Saturday, June 18, 2011

မြန်မာနိုင်ငံ လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ ဖုန်းပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံတွင် လူဦးရေ ၅၉ သန်း ရှိကာ တယ်လီဖုန်းအရေအတွက်နှင့် လူဦးရေအချိုးသည် ငါးရာခိုင်နှုန်းသာရှိပြီး အပြည်ပြည် ဆိုင်ရာနှင့် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျလျက် ရှိနေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး အဖွဲ့အစည်း ဖြစ်သည့် International Telecommunication Union မှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သတ်မှတ်ထားသည့် ၅၇ ရာခိုင်နှုန်းရှိအောင် ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည့် ပွဲတစ်ခုတွင် ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပထမနှစ်တွင် ဂျီအက်စ်အမ်ဖုန်း လေးသန်းချပေးသွားမည်ဖြစ်ပြီး ဖုန်းများ ချထားပေးမှု များကို အဆင့်သုံးဆင့်ခွဲကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
အဆိုပါ စီမံကိန်းကို ပုဂ္ဂလိကများနှင့် သတ်မှတ်ထားသည့် business model များ ပြီးမြောက်၍ သဘောတူညီချက်များရရှိပြီးမှသာ စီမံကိန်းကို စတင်သွားမည်ဖြစ်ပြီး ဈေးနှုန်းများကိုမူ အဆင့်လိုက်လျှော့ချသွားရန် လျာထားကြောင်းသိရသည်။
ဂျီအက်စ်အမ် မိုဘိုင်း ဖုန်းလိုင်းသန်း ၃၀ တိုးချဲ့ တပ်ဆင်မှုကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်သောကြောင့် ဂျီအက်စ်အမ်ဖုန်း ဟန်းဆက်ဈေးကွက်မှာလည်း ယခင်ကထက် ပိုမိုကျယ်ပြန့်လာရန် ဖုန်းအရောင်း ဆိုင် များက မျှော်မှန်းထားသည်။
"နေပြည်တော်အစည်းအဝေးမှာ ၀န်ကြီးတင်ပြခဲ့တဲ့ ငါးနှစ်အတွင်း ဖုန်းအရေအတွက် သန်း ၃၀ ရှိလာရေး စီမံကိန်းကြီးကပြီးသွားပြီ ဆိုရင် မြန်မာ နိုင်ငံရဲ့ လူဦးရေတစ်ဝက်နီးပါး လောက်က ဖုန်းအသုံးပြုဖြစ်ဖို့ရှိလာနိုင်တဲ့အတွက် ဂျီအက်စ်အမ် ဖုန်းဈေး ကွက်အနေနဲ့ အခုထက်ပိုပြီးတော့ ကြီး ထွားလာမှာပါ" ဟု Great Mobile Service ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ ကိုကျော်ကိုကိုဝင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများအား နေ့ချင်းပြီး လျှောက်ထားနိုင်ပြီဟု သိရသည်။
ထို့ကြောင့် ဂျီအက်စ်အမ် ဖုန်းများနှင့် ဆက်စပ်နေသည့် ၀န်ဆောင်မှုလုပ်ငန်းများနှင့် မိုဘိုင်းဖုန်း ဟန်းဆက်ပြုပြင်သည့် အလုပ်အကိုင် အခွင့်အလမ်းများသည်လည်း ပိုမိုပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။
"ဒီ ဂျီအက်စ်အမ် ဈေးကွက်ကြီး ကျယ်ပြန့်လာတာနဲ့ ဖုန်းပြုပြင်ရေး အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေလည်း ပိုများလာမယ်"ဟု လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သို့ရာတွင် ဂျီအက်စ်အမ်ဖုန်းဈေးကွက် ကျယ်ပြန့်လာနိုင်သော်လည်း စီဒီအမ်အေဖုန်းဈေးကွက်ကို ထိခိုက်ဖွယ်မရှိဟု ဆိုသည်။
စီဒီအမ်အေဖုန်းဈေးကွက်အတွင်းသို့ ဖုန်းအမျိုးအစားသစ်များ ၀င်ရောက်လာမှုသည် ယခင်ကထက် နည်းပါးကာ အ၀ယ်အေးသွား ဖွယ်ရှိသော်လည်း အဆိုပါ ဖုန်းဈေးကွက်သည် ပျောက်ကွယ်သွားမည်မဟုတ်ဟု အရောင်းဆိုင်များက ပြောသည်။
"ဂျီအက်စ်အမ်ဈေးကွက် ကြီးလာလို့ စီဒီအမ်အေ ဖုန်းဈေးကွက်အနေနဲ့ မပျောက်သွားနိုင်ပါဘူး။ စီဒီအမ်အေ ၄၅၀ တွေဆိုရင်ပဲ ဘယ် သွားသွား လိုင်းမိနေတဲ့အတွက် သွားလေရာမှာ ယူသွားပြီးတော့ ပြောလို့ရနေတာဆိုတော့ သူ့ဈေးကွက်နဲ့သူတော့ ဆက်ရှိ နေဦးမှာ ပါ"ဟု ကိုကျော်ကိုကိုဝင်းက ပြောကြားသည်။
စီဒီအမ်အေ ၈၀၀ ဖုန်း အပြင်ပေါက်ဈေးမှာ ယခုအခါ ကျပ်ခြောက်သိန်း ကျော်ဝန်းကျင်ရှိသည်ဟု ဖုန်းအရောင်း ဆိုင်များက ပြောသည်။
"အရင်က ကျပ် ငါးသိန်းသုံးသောင်းကနေ ငါးသောင်းရှိ နေတာကနေ ဖုန်းချပေးထားတာတွေကို ရပ်လိုက်တော့ အခု ကျပ်ခြောက် သိန်း အထိ မြင့်တက်လာတယ်။ ၀ယ်တဲ့သူတွေကတော့ ၀ယ်နေတာပဲ။ အင်တာနက် သုံးနိုင်တဲ့ အီးဗီဒီအိုကတ်တွေကိုတော့ နေ့ချင်းပြီးထုတ်ပေးနေတုန်းပဲ" ဟု Great Mobile ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

No comments: