Wednesday, June 15, 2011

ခိုလှုံရာရင်ခွင် ပျောက်ဆုံးချိန်

“မမွေးမီကပင် ကလေးအခွင့်အရေး မရှိရှာကြသော နယ်မြေများတွင် အနာဂတ် ရှင်သန်မှုအတွက် ပညာရေးမှာ အလွန်အမင်း အရေးကြီးသည်။ တစ်ခုတည်းသော အားကိုးစရာပင်။ သို့သော် ကျောင်းတက်ရန် အခွင့်အလမ်းကို မဆိုထားပါဘိ။ ခိုလှုံရန် နွေးထွေးသော ရင်ခွင်ကိုပါ ဖျက်ဆီးပစ်ခံထားကြရသည့် မြန်မာ ကလေးငယ် များ၏ ဘ၀ကို ကိုယ်ချင်း စာနာစေလိုပါသည်။ နယ်စပ်ဒေသများမှ ကလေးငယ်ထု၏ ရင်နာဖွယ် အခြေအနေဆိုးတို့ကို သိမြင်ခွင့်ရလေပြီ။ ဤသည်မှာ လူသား မျိုးနွယ်စု၏ ရှင်သန်မှုကို ကျုးလွန်ရာရောက်သည့် ရက်စက်လှသော ရာဇ၀တ်မှုကြီးပင် မဟုတ်ပါလော။”

ထောင်စုသစ်သို့အ၀င်တွင် ဤမြေကမ္ဘာ၏ မျိုးဆက်များအတွက် လွန်စွာ အားတက်ဖွယ်ရာ ဆုံးဖြတ်ချက်အချို့ကို ချမှတ်နိုင်ခဲ့ကြလေသည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ဧပြီလတွင် ဒါကာမြို့၌ ကျင်းပသည့် နိုင်ငံပေါင်းစုံ ပါဝင်ခဲ့သော ကမ္ဘာ့ပညာရေး ဖိုရမ်တွင် ၁၁၀၀ သော ကမ္ဘာ့ခေါင်းဆောင်များ၊ ပညာရေးသမားများ တက်ရောက်ခဲ့သည်။ ဤဖိုရမ်မှ နေ၍ သက္ကရာဇ် ၂၀၁၅ တွင် ကလေးငယ်တိုင်း စာသင်ခန်းအတွင်း ရောက်ရှိနိုင်စေရန် အားလုံးအတွက် ပညာရေး ကြွေးကြော်သံ ကို တည်ဆောက်ခဲ့ပါသည်။
ပညာရေး ရည်မှန်းချက် ၆ ရပ်တွင် မူကြိုပညာရေး၊ မူလတန်းပညာရေး၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများ၊ သက်ကြီး စာတက်မြောက်ရေး၊ ကျား-မတန်းတူ ပညာရေး အခွင့်အရေးနှင့် ပညာရေး အရည်အသွေးတို့နှင့် သက်ဆိုင်ခဲ့သည်။ ဖိုရမ်မတိုင်မီ ၁၀ နှစ်ခန့်ကာလတွင် နိုင်ငံ ၁၅၅ နိုင်ငံပါဝင်သော အစိုးရများ၏ ကမ္ဘာ့ပညာရေး ညီလာခံ၌ ထောင်စုသစ်သို့အ၀င်တွင် ကလေးအားလုံး အရည်အသွေးပြည့်မီသည့် ပညာနို့ရည် သောက်စို့ခွင့်အတွက်လည်း ကတိက၀တ် ပြုခဲ့ကြသေးသည်။

၂၀၁၀ သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံအချို့တွင် ပိုမို၍ အားထုတ်ခဲ့ကြသည့်အတွက် အသီးအပွင့်အချို့ကို မြင်တွေ့ရသည်မှာ မုဒိတာပွားစရာပင်။ ဖွံ့ဖြိုးပြီး နိုင်ငံများသာမဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံများလည်း အပါအ၀င်။ မူဝါဒများကို ပြင်ဆင်ခဲ့ကြသည်။ လက်တွေ့တွင်လည်း အမြော်အမြင်ကြီးစွာ လုံ့လစိုက်ထုတ်ကြသည်။ မတ်လကုန်ပိုင်းက အိန္ဒိယ ပါလီမန်မှနေ၍ ပညာရေးသည် ကလေးအားလုံးအတွက် အခြေခံရပိုင်ခွင့် (a fundamental right) အဖြစ် သမိုင်းဝင် ဥပဒေတခုကို ပြဌာန်းနိုင်ခဲ့သည်။ အသက် ၆ နှစ်နှစ်နှင့် ၁၄ နှစ်ကြားရှိ ကလေးတိုင်း လွတ်လပ်စွာ အခြေခံပညာ အခမဲ့ သင်ကြားနိုင်ခွင့်အတွက် တရားဝင်ဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက အိန္ဒိယရှိ ကလေးများအားလုံး မူလတန်းပညာရေး တတ်မြောက်ဖို့အတွက် ငွေကြေးအလုံအလောက် ချထားပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။


သို့သော် ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် လှုပ်ရှားမှုကို လုံးဝဂရုမစိုက်ခဲ့သော အစိုးရများရှိနေခဲ့သည်ကို ၀မ်းနည်းဖွယ်ရာ မြင်တွေ့ကြရပါပြီ။ ပျက်ခဲ့သော ကတိက၀တ်များနှင့် အနာဂတ်မျိုးဆက်များရှင်သန်မှုကို ထိခိုက်စေခြင်းများအတွက် မည်သို့အရေးယူကြမည်နည်း။


Free Burma Rangers (FBR) နှင့် Partners Relief & Development တို့ ပူးတွဲပြုစု ထုတ်ဝေလိုက်သည့် “ကစဥ့်ကလျားပြေးလွှားနေရသော ကလေး သူငယ်ဘ၀များ” (Displaced Childhoods) တွင် မြန်မာပြည်တွင်း စစ်မက် ဖြစ်ပွားရာ ဒေသများရှိ ထွက်ပြေး ပုန်းရှောင်နေရသော ကလေးငယ်များ၏ လူ့အခွင့် အရေး ချိုးဖောက် ခံရမှုများ၊ မလုံခြုံသော ဘဝများကို မီးမောင်းထိုး ဖော်ပြ ထားသည်။ အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲကို ဧပြီ ၇ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်ခဲ့ပြီး ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများလည်း ပြသခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် ထိုးစစ်များကြောင့် ၂၀၀၂ မှ ၂၀၀၉ အတွင်း ရပ်ရွာ၊ နေအိမ် စွန့်ခွာ ထွက်ပြေးနေရ သည့် ဒေသခံ အရပ်သား ၅၈၀၀၀၀ ကျော် အနက် ကလေးငယ် ၁၉၀၀၀၀ (တသိန်းကိုးသောင်း) ကျော် ပါကြောင်း၊ ၂၀၀၉ တနှစ် တည်းတွင်ပင် စစ်အစိုးရကြောင့် တနည်းမဟုတ်တနည်းဖြင့် ရွှေ့ပြောင်းသွားရသည့် ကျေးရွာ ၁၁၀၀၀၀ ကျော် ရှိသည် ဟု အစီရင်ခံစာက ဖော်ပြသည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ၂၀၀၉ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန် နှင့် ရှမ်း ပြည်နယ်မှ မိဘများ၊ ကလေးသူငယ်များနှင့် တွေ့ဆုံ မေးမြန်းချက်များ အပေါ် အခြေခံ၍ ယင်း အစီအရင်ခံစာကို ပြုစုခဲ့ခြင်း ဖြစ်သည်။


၂၀၀၅ ခုနှစ်တွင် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး၏ မြန်မာနိုင်ငံအတွက် ဗျူဟာမြောက်လုပ်ငန်းများအတွက် အညွှန်းဘောင်တွင်လည်း ပြည်တွင်း ကလေးငယ် များ၏ နားခိုရာကင်းမဲ့သည့် ဘ၀အခြေအနေတို့ကို တစိတ်တပိုင်း ရှင်းလင်း ထည့်သွင်းထားခဲ့သည်။ တစ်နိုင်ငံလုံးတွင် စစ်တမ်းများ အသေအချာ ကောက်ယူ ရပါအုံးမည်။


မမွေးမီကပင် ကလေးအခွင့်အရေးမရှိရှာကြသော နယ်မြေများတွင် အနာဂတ်ရှင်သန်မှုအတွက် ပညာရေးမှာ အလွန်အမင်းအရေးကြီးသည်။ တစ်ခုတည်းသော အားကိုးစရာပင်။ သို့သော် ကျောင်းတက်ရန်အခွင့်အလမ်းကို မဆိုထားပါဘိ။ ခိုလှုံရန် နွေးထွေးသောရင်ခွင်ကိုပါ ဖျက်စီးပစ်ခံထားကြရသည့် မြန်မာ ကလေးငယ် များ၏ ဘ၀ကို ကိုယ်ချင်း စာနာစေလိုပါသည်။ နယ်စပ်ဒေသများမှ ကလေးငယ်ထု၏ ရင်နာဖွယ် အခြေအနေဆိုးတို့ကို သိမြင်ခွင့်ရလေပြီ။ ဤသည်မှာ လူသား မျိုးနွယ်စု၏ ရှင်သန်မှုကို ကျုးလွန်ရာရောက်သည့် ရက်စက်လှသော ရာဇ၀တ်မှုကြီးပင် မဟုတ်ပါလော။


ကလေးများအတွက် ခိုလှုံရာရင်ခွင်များကို မဖျက်ဆီးနိုင်စေရေးနှင့် ကလေးအားလုံး ကျောင်းစာသင်ခန်းအတွင်းသို့ အမြန်ဆုံး ရောက်ရှိရေးတို့ အတွက် ၀ိုင်းဝန်း ကြိုးပမ်းရန်၊ ဆက်စပ်နေသော ပြဿနာရင်းမြစ်များကိုလည်း ဖေါ်ထုတ်ရန်နှင့် လူသားမျိုးနွယ်စုအတွက် အန္တရာယ်ရှိသောရာဇ၀တ်မှုတို့ကို ကျူးလွန်သူတို့ကိုလည်း အပြစ်ပေးအရေးယူရန် အချိန်တန်ပါပြီ။

အယ်ဒီတာအဖွဲ့
မောက္ခပညာရေးမဂ္ဂဇင်း
၉ ဧပြီလ ၂၀၁၀

No comments: