သဘာဝတရားက သူတို့ကို မွေးဖွားတယ်။
အံ့ဖွယ်စွမ်းရည်က သူတို့ကို ဖွံ့ဖြိုးတိုးတက်စေတယ်။
ရုပ်လောကက သူတို့ကို ပုံစံထုတ်လုပ်ပေးတယ်
အချိန်အခါနဲ့ အခြေအနေက သူတို့ကို ပြည့်စုံစေတယ်။
ဒါကြောင့် တစ်လောကလုံးက သဘာဝတရားကို ကိုးကွယ်တယ်
တစ်လောကလုံးက အံ့ဖွယ်စွမ်းရည်ကို ချီးမြှောက်ပြောဆိုတယ်။
ဒီလိုဖြစ်ရတာ တစ်စုံတစ်ယောက်ရဲ့ အာဏာကြောင့်မဟုတ်ဘူး။
အလိုအလျောက်ဖြစ်လာတာဖြစ်ပါတယ်။
သဘာဝတရားက သူတို့ကို မွေးဖွားတယ်။ အံ့ဖွယ်စွမ်းရည်က
သူတို့ကို ဖွံ့ဖြိုးတိုးတက်စေတယ်။ ပြီးတော့ အေးအေးချမ်းချမ်းခိုလှုံဖို့
နေရာထိုင်ခင်းပေးတယ်။ ပြီးတော့ ဘေးရန်ကင်းစေဖို့ အကာအကွယ်ပေးတယ်။
သဘာဝတရားဟာ သူတို့ကို မွေးဖွားပေမယ့် ပိုင်ရှင်အဖြစ် မခံယူဘူး။
သူတို့ကို ကူညီရိုင်းပင်းပေမယ့် သူတို့ကို အသုံးမချဘူး။
သူတို့ထက် တန်ခိုးအရှိန်အ၀ါကြီးပေမယ့် သူတို့ကို မထိန်းချုပ်ဘူး။
မိဘမဲ့ဖြစ်ရမှာကို လူတွေ အလွန်ရွံမုန်းတယ်။
အထီးကျန်ဖြစ်ရမှာကိုလည်း လူတွေ အင်မတန်စိုးရွံ့တယ်။
တန်ဖိုးမရှိတဲ့လူဖြစ်ရမှာကိုလည်း မလိုလားကြဘူး။
တစ်ခါတစ်ခါ ၀တ္ထုပစ္စည်းတွေ ဖယ်ရှားမှ အကျိုးဖြစ်ထွန်းတယ်။
တစ်ခါတစ်ခါမှာတော့ ၀တ္ထုပစ္စည်းတွေ တိုးပွားလာရင် ဒုက္ခဖြစ်တယ်။
ရောင့်ရဲတင်းတိမ်မှုကင်းမဲ့တာထက် ဘေးသင့်စေတာမရှိဘူး။
ရယူပိုင်ဆိုင်လိုတဲ့ စိတ်ဆန္ဒထက် ကြီးလေးတဲ့ အပြစ်မရှိဘူး။
ရောင့်ရဲတင်းတိမ်တတ်သူဟာ အမြဲပဲ ရောင့်ရဲတင်းတိမ်သင့်တယ်။
လူတွေက ပြောကြတယ်။ ကိုယ့်အသက်ကိုယ်ထိန်းသိမ်းသူဟာ
ကျားသတ္တ၀ါကို မတွေ့ဘူးတဲ့။ ဒီလူဟာ ကျွဲရိုင်းကိုလည်း မတွေ့ဘူးတဲ့။
ဒီလူကို စစ်မြေပြင်က လက်နက်တွေလည်း အန္တရာယ်မပြုနိုင်ဘူးတဲ့။
ကျွဲရိုင်းရဲ့ ဦးချိုဟာ ဒီလူကို တိုက်ခိုက်ရာမှာ စွမ်းရည်မရှိဘူးတဲ့။
စစ်မြေပြင်က လက်နက်တွေဟာ ဒီလူကို တိုက်ခိုက်ရာမှာ အသုံးမကျဘူးတဲ့။
အဲဒီလိုဖြစ်ရတာဟာ ဘာကြောင့်ပါလိမ့်။
ဒီလူဟာ သေခြင်းတရားအလှမ်းမမီတဲ့ နေရာကို ရောက်နေလို့ပါပဲ။
တခြားလူတွေကို သိတဲ့လူဟာ ပညာရှိဖြစ်ပါတယ်။
မိမိကိုယ်မိမိသိတဲ့လူဟာ ချင့်ချိန်တိုင်းထွာတတ်သူဖြစ်ပါတယ်။
သူ့ကို အမြော်အမြင်ရှိသူလို့လည်း ခေါ်ဆိုနိုင်တယ်။
တခြားလူတွေကို နိုင်သူဟာ ခွန်အားဗလနဲ့ ပြည့်စုံသူဖြစ်ပါတယ်။
မိမိကိုယ်မိမိနိုင်သူဟာ စွမ်းရည်ရှိသူဖြစ်ပါတယ်။
ရောင့်ရဲတင်းတိမ်သူက ချမ်းသာသူဖြစ်ပါတယ်။
စိတ်ကို ဆုံးဖြတ်နိုင်သူက အင်အားရှိတဲ့ စိတ်ကို ပိုင်သူဖြစ်ပါတယ်။
အာရုံစူးစိုက်ရာမှ မတိမ်းယိမ်းသူက အသက်တည်မြဲသူဖြစ်ပါတယ်။
သူသေသွားသော်လည်း သူ့နာမည်ကျန်နေခဲ့တယ်လို့ဆိုလိုတာပါ။

No comments:
Post a Comment