Tuesday, June 14, 2011

ရန်ကုန်မြို့ဧရိယာ၏ သုံးပုံနှစ်ပုံမှာ သက်တမ်းနု မြေသားများဖြစ်ပြီး ယင်းမြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ပါက သတိပြုရမည့် အချက်များရှိ

ရန်ကုန်မြို့ဧရိယာ၏ သုံးပုံနှစ်ပုံမှာ သက်တမ်းနုမြေသားများ ဖြစ်ကြောင်း သိရသည်။ သက်တမ်းနု မြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ပါက သတိပြုရမည့် အချက်များရှိကြောင်း ဘူမိဗေဒလုပ်ငန်းနှင့် မြေသားစမ်းသပ်ရေး လုပ်ငန်းများမှ သတင်းရရှိပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘူမိဗေဒပညာရှင်များ၏ စမ်းသပ်ချက်များအရ မင်္ဂလာ
တောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်၊ သာကေတ၊ အင်းစိန်၊ သမိုင်း၊ လှိုင်၊ သင်္ဃန်း ကျွန်း၊
တောင်ဥက္ကလာပ၊ မြောက် ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ  ဒဂုံအရှေ့နှင့် ဒလအစရှိသည့်
မြို့နယ်များသည် ပို့ချမြေများ တည်ရှိနေသည့် သက်တမ်းနုမြေများဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့ဧရိယာရဲ့ သုံးပုံနှစ်ပုံက သက်တမ်းနုမြေသားတွေပါ။ အထူးသဖြင့် မြစ်၊ ချောင်းတစ်ဖက် တစ်ချက်မှာရှိတဲ့မြို့နယ်တွေက မြေ သားနုပါတယ်။ တချို့မြို့နယ် တွေမှာ အမှိုက်ပုံကို ဖို့မြေလုပ်ပြီး
အဆောက် အအုံတည်ဆောက်တာတွေရှိတယ်။ သက်တမ်းနုမြေသားနဲ့ ဖို့မြေတွေမှာ အဆောက်
အအုံ တည်ဆောက်တဲ့ အခါ သတိပြုရမယ့် အချက်တွေရှိပါတယ်။ အဆောက်အအုံ မတည်ဆောက်
ခင်မှာ မြေသားအရည်အသွေးပေါ် လိုက်ပြီး အဆောက်အအုံရဲ့ အုတ်မြစ်ကို စံချိန်စံညွှန်းမီ တည်ဆောက်ရမှာပါ။ အဲဒီလိုမှမဟုတ်ရင် မြေသားကျွံ ၀င်ပြီးတိုက်ပြိုတာ၊ တိုက်ယိုင်သွားတာနဲ့ သဘာဝဘေးတွေနဲ့ ကြုံလာတဲ့အခါ ထိခိုက်နစ်နာမှုတွေ ကြုံရနိုင် ပါတယ်”ဟု မြရာပင်
Geo-technical Engineering Co. Ltd  မှ အုပ်ချုပ်မှုဒါရိုက်တာက ရှင်းပြခဲ့သည်။

သက်တမ်းနု မြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ရာ၌ လိုက်နာရမည့် စည်းမျဉ်း
များ အတိုင်းဆောက်လုပ်ခြင်း မပြုသည့်အတွက် အထပ်မြင့် အဆောက်အအုံများ ယိုင်လဲခြင်း၊ မြေသားကျွံဝင်ခြင်းများ ဖြစ်ပေါ်ရပြီး အဆောက်အအုံများ ဖြိုဖျက်ရသည့် ဖြစ်စဉ်များရှိနေကြောင်း
သိရသည်။

“ ၂၀၀၃-၂၀၀၄ ခုနှစ် ၀န်းကျင်က မြောက်ဥက္ကလာပမြို့နယ်မှာ တည်ဆောက်ထားတဲ့ ခြောက်ထပ်
တိုက် အဆောက်အုံတစ်ခု မြေကျွံပြီးရှေ့ကို ငိုက်သွားတဲ့အတွက် ဖြိုလိုက်ရတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
အလားတူပဲ မင်္ဂလာတောင်ညွှန့်နဲ့ ပုဇွန်တောင်မှာလည်း သာဓက တွေရှိခဲ့ဖူးတဲ့အတွက်
အဆောက်အအုံ တည်ဆောက်မယ့်သူတွေ အနေနဲ့ မိမိ အဆောက်အအုံ မတည်ဆောက်ခင်မှာ မြေသားရဲ့ခံနိုင်ရည်နဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေကို သေချာလိုက်နာပြီး တည်ဆောက်
သင့်ပါတယ်။ အခုနောက်ပိုင်းမှာ သဘာဝ ဘေးအန္တရာယ်တွေက ကမ္ဘာတစ်လွှားမှာ
အဆက်မပြတ်ဝင်လို့ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှာ သတိ ပြုရမယ့် အချက်တွေ
ကို သေချာသတိ ပြုလိုက်လာပြီး စည်းကမ်းအတိုင်း လုပ်သင့်ပါတယ်။ ဒီနေ့အထပ်မြင့် အဆောက်
အဦတွေ ကိုတာတွေကြော်ငြာနေတဲ့ ငလျင်ဒဏ်ခံ အဆောက် အအုံဖြစ်ကြောင်း အာမခံပါသည်
ဆိုတဲ့ စကားလုံးနဲ့ အတိမ်အနက်ဟာ ဘယ်လောက်ထိ အာမခံချက်ရှိလဲဆိုတာကို ဆန်းစစ်ဖို့လို
ပါတယ်” ဘူမိဗေဒ ပညာရှင်တစ်ဦးကဟု သုံးသပ်သည်။

သက်တမ်းနုမြေများပေါ်တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်နိုင်သော်လည်း
မြေသား အရည်အသွေးအပေါ် မူတည်ကာ အုတ်မြစ်တည်ဆောက်ရမည်ဟု သိရသည်။      

No comments: