ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်၏ စီးပွားရေး အကြံပေး အဖွဲ့ဝင်ဖြစ်သည့် ဦးဆက်အောင်
က နိုင်ငံရပ်ခြားသို့ မြန်မာများ သွားရောက် အလုပ်လုပ်ကိုင်ခြင်းအပေါ် အကောင်းမြင်ထားပြီး
အနာဂတ်၏ ဦးနှောက်စီးဝင်မှုဟု ခေါ်ဆိုလိုက်သည်။
မဇ္ဈိမက လက်ခံရရှိထားသည့် ဦးဆက်အောင်၏ “ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စီးပွားရေး တိုးတက်မှု
တွင်တွေ့ရသော အသိအမြင် ကွာဟမှုများနှင့် ပြင်ဆင်သင့်သည့် အချက်များ” ဟူသော ခေါင်းစဉ်ဖြင့်
စာမျက်နှာ ၁၁ မျက်နှာပါ စာတမ်းတွင် နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်း လုပ်ခြင်းကြောင့် တိုင်းပြည်တွင်း လူအရင်းအမြစ် ဆုံးရှုံးမှု ဖြစ်သည်ဆိုခြင်းကို ငြင်းချက် ထုတ်ထားသည်။
“ အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်နေသော ထိုရွှေ့ပြောင်း အလုပ်သမား အများစုမှာ
Unskilled labour များ ဖြစ်သည်က တကြောင်း ၎င်းတို့ ဒေသဖွံ့ဖြိုးတိုးတက်လာ၍ ပြန်လာပါက နိုင်ငံရပ်ခြားတွင် ရရှိခဲ့သော ၎င်းတို့၏ အတွေ့အကြုံများကို ထိရောက်စွာ အသုံးချနိုင်သောကြောင့် ၄င်းဖြစ်စဉ်ကို ဦးနှောက်ယိုစီးမှု(Brain Drain) ဟု မခေါ်တွင်ဘဲ အနာဂတ်၏ ဦးနှောက်စီးဝင်မှု
(Future Brain Gains) များဟု ခေါ်ဆိုနိုင်ပါသည်” ဟု ပါရှိသည်။
သမ္မတ ဦးသိန်းစိန် တက်ရောက်သော နေပြည်တော်တွင် မေ ၂ဝ မှ စတင်၍၃ ရက်တာ ကျင်းပ
သည့် ဆင်းရဲမှုပပျောက်ရေး ဖိုရမ်တွင် အာရှဖွံ့ဖြိုးတိုးတက်ရေး သုတေသနတွင် ဒါရိုက်တာဖြစ်သူ ဦးဆက်အောင်(ခေါ်) ဝင်စတန် ဆက်အောင်မှ စာတမ်းကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားများ အစုလိုက်အပြုံလိုက် ပြည်ပသို့ ထွက်ခွာမှုနှင့် အလုပ်သွားရောက် လုပ်ကိုင်မှု
သည် အများအားဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် လူဦးရေ ၆သန်းအထိ ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်မှုများခြင်းနှင့် လူသားအရင်းအမြစ် လျော့ဆင်းလာခြင်း အပေါ်တွင်
လည်း စိုးရိမ်မှုများ ရှိနေသည်။
အင်္ဂါနေ့က ရန်ကုန်တွင် ပြုလုပ်သော Eleven Media Group ၏၁၁ နှစ်ပြည့် အခမ်းအနားတွင်
စီအီးအိုဖြစ်သူဒေါက်တာဦးသန်းထွဋ်အောင်က “ တကယ် အလုပ်လုပ်နိုင်တဲ့သူ တကယ် အလုပ်
လုပ် နိုင်တဲ့ Working Force တွေ ဘယ်ရောက်ကုန်လဲ၊ အခုလယ်တွေထဲမှာ လုပ်သား ရှားပါးတဲ့
ပြဿနာတွေ တွေ့နေပြီ။ အလုပ်ကြမ်းသမား ရှားပါးတဲ့ ပြဿနာတွေ တွေ့နေပြီ။ တောရွာတွေမှာ
တကယ် အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေ မရှိတော့ဘူး ”ဟု ထည့်သွင်း ပြောကြားသွားသည်။
“ ဒီပြဿနာဟာ သေးတယ်လို့ ဆိုရပေမယ့် တကယ်နိုင်ငံကိုကြီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာဟာ အရမ်းကြီးပါတယ်။ နိုင်ငံခြားကို ရောက်နေတဲ့သူတွေ
မပြန်လာဘဲနဲ့ ကျနော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခု ထူထောင်နိုင်ဖို့ မလွယ်ပါဘူး”
သူက ဆက်ပြောသည်။
အလုပ်အကိုင်နှင့် မျှော်လင့်ချက်မဲ့မှု ရှည်ကြာခြင်းက နိုင်ငံခြားထွက် လုပ်ကိုင်မှုများ ဖြစ်ပေါ်စေပြီး ယခုအချိန်ထိတော့ ဦးနှောက်ယိုစီးမှုဖြစ်ပြီး ငွေပြန်ပို့ခြင်းသာ အကျိုးဖြစ်ထွန်းစေသည်ဟု မြန်မာ့
စီးပွားရေး ကျွမ်းကျင်သူ သြစတြေးလျ တက္ကသိုလ်မှ ရှောင်တာနယ်လ် Sean Turnell က
သုံးသပ်သည်။
“ ကျန်ခဲ့တဲ့ နှစ်အနည်းငယ်က ကောက်ယူမှုတွေအရတော့ အလုပ်သမား တယောက်က တနှစ်ကို
ဒေါ်လာ ၃၀၀ အိမ်ကို ပြန်ပို့ပါတယ်၊ အခုဆိုရင်တော့ ဒီပမာဏထက် ပိုနိုင်တယ်လို့ ကျနော်တို့
ခန့်မှန်းပါတယ် ” ဟု မစ္စတာ ရှောင်တာနယ်က မဇ္ဈိမကို ပြောသည်။
ပြည်ပရောက်များက ပြန်ပို့လိုက်သော ငွေများမှာ ရိုးစင်းသော စားဝတ်နေရေးအတွက်သာ
အသုံးပြုနေရပြီး (အသေးစား လုပ်ငန်းလေးတွေ အတွက်တောင်မှ) ငွေကြေး ရင်းနှီးမြုပ်နှံနိုင်မှု
အလွန် နည်းပါးနေသည်ဟု သူက ဆက်ပြောသည်။
“ ရေရှည်အတွက် ဆိုရင်တော့ ပြည်တွင်း စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေ ကောင်းလာရင် မြန်မာအများစုဟာ ပြည်ပမှာ လက်တွေ့ရခဲ့တဲ့ နည်းနာတွေကို နိုင်ငံကို ပြန်လည် သယ်သွား
နိုင်ပါလိမ့်မယ်” ဟု မစ္စတာ ရှောင်တာနယ်လ်က ပြောသည်။
သမ္မတ အကြံပေး ဦးဆက်အောင်က လက်ရှိ အခြေအနေတွင် စရိတ်နည်းသော တရားဝင် ရွှေ့ပြောင်းအလုပ်ကို အထောက်အကူ ဖြစ်စေမည့် မူဝါဒများ ချမှတ်သင့်သည်ဟုလည်း စာတမ်း
တွင် တင်ပြထားသည်။
“ နိုင်ငံတော်တော်များများတွင် ရွှေ့ပြောင်း အလုပ်ကြောင့် မိသားစုများ အဆင်ပြေ၍ ဆင်းရဲမှုကို တစိတ်တဒေသလျော့ချပေးနိုင်သည်ကို ငြင်း၍ မရနိုင်ပါ။ အချို့နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်ကို
အမျိုးသားအဆင့် ဆင်းရဲမှု တိုက်ဖျက်ရေး ဗျူဟာတွင် ထည့်သွင်းထားသည်ကို တွေ့ရှိရပါမည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်နှင့် ဆင်းရဲမှု လျော့ချရေးကို တရားဝင် အသိအမှတ် မပြုလျှင်တောင် ရွှေ့ပြောင်းအလုပ်မှ ရရှိနိုင်မည့် ဆိုးကျိုးများကို ကာကွယ်ပေးနိုင်ရန် ကောင်းမွန်၍ လက်တွေ့ကျသော ပေါ်လစီ (Pragmatic policies) များဖြင့် ချမှတ်သင့်ပါသည်” ဟု ရေးသားထားသည်။
မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးနှင့် ဒုတိယအများဆုံးမှာ ထိုင်းနှင့် မလေးရှားတွင် ဖြစ်ပြီး
၂ သန်းနှင့် ၅ သိန်းကျော် ရှိမည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယနှင့် တရုတ် နိုင်ငံများသို့လည်း
သွားရောက် လုပ်ကိုင်မှုများ ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် ယုံကြည် စိတ်ချရသော လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုမှာ
အင်္ဂလိပ် ကိုလိုနီ လက်ထက်ကသာ ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြထားသည်။
ဆင်းရဲမွဲတေမှု ပပျောက်ရေး ဖိုရမ်၏ ပထမနေ့တွင် သမ္မတ ဦးသိန်းစိန် တက်ရောက်ကာ
ပြောကြားခဲ့သော မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ကျေးလက်နေ ပြည်သူများမှာ အလုပ်အကိုင်
အခွင့်အလမ်းများ ရှိကြပြီး ယင်းတို့အတွက် အဓိက လိုအပ်သည်မှာ ငွေအရင်းအနှီးသာ ဖြစ်သည်
ဟု ပါရှိသည်။ ဦးသိန်းစိန်က ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် အရေးကြီးသည်မှာ အသေးစား ချေးငွေလုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းများ လုပ်ဆောင်ရန် လိုကြောင်းလည်း ပြောကြားသွားသည်။
သို့သော် ဦးဆက်အောင်ကတော့ ချေးငွေလုပ်ငန်းများမှ ချေးငွေပမာဏသည် အိမ်တွင်း အသေး
စား အလုပ်ကိုပင် လုပ်ကိုင်နိုင်လောက်သည့် ပမာဏ မရှိခြင်းကြောင့် အောင်မြင်မှု မရနိုင်ကြောင်း သူ၏စာတမ်းတွင်ရေးသားထားသည်။
သုံးရက်တာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများအတွင်း လယ်ယာ၊ သားငါး ထုတ်လုပ်မှု ကဏ္ဍ၊
ကျေးလက် ထုတ်ကုန်၊ အသေးစား ချေးငွေလုပ်ငန်း၊ ကျေးလက် သမဝါယမ လုပ်ငန်း စသည်
တို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်၊ ဦးဆက်အောင်၊
ဦးစိန်လှဗိုလ်တို့ အပါအဝင် အခြားပညာရှင်များမှ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး စာတမ်းပေါင်း
၂၆ စောင်ကို ဖတ်ကြားခဲ့ကြသည်။

No comments:
Post a Comment