Monday, May 23, 2011

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၊ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှသာ ဆင်းရဲနွမ်းပါးမှု လျော့ကျလာမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေး
ပွဲကို မေလ ၂၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနား သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ စီးပွားရေးဆိုင်ရာ ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ စီးပွားရေးပညာရှင်များနှင့် စာတမ်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက “တစ်နိုင်ငံလုံးရဲ့ စီးပွားရေး အဆောက်အအုံကြီး တစ်ခုလုံး ပြောင်းလဲတိုးတက်ဖို့အတွက် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေကို အခြေခံကျကျလေ့လာ သုံးသပ်ပြီး နိုင်ငံတော်နှင့်ပြည်သူ တို့အတွက် ပြုပြင်သင့်သည့်ဥပဒေ စည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် လေ့လာပြုစု ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ရှင်းလင်း ပြောကြား သွားသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “မြန်မာနိုင်ငံလူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီးလယ်ယာ သားငါးကုန်ထုတ်လုပ်မှု လုပ်ငန်းများ မှာ အများဆုံးဆောင်ရွက်နေကြတဲ့ တိုင်းပြည်ရဲ့ အဓိကကုန်ထုတ်လုပ်မှု  စွမ်းအားစုကြီးဖြစ်တာကို တွေ့မြင် ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသ ကုန်ထုတ်လုပ်ရေးလုပ်ငန်း များ တိုးတက်မှု၊ စီးပွားရေးတိုးတက် မှုတို့ဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုမှာ ကြီးမားတဲ့ အခန်း ကဏ္ဍက ပါဝင်နေသလို ကျေးလက် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှ သာလျှင် ဆင်းရဲနွမ်းပါးမှုလည်း လျော့ကျလာမှာ ဖြစ်ပါတယ်”ဟု လည်း ပြောကြားခဲ့သည်။

“ကမ္ဘာ့စီးပွားရေး အခြေအနေကို လေ့လာကြည့်ပါက ကမ္ဘာ့ငွေကြေး အကျပ်အတည်း၊ ရာသီဥတုပြောင်းလဲ လာမှုနှင့်စားနပ်ရိက္ခာ ဖူလုံစိတ်ချရရေး ပိုမိုလိုအပ်လာမှု၊ စွမ်းအင်လိုအပ်လာမှု တို့အားကြုံတွေ့နေရပြီး ယင်းအခြေ အနေမျိုးတွင် စိုက်ပျိုးရေးကို အခြေခံ နေရသေးသော မြန်မာနိုင်ငံအတွက် ကျေးလက်များ၏ လယ်ယာသားငါး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြောင်းလဲ လာတဲ့ ရာသီဥတုကို ရင်ဆိုင်ကျော်လွှားပြီး စားနပ်ရိက္ခာဖူလုံမှုရှိဖို့ ကျေးလက်နေဒေသ ပြည်သူများ၏ ၀င်ငွေတိုးတက်ရေးနှင့် ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးတို့အား အလေးထား ဆောင်ရွက်ကြရမယ့် လုပ်ငန်းစဉ် ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြား ခဲ့သည်။

ယင်းကဲ့သို့သော အနေအထား များကြောင့် အစိုးရသစ်အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးတာဝန်ကြီးများကို ကြိုးပမ်းဆောင်ရွက် သွားနိုင်ရန် စီးပွားရေးပညာရှင်များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် ၀ိုင်းဝန်းဆွေးနွေး ဖော်ထုတ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ စီးပွားရေးပညာရှင် ဖြစ်သော ဒေါက်တာဦးမြင့်က ‘မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးလမ်းပြ’ စာတမ်းကို လည်းကောင်း၊ စိုက်ပျိုးရေးပညာရှင် ဒေါက်တာစိန်လှဗိုလ်က ‘ဘက်စုံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အလေအလွင့်များ ပြန်လည်အသုံးချရေး’ စာတမ်းကိုလည်းကောင်း၊ အလားတူ စီးပွားရေးပညာရှင် ဦးဆက်အောင် က ‘ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုတွင် တွေ့ရှိရသော အသိအမြင် အားနည်းချက်များနှင့် ပြင်ဆင်သင့်သည့် အချက်များ’ စာတမ်း ကိုလည်းကောင်း အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် အသီးသီး ဖတ်ကြားခဲ့ကြသည်။

စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၏ စာတမ်းတွင်မူ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက်  မည်သို့ မည်ပုံလျှော့ချသွားမည်ဆိုသည့် အချက် ငါးချက်ဖြင့် ဆွေးနွေးတင်ပြသွားသည်။ အလားတူ ဒေသတွင်း အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး  CLMV အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သော ဗီယက်နမ်နိုင်ငံ၏ ဆင်းရဲမွဲတေမှု နှင့် ပတ်သက်သည့် စံနှုန်း သတ်မှတ်ချက်များအား တင်ပြသွားပြီး ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း လူမှုဖူလုံမှုနှင့် ပတ်သက်သော new poverty line တစ်ခုအား သတ်မှတ်ထားပြီး ယင်း သတ်မှတ်ချက်အရ ကျေးလက်နေ လူတစ်ဦး၏တစ်လ၀င်ငွေကို အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅ဒေါ်လာ အဖြစ်လည်းကောင်း၊ မြို့ပြတွင် နေထိုင်သောသူတစ်ဦး၏ တစ်လ၀င်ငွေ အား ၂၅ ဒသမ ၀၅ ဒေါ်လာ သတ် မှတ်ထားကြောင်းလည်း ဆွေးနွေး တင်ပြသွားသည်။

စီးပွားရေးပညာရှင် ဦးဆက်အောင်၏ စာတမ်းတွင်မူ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့်စီးပွားရေး တိုးတက်မှုများအတွက် ကြိုးစားအကောင်အထည် ဖော်နေကြသော တတိယနိုင်ငံအများစုတွင် သဘောထား အမြင်ကွာဟမှု (Misperceptions/Gaps of Understanding) များကို ကြုံတွေ့ရစမြဲဖြစ်ကြောင်း၊ လုပ်ငန်း စဉ်များရေးဆွဲခြင်းနှင့် ပေါ်လစီများ ချမှတ်ရာတွင် ကဏ္ဍတစ်ခုတည်းမှနေ၍ တွေးမြင်ယူဆလျှင် ထိုကဲ့သို့ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ ထိုသို့ ချမှတ်သော ပေါ်လစီများသည် ကဏ္ဍတစ်ခု အတွက် အကျိုးရှိစေနိုင်သော်ငြားလည်း အခြားကဏ္ဍများအတွက် အပြစ်ဖြစ်စေနိုင်ကြောင်း ဆွေးနွေးသုံးသပ် သွားခဲ့သည်။ ထို့အတူ ကျေးလက်ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်လာစေရန် ထိုဒေသရှိ လူများကို ချေးငွေ များချပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် လိုအပ် သောစိုက်ပျိုးရေးအခြေခံအဆောက် အအုံများတည်ဆောက်ပေးခြင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ တိုးတက်ရန် အထောက်အပံ့များပေးခြင်း၊ လိုအပ်သော နည်းပညာ သင်တန်းများပေးခြင်း၊ ၎င်းတို့လုပ်ငန်းများမှ ထွက်ရှိသော ထွက်ကုန်များ ဈေးကွက်ဝင်ရန်အတွက် ပံ့ပိုးမှုများ ပေးကာ ဈေးကွက်ရှာဖွေပေးခြင်းများ လုပ်ဆောင်သင့်ကြောင်းလည်း ဆွေးနွေးသုံးသပ်သွားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ သုံးရက်ကြာကျင်းပခဲ့ပြီး စာတမ်းပေါင်း ၁၉ စောင်ကို ဖတ်ကြား ဆွေးနွေးခဲ့ပါသည်။


No comments: