ပြည်တွင်း ခရီးစဉ်အတွက် အသုံးပြုနေသော ရန်ကုန်လေဆိပ် (ယခင် ရန်ကုန် အပြည်ပြည်ဆိုင်
ရာ လေဆိပ်အဟောင်း)ကို Pioneer Aerodrome Services ကုမ္ပဏီမှ ခေတ်မီ လေဆိပ်သစ်အဖြစ်
တာဝန်ယူ တည်ဆောက်ပြုပြင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ပြည်တွင်းခရီးစဉ်သုံး ရန်ကုန်လေဆိပ်ကို ခေတ်မီတဲ့ အဆောက်အအုံအဖြစ် ပြန်တည်ဆောက်သွား
ပါမယ်။ အဆောက်အအုံ ဒီဇိုင်းပိုင်းလည်း ရေးဆွဲပြီးဖြစ်ပါတယ်။ ဘယ်တော့လောက် တည်ဆောက်
ဖြစ်မယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး”ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူက
ဆိုပါသည်။
လက်ရှိ ပြည်တွင်းခရီးစဉ်များ၏ ဆိုက်ရောက်၊ ထွက်ခွာအတွက် အသုံးပြုနေသော ရန်ကုန်လေဆိပ်
ကို ၁၉၅၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပခရီးစဉ်များ အတွက် အသုံးပြုခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သစ်ကို Asia World ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပူးပေါင်းတိုးချဲ့ တည်ဆောက်ကာ ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်အသုံးပြုခဲ့သည်။
နိုင်ငံတကာ ခရီးစဉ်များအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တွင် သီးသန့်အသုံးပြုခဲ့ပြီး
၁၉၅၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန် လေဆိပ်တွင်မူ ပြည်တွင်းခရီးစဉ် အတွက် ဆက်လက်အသုံးပြုခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်၏ ၀န်ဆောင်မှုများအား ၂၀၁၀ ပြည့်နှစ် ဇွန်လ၌ Pioneer Aerodrome Services ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပြုခဲ့သည်။ လက်ရှိတွင်လည်း ပြည်တွင်းခရီးစဉ်သုံး
ရန်ကုန် လေဆိပ်ကို ခေတ်မီလေဆိပ်သစ် အဖြစ် တည်ဆောက်ခြင်းကို ယင်းကုမ္ပဏီမှပင်
တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်သည်။
ပြည်တွင်းခရီးစဉ်အတွက် အသုံးပြုနေသော ရန်ကုန်လေဆိပ်မှာ ခေတ်မီလေဆိပ်တစ်ခုအဖြစ် တည်ရှိခြင်းမရှိတော့ဘဲ ခရီးသည်များ အတွက် ၀န်ဆောင်မှုပေးနိုင်မှုတွင် အားနည်းချက်အချို့ ရှိ
နေသည်။“ရန်ကုန်လေဆိပ်(အဟောင်း) မှာ တစ်ခါတလေ အိမ်သာထဲသွားလို့ ရေမရှိတာတို့၊
မီးမနိုင်လို့ အဲယားကွန်း မရတာတို့တွေ ရှိပါတယ်။ ခရီးသည် နားနေခုံတွေကအစ သန့်ရှင်းမှု မရှိတာ တွေ့ရတယ်။ ဒီထက် ခရီးသွားများလာရင် လေဆိပ် အကျယ်အ၀န်း၊ ကားပါကင်နေရာ၊ စားသောက်
ဆိုင် တွေ က အစတိုးချဲ့ဖို့လိုပါလိမ့်မယ်”ဟု ခရီးသွားတစ်ဦးက ပြောပြခဲ့သည်။
Pioneer Aerodrome Services ကုမ္ပဏီသည် Asia World ကုမ္ပဏီ လက်အောက်ရှိ ကုမ္ပဏီတစ်ခု
ဖြစ်သည်ဟု သိရှိရသည်။

No comments:
Post a Comment