Friday, June 24, 2011

မြန်မာနိုင်ငံသားများ ပြည်ပသို့ လေကြောင်းဖြင့် လိုက်ပါမှုတွင် ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့ က ထိပ်ဆုံး၌ရှိနေ

Thursday, 23 June 2011 11:19
AddThis Social Bookmark Button
4129


မြန်မာနိုင်ငံသားများ ပြည်ပသို့ လေကြောင်း ခရီးစဉ်များဖြင့် လိုက်ပါမှုတွင် ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့က ထိပ်ဆုံး၌ရှိနေကြောင်းနှင့် စင်ကာပူ၊ မလေးရှား နိုင်ငံခရီးစဉ်များ၌ မြန်မာနိုင်ငံသား များက နိုင်ငံခြားသားထက် ဦးရေနှစ်ဆခန့်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စာရင်း ဇယားများအရ သတင်းရရှိပါသည်။

အဆိုပါဌာနမှ ၂၀၁၀ ပြည့်နှစ်အတွက် ထုတ်ပြန်ထားသော စာရင်းဇယားများအရ ဘန်ကောက်- ရန်ကုန်ခရီးစဉ်တွင် ခရီးသွားစုစု ပေါင်း ၂၈၀၃၉၈ ဦးလိုက်ပါခဲ့ရာ၌ နိုင်ငံခြားသားဦးရေမှာ ၁၇၃၄၈၅ ဦး၊ မြန်မာနိုင်ငံသားဦးရေမှာ ၁၀၆၉၁၃ ဦးရှိခဲ့သည်။

ထို့အတူ စင်ကာပူ-ရန်ကုန် ခရီးစဉ်ဖြင့် ခရီးသွား ၁၃၅၅၆၆ ဦး လိုက်ပါခဲ့ရာတွင် နိုင်ငံခြားသား ဦးရေ ၃၆၇၀၀ ဦးပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသား ၉၈၈၆၆ ဦးပါဝင်ခဲ့သည်။ ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်ဖြင့် စုစုပေါင်း ၆၉၃၆၁ ဦးလိုက်ပါခဲ့သည့်အနက် နိုင်ငံခြားသားဦးရေ ၂၄၂၀၉ ဦးနှင့် မြန်မာနိုင်ငံသား ၄၅၁၅၂ ဦးအသီးသီးရှိခဲ့ကာ စင် ကာပူ၊ မလေးရှားနိုင်ငံ ခရီးစဉ်များသည် မြန်မာနိုင်ငံသား ဦးရေက နိုင်ငံခြားသားဦးရေထက် နှစ်ဆမှ သုံးဆခန့် ရှိနေသည်ဟု ဟိုတယ်နှင့် ခရီးသွားရေးလုပ်ငန်း ၀န်ကြီးဌာနမှ စာရင်းဇယားများအရ သိရှိရသည်။
“ပြည်တွင်းကနေ ပြည်ပကိုသွားတာ တိုးတက်နေပါတယ်”ဟု မြန်မာခရီးသွားဈေးကွက် မြှင့်တင်ရေး ကော်မတီမှ ဥက္ကဋ္ဌဒေါက်တာ အောင်မြတ်ကျော်က ပြောကြားသည်။

၂၀၀၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်းအချို့မှ ပြည်ပအလည်အပတ် ခရီးစဉ်များကို စတင်စီစဉ်ပေးမှုရှိခဲ့သည်။ ထို့နောက် ခရီးသွားကုမ္ပဏီ များမှလည်း ပြည်ပအလည်အပတ် ခရီးစဉ်များကို စီစဉ်ပေးမှုရှိခဲ့ရာ ထိုင်းနိုင်ငံ ဘန်ကောက်ခရီးစဉ်မှာ မြန်မာ လူမျိုးများအကြား သွားလာလည် ပတ်ရန် စိတ်ဝင်စားမှု အရှိဆုံးခရီးစဉ် ဖြစ်လာခဲ့သည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဦးရေမှာ အကြောင်းကြောင်းကြောင့် လျော့ကျခဲ့သော်လည်း ယင်းအချိန်တွင် နိုင်ငံသားများ စင်ကာပူ နိုင်ငံသို့ Visit Visa  ဖြင့်သော်လည်း ကောင်း၊ ပညာသင်အဖြစ်သော် လည်းကောင်း သွားရောက်မှု ပိုမိုလာခဲ့သည်။ မလေးရှားနိုင်ငံမှာလည်း Visit Visa  ဖြင့် သွားရောက်မှုများအပြင် အလုပ်အကိုင် အခွင့်အလမ်း များအတွက် နယ်ဒေသအသီးသီးမှ လူငယ်လူရွယ် အများစုရွေးချယ်ရာ နိုင်ငံဖြစ်လာခဲ့သည်။

မြန်မာလူငယ်များ ပြည်ပသို့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ထွက်ခွာမှုတွင် စင်ကာပူ၊ မလေးရှား နိုင်ငံများသည် ထိပ်ဆုံးတွင်ရှိနေပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအ၀င် အခြားသောနိုင်ငံများ သို့ပါ သွားရောက်မှုများရှိနေသည်။ ထိုင်းနိုင်ငံသို့လည်း ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စသည် တို့မှ တိုင်းရင်းသားများ နယ်စပ်မှ တစ်ဆင့် သွားရောက်လုပ်ကိုင်မှုများ ရှိနေသည်ဟု သိရှိရသည်။

ပြည်ပခရီးစဉ် လေကြောင်းလိုင်းများတွင် လိုက်ပါမှုစာရင်း(၂၀၁၀)
ခရီးစဉ်အမည်    ခရီးသွားစုစုပေါင်း   နိုင်ငံခြားသား   မြန်မာ
ဘန်ကောက်-ရန်ကုန်   ၂၈၀၃၉၈    ၁၇၃၄၈၅    ၁၀၆၉၁၃
စင်ကာပူ-ရန်ကုန်   ၁၃၅၅၆၆    ၃၆၇၀၀   ၉၈၈၆၆
ကွာလာလမ်ပူ-ရန်ကုန်   ၆၉၃၆၁    ၂၄၂၀၉    ၄၅၁၅၂
ကူမင်း-ရန်ကုန်    ၂၆၁၉၀    ၁၉၄၂၆    ၆၇၆၄
တရုတ်(တိုင်ပေ)-ရန်ကုန်    ၁၉၃၃၀    ၁၄၉၆၃    ၄၃၆၇

No comments: