Thursday, June 9, 2011

ဘဏ်များ၌ အပေါင်ပစ္စည်းအမျိုးအစား တိုးချဲ့ပေးခြင်းဖြင့် အလုပ်အကိုင်တိုးနိုင်

သန်းထိုက်ဦး

ပုဂ္ဂလိကဘဏ်များသည် ချေးငွေထုတ် ချေးရာတွင် အိမ်ခြံမြေကိုသာ အပေါင် ပစ္စည်းအဖြစ် လက်ခံဆောင်ရွက်ခွင့် ပြုထားသော ကြောင့် စီးပွားရေးလုပ်ကိုင် သူများ ဘဏ်များမှ ချေးငွေထုတ်ချေးရာတွင် အခက်အခဲများရှိနေကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။

"ဘဏ်တွေမှာ ထုတ်ချေးနိုင် သလောက် ထုတ်ချေးလို့ မရတာတွေ ကြုံနေရပါတယ်။ စီးပွားရေး
လုပ်ချင်လို့ ဘဏ်က ချေးငွေ လိုချင်တဲ့အခါ အိမ်ခြံ မြေကိုပဲ ခွင့်ပြုထားတဲ့အတွက် လက်ထဲ မှာ
ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေ ရှိနေပေမယ့် ဘဏ်တွေဆီက ငွေချေးလို့ မရ ဖြစ်နေကြတယ်"
ဟု မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ (အငြိမ်းစား) ဦးသန်းလွင်က ပြောသည်။

၂၀၀၃ ခုနှစ် မတိုင်ခင်က ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများကို ဘဏ်များ၌ အပေါင်ပစ္စည်းအဖြစ်
အသုံးပြုခွင့် ပေးသော်လည်း ရွှေကစားသည်ဟု ဆိုကာ ရွှေကို အပေါင်ပစ္စည်းအဖြစ်မှ အသုံးပြုခြင်း
ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကန့်သတ်ခဲ့သည်။

"အမှန်တော့ ရွှေကစားတယ်ဆိုတာ Money Creation Theory ကို မသိလို့ ပါ။ ဒါကလည်း ဘဏ်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ရွှေကို ကစားသလို အခု အိမ်ခြံမြေကို
လည်း ကစားချင်ရင် ကစားလို့ရနိုင်တာပါပဲ" ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေအပြင် အခြား အဖိုးတန် ငွေဖြစ်လွယ်သည့် ပစ္စည်းများကို အပေါင် ပစ္စည်းအဖြစ် အသုံးပြုခွင့်ပေးခြင်းဖြင့် ဘဏ်များမှ ချေးငွေထုတ်ချေးကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။

"ဘဏ်တွေဆီက ချေးငွေရရင် စီးပွား ရေးလုပ်ငန်းအသစ်တွေ ပေါ်ပေါက်လာမယ်။ ရှိပြီးသားလုပ်ငန်းတွေကိုလည်း တိုးချဲ့လာနိုင်မှာ ဖြစ်ပါတယ်"ဟု ဦးသန်းလွင်က ပြောသည်။
"ရွှေကို ကစားတယ်ဆိုတာ လူနည်းစုက ရွှေကို ဘဏ်မှာသွားပေါင်၊ ရလာတဲ့ ငွေနဲ့ ရွှေထပ်ဝယ်၊
အဲဒီရွှေကို ထပ်ပေါင်နဲ့ လုပ်ပြီး ရွှေဈေးတက်နှုန်းက ဘဏ်တိုး နှုန်းထက် မြင့်နေလို့ အဲဒီလို
ကစားတာပါ။ ဒါပေမယ့် အဲဒီလိုလုပ်တာ လူနည်းစုပါ။ အဓိကက လယ်သမားတွေကို ကြည့်ရမှာပါ။ လယ်သမားဆိုတာ ငွေပိုလေးရှိလာရင် ရွှေလေးဝယ်စု၊ စိုက်ခါပျိုးခါ နီးလာရင် ရွှေလေးပြန်ပေါင်ပြီး
အရင်း အနှီးလုပ်ကြရတာပါ"ဟု ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ရွှေကို ဘဏ်များ၌ အပေါင်ပစ္စည်းအဖြစ် လက်မခံသည့်အတွက် ပြင်ပ အပေါင်ဆိုင်များတွင်
ဘဏ်တိုးနှုန်း၏ နှစ်ဆအထိ ပေးကာ ပေါင်နှံနေကြရခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် နစ်နာမှုများရှိနေသည်။

ဘဏ်တိုးနှုန်းမှာ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး အပြင်အပေါင်ဆိုင် များနှင့် ငွေချေးငှား သူများကမူ
ရွှေထည်ပါဝင်ပါက အတိုးနှုန်း ၃၆ ရာခိုင်နှုန်းအထိယူကာ အပေါင် ပစ္စည်းမပါပါက အတိုးနှုန်း
၂၄၀ ရာခိုင် နှုန်းအထိယူ၍ ငွေချေးလျက်ရှိသည်။

"တချို့တွေက ဘိုးဘွားအမွေ လက် ၀တ်ရတနာလေးတွေရှိပြီး ငွေအရင်လို လို့ ပေါင်ချင်ပေမယ့်
ဘဏ်တွေမှာ လက်မခံလို့ အတိုး နှုန်းမြင့်မြင့်နဲ့ ပေါင်နေရပါတယ်။ ဘိုးဘွားအမွေဆိုတော့
ရောင်းလဲ မရောင်းချင်ကြပါဘူး။ တကယ်လို့ ရွှေနဲ့ စိန်၊ ကျောက်စိမ်းလို အခြားအဖိုးတန် ကျောက်မျက်ရတနာကို အပေါင်ပစ္စည်း အဖြစ်လက်ခံ အသုံးပြုခွင့်ရရင် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာ မှာပါ" ဟု ဦးသန်းလွင်က ပြောသည်။

ရွှေမှာ ငွေဖြစ်လွယ်သည့်အတွက် ဘဏ်များအတွက် အန္တရာယ်နည်းကြောင်း
Asia Green Development ဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက် လွင်ရွှေက ပြောသည်။

"ရွှေ ငွေ ကျောက်မျက်ရတနာဆိုတာ ငွေဖြစ်လွယ်တဲ့ ပစ္စည်းတွေပါ။ ဒါတွေကို အပေါင်ပစ္စည်းအဖြစ် ပေးသင့်ပါတယ်။ အရင်ကလည်း ရွှေကို ပေးခဲ့တာပါပဲ။ ရွှေကို ကစားတယ်ဆိုပြီး ပိတ်လိုက်တာပါ။
လုံးဝ လက်မခံရဘူးဆိုတာထက် ကစားတာကိုသိရင် ကစားမရ အောင်ပဲ ပိတ်သင့်ပါတယ်"ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောသည်။

No comments: