နှင့် ကျောင်းလခ ကျပ် ၁၀၀၀၊ မိဘဆရာ အသင်းကြေး၊ စာကြည့်တိုက်နှင့် စာရေး
ကိရိယာကြေး စုစုပေါင်း ကျပ် ၁၀၀၀ တို့ ဖြစ်ကြောင်း သိရှိရသည်။

No comments: