Thursday, June 30, 2011

 နယ်စပ် မြ၀တီမြို့တွင် အထည်ချုပ်စက်ရုံများ ဖွင့်လှစ်လာနိုင်ပါက မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ အလုပ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟုဆို

Wednesday, 29 June 2011 19:31
AddThis Social Bookmark Button
b41313

သောင်ရင်း တစ်ဖက်ကမ်းရှိ အထည်ချုပ် စက်ရုံများတွင် ၀င်ရောက် လုပ်ကိုင်နေကြသည့် ထောင်ပေါင်း များစွာသော မြန်မာ ရွှေ့ပြောင်းလုပ်သားများသည် လွန်ခဲ့သော ငါးနှစ်ခန့် ကကဲ့သို့ မြ၀တီမြို့တွင် စက်ရုံခွဲများ ပြန်လည် ဖွင့်လှစ်လာရန် မျှော်လင့်နေကြကြောင်း၊ သို့ဖြစ်လျှင် ရွှေ့ပြောင်း လုပ်သားများ၏ အလုပ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းခွင် ၀င်နိုင်သည့် အခြေခံ မော်တာစက်ချုပ် သင်တန်းကို မြ၀တီမြို့တွင် တက်ရောက် သင်ယူ နေကြရကြောင်းလည်း သိရသည်။
မြ၀တီမြို့တွင် လွန်ခဲ့သော ငါးနှစ်ခန့်က တစ်နိုင်တစ်ပိုင် အထည်ချုပ် စက်ရုံများ (မဲဆောက်ရုံခွဲ) တည်ရှိခဲ့ကြောင်း၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို တစ်ဖက်ကမ်း စက်ရုံများထက် လုပ်အားခ လျော့ပြီး ခေါ်ယူနိုင်ခဲ့သော်လည်း၊ အဆိုပါ စက်ရုံခွဲများမှာ ခြောက်လ၊ တစ်နှစ် အတွင်း လုပ်ငန်း ရပ်ဆိုင်းခဲ့ရကြောင်း၊ သောင်ရင်း တစ်ဖက်ကမ်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

''မြ၀တီမှာ စက်ရုံဖွင့်တုန်းက လုပ်အားခကိုလည်း ဟိုဘက်မှာထက် (အနည်းငယ်) လျော့ပေးလို့ ရတယ်။ လိုအပ်တဲ့ လုပ်သားကိုလည်း အချိန်တိုအတွင်း ခေါ်ယူလို့ ရပါတယ်။ သူတို့ (အမျိုးသမီးလေးတွေ) ဟိုဘက်ကို
မသွားချင်ကြပါဘူး။ ဘ၀လုံခြုံမှု အတွက် ကိုယ့်နိုင်ငံမှာပဲ နေချင်ကြပါတယ်။ ပြောရရင် အဖမ်းခံရမလား ကြောက်နေရတယ်''ဟု မြ၀တီမြို့မှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

''အရင်က အဓိဋ္ဌာန်အောင်ဘုရား အနီးက အထည်ချုပ်စက်ရုံမှာ ၀င်လုပ်ခဲ့ပါတယ်။ လုပ်အားခ အနေနဲ့ ဟိုဘက်ကမ်းထက် အနည်းငယ် လျော့ပေမယ့် မိသားစုတွေနဲ့ အတူနေရတော့ ဘ၀လုံခြုံမှု ရှိပါတယ်။ ခုတော့ ကမ်းနဖူး စက်ရုံမှာ ၀င်လုပ်နေပါတယ်''ဟု အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသူ အမျိုးသမီး တစ်ဦးကပြောသည်။

သောင်ရင်းမြစ် ခြံစည်းရိုး အတွင်း မြ၀တီဘက်ကမ်းတွင် လွန်ခဲ့သော ငါးနှစ်ခန့်က အထည်ချုပ် စက်ရုံခွဲများ ရှိခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ပြန်လည် ပိတ်သွားခဲ့ရကြောင်း၊ ဈေးကွက်ချိတ်ဆက်မှု ရှိသော မြ၀တီမြို့တွင် အလုပ်ရုံ စက်ရုံများ တည်ဆောက် ဖွင့်လှစ်လာနိုင်ခဲ့ပါက မြ၀တီမြို့သို့ အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာကြသော မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ အလုပ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

No comments: