Friday, June 10, 2011

 အမေရိကန်ဒေါ်လာဈေးနှုန်း အကျဘက်၌ တည်ငြိမ်မှု မရှိသေးဘဲ အနည်းငယ် ဆက်လက် ကျဆင်းနေဆဲဖြစ်

ရက်ပိုင်းအတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ ၀န်းကျင်မှ ကျပ် ၇၈၀၊ ၇၉၀ သို့ ထိုးဆင်း
ခဲ့ပြီး ဈေးကျဆင်းမှုမှာ ရပ်တန့်ခြင်း မရှိသေးကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
ဇွန်လ ၇ ရက်နေ့ အထိ အမေရိကန် ဒေါ်လာဈေးမှာ ထိုးကျခဲ့သည့် ကျပ် ၇၈၀၊ ၇၉၀ ၀န်းကျင်တွင်သာ ရှိနေခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၇၇၀ ထိ ဆက်လက် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန်မှရသည့် နိုင်ငံခြားငွေ Earning မှာလည်း ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက တစ်ဒေါ်လာလျှင်
ကျပ် ၈၂၀ ၀န်းကျင် ဖြစ်သော်လည်း ညနေပိုင်းတွင် တစ်ဒေါ်လာလျင် ၈၀၅ ကျပ်သို့ ထပ်မံ
ကျဆင်းခဲ့ကြောင်း သိရသည်။

''တစ်ဒေါ်လာကို ကျပ် ၁၀၊ ၂၀ လောက်ကျတာ ဆိုပေမယ့် ဒေါ်လာဈေးကျနေတာ မရပ်သေးဘူးလို့ ပြောချင်တာပါ။ ဆက်တိုက် ထိုးဆင်းခဲ့တဲ့ ဈေးမှာပဲ ရပ်သွားတာ မဟုတ်သေးဘူး ဆက်ဆင်းနေ
တုန်းပဲ။ နည်းနည်းကျလည်း ကျတာပေါ့။ ခက်တာက ဒေါ်လာဈေးတစ်မျိုးတည်းကျပြီး အပြင်က တခြားဈေးတွေက မကျဘူး။ အဲဒီ အတွက် ငွေမာတယ်လို့ ပြောမရဘူးပေါ့''ဟု ပြည်ပသို့ လယ်ယာ
ထွက်ကုန် တင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

''ဒေါ်လာဈေးကို နှုန်းတစ်ခုခုနဲ့ သတ်မှတ်တာမျိုးကတော့ ရှိသင့်နေပြီလို့ ပြောချင်ပါတယ်။ အခု ပြည်ပကကုန်ဝယ်ရင် လက်မခံရဲသေးဘူး။ ဈေးက အကျဘက်မှာလဲ ငြိမ်သွားတာ မဟုတ်ပဲ ၅
ကျပ်ကျလိုက် ၁၀ ကျလိုက် ဖြစ်နေတုန်းပဲလေ''ဟု ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့သူ
လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

No comments: