Saturday, May 21, 2011

 ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ခွင့် ပြုထားသည့် ကွမ်ကျိုးနှင့် ဆီယမ်ရိ ခရီးစဉ်များဖြင့် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ ၀င်ရောက်မှု များပြား

ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ခွင့် ရရှိထားသည့် MAI လေကြောင်းလိုင်း၏ ရန်ကုန်-ကွမ်ကျိုးနှင့်
ရန်ကုန်-ဆီယမ်ရိ ခရီးစဉ်များဖြင့် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ လှည့်လည် ၀င်ရောက်မှု များပြားကြောင်း နိုင်ငံတကာ လေကြောင်းလိုင်းများထံမှ သိရှိရသည်။

MAI သည် ရန်ကုန်-ဆီယမ်ရိ ခရီးစဉ် နှင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်မည့် ကမ္ဘာလှည့် ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာပေးခြင်းကို ၂၀၁၀ ခုနှစ် မေလ ၁ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ခေတ္တရပ်နားခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ ရက်
နေ့တွင် ပျံသန်းခဲ့သည့် MAI ၏ ရန်ကုန်-ဆီယမ်ရိ ခရီးစဉ်တွင်မူ ဆိုက်ရောက်ဗီဇာ ပေးမှုကို
ပြန်လည် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို ကန့်သတ်ထားသော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သက်ဆိုင်ရာ ခရီးသွားလာရေး ၀န်ကြီးချုပ်များမှ ခရီးသွားလာရေး တိုးတက်စေရန် အတွက် MAI လေကြောင်းလိုင်းဖြင့် လာရောက်မည့် ဆီယမ်ရိမှ ခရီးသည်၊ မည်သည့် နိုင်ငံသားမဆိုအား
ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း MAI ၏ Marketing မန်နေဂျာ
မအေးမရသာက ပြောပြခဲ့သည်။ ထို့နောက် MAI ၏ ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်တွင်လည်း
ဆိုက်ရောက် ဗီဇာပေးခဲ့သည်။

လက်ရှိတွင် MAI မှ ပြေးဆွဲသည့် ဆိုက်ရောက်ဗီဇာပေးသည့်ခရီးစဉ်များဖြင့် ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ လှည့်ဝင်ရောက်မှု များလာကြောင်းသိရှိရပါသည်။ ''ကမ္ဘာလှည့်ခရီးသွားတွေ အထူး
သဖြင့် ရက်တိုပဲ နားရက်ရတဲ့သူတွေ အများစုဟာဆိုက်ရောက်ဗီဇာကိုအရမ်း စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံ ဗီဇာကလည်း သူများနိုင်ငံလို အွန်လိုင်းစနစ် မဟုတ်ဘဲ တန်းစီစောင့်ရတာလေ။ ဒီတော့ ကိုယ့်နိုင်ငံကို တစ်ပါတည်း ဆက်လည်ချင်တယ် ဆိုရင် ဗီဇာသတ်သတ် သွားလျှောက်ဖို့က အဆင်မပြေနိုင်ဘူး''ဟု Travels and Tours ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

MAI လေကြောင်းလိုင်းမှ မအေးမရသာကလည်း ''နိုင်ငံခြားသားတွေ အနေနဲ့ ဆီယမ်ရိ၊ ကွမ်ကျိုး ခရီးစဉ်တွေကနေ မြန်မာနိုင်ငံကို ဆိုက်ရောက်ဗီဇာနဲ့ ၀င်နိုင်တယ်ဆိုတာ သိတော့ ထည့်သွင်းစဉ်းစားလာကြတယ်။ ပြောရရင် ဘန်ကောက်ကနေ တခြား လည်ပြီးမှ မြန်မာနိုင်ငံကို လာမယ်ဆိုရင် တခြားနေရာမှာ ဆီယမ်ရိ၊ ကွမ်ကျိုးတို့ကနေ ၀င်လည်ပြီး လာတာမျိုးတို့။ ပြီးတော့
ဆီယမ်ရိ ဆိုတာမျိုးက နိုင်ငံတကာ ခရီးသွားတွေ အများဆုံး လာတဲ့မြို့ ဖြစ်တော့ ဒီကနေ ကမ္ဘာလှည့် ခရီးသွားတွေ တော်တော်များများ ၀င်လာပါတယ်''ဟု ပြောပြခဲ့သည်။

ထိုသို့ ဆိုက်ရောက်ဗီဇာပေးသည့် ခရီးစဉ်များတွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် စိတ်ဝင်
စားများပြားမှုနှင့်အတူ တစ်ပြေးညီ ဆိုက်ရောက်ဗီဇာ ထုတ်ပေးစဉ်က မြန်မာနိုင်ငံ၏ခရီးသွားမှာ
သိသိသာသာ မြင့်တက်ခဲ့၍ ယခုကဲ့သို့ ခရီးသွား နည်းပါးချိန်ကာလတွင် ဆိုက်ရောက်ဗီဇာ စနစ် ပြန်လည်ကျင့်သုံးခြင်းဖြင့် နိုင်ငံတကာ ခရီးသွားများအား ဆွဲဆောင်မှု တစ်ရပ် ဖြစ်ပေါ်စေနိုင်
ကြောင်း သုံးသပ်မှုများ ရှိသည်။

''ဆိုက်ရောက်ဗီဇာပေးတော့ ခရီးသွားတွေ တက်လာတာ အသိသာကြီးပါ။ ရပ်လိုက်တော့လည်း နည်းနည်းတော့ ပြန်ကျသွားပေမယ့် ခရီးသွားရာသီ ဖြစ်တော့ ၀င်လာကြပါတယ်။ အခုလို ခရီးသွားနည်းတဲ့အချိန်၊ ကိုယ့်နိုင်ငံက အပြောင်းအလဲကို စတင် ကျင့်သုံးချိန်မှာ ဆိုက်ရောက်ဗီဇာ ပြန်ခွင့်ပြုသင့်ပါတယ်။ ခရီးသွားကဏ္ဍ တိုးတက်ဖို့ နိုင်ငံတကာမှာ ဗီဇာကင်းလွတ်ခွင့်တွေ ကျင့်သုံးနေကြတယ်လေ။ လုံခြုံရေးကလည်း အရေးကြီးပေမယ့် တစ်ဖက်ကကြည့်ရင် မြန်မာနိုင်ငံ
မှာ investment တွေ များလာနိုင်တဲ့ အနေအထား၊ ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို
စိတ်ဝင်စားမှု ပိုလာတဲ့ အခြေအနေတွေကိုကြည့်ပြီး အစစ အရာရာ အဆင်ပြေစေတဲ့
Arrival Visa စနစ်ကို ပြန်ကျင့်သုံးသင့်ပါပြီ''ဟု နိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆိုက်ရောက်ဗီဇာစနစ်ကို ကျင့်သုံးခြင်းဖြင့် ဗီဇာရရှိရန် အဆင့်ဆင့် ပြုလုပ်ရသည့် အတွက် အချိန်ကြန့်ကြာမှုများ၊ ခရီးစဉ် နှောင့်နှေးမှုများ၊ ဗီဇာ ရရှိရန် စောင့်ဆိုင်းရမှုကြောင့် လေယာဉ်
လက်မှတ် သက်တမ်းကုန်သည့် ဖြစ်ရပ်များ စသည့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကြန့်ကြာမှုများ လျော့နည်းသွားကာ ခရီးသွားများလည်း ပိုမို ၀င်ရောက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ခရီးသွားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

No comments: