Wednesday, June 29, 2011

အသက်မပြည့်သေးတဲ့ မြန်မာ ၁၅ ဦး ထိုင်းမှာ ထိမ်းသိမ်းထားဆဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခိုးဝင်ဖို့ကြိုး စားခဲ့တဲ့ အသက် ၁၈ နှစ် အောက် မြန်မာ နိုင်ငံသား ၁၅ ဦးကို ထိုင်းအာဏာပိုင်တွေက ထိမ်းသိမ်းထားပါတယ်။

ကလေးတွေကို ချင်းမိုင်ခရိုင် အတွင်းရှိ ဟော့မြို့နယ် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိပြီးနောက် လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) မှ တဆင့် ချင်းမိုင်မြို့ရှိ လူငယ်ထိန်းသမ်းရေး စခန်းသို့ ဇွန်လ ၁၇ ရက်နေ့က ပို့ဆောင်ထားပေးထားတယ်လို့ အဲဒီစခန်းက တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီအမျိုးသမီးက “ကလေးတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ ထိုင်းရိုးရာ လက်မှုအနုပညာနဲ့ မုန့်လုပ်တဲ့ နည်းတွေကို သင်ပေးထားတယ်။ ပြီးရင်တော့ သူတို့အားလုံးကို မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ်” လို့ ပြောပါတယ်။

အဖမ်းခံထားရသူတွေဟာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ် အရွယ်အတွင်းရှိ မိန်းကလေး ၈ ဦးနဲ့ ယောက်ျားလေး ၇ ဦးတို့ ဖြစ်ပါတယ်။

ပြန်ပို့မယ့်ရက်ကို အတိအကျ မသိရပေမယ့် မယ်ဟောင်ဆောင် ခရိုင်၊ မဲ့စရီရမ်းမြို့နယ်ဘက်ကို ပြန်ပို့ဖို့ အာဏာပိုင်များက စီစဉ်ထားတယ်လို့ ဆိုပါတယ်။။

အဲဒီ ကလေးတွေဟာ ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် မဲ့သဝေါမြို့နယ်မှတဆင့် ၀င်ရောက်ခဲ့ပြီး ဘန်ကောက်မြို့ရှိ ဆွေမျိုးများထံသွားဖို့ ရည်ရွယ်ထားတယ်လို့ ကလေးငယ်တွေက အာဏာပိုင်တွေကိုပြောကြောင်း သိရပါတယ်။

အခု ဖမ်းဆီးမှုဟာ လတ်တလော ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံများမှ ရောက်လာသော တရားမ၀င် အလုပ်သမားများကို အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပေးနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဧပြီ ၂၇ ရက်နေ့ ထိုင်းအစိုးရ ၀န်ကြီးအဖွဲ့ အစည်းအဝေးရဲ့ အတည်ပြုချက်အရ ဇွန်လ ၁၅ ရက်နေ့က စတင် ပြုလုပ်ပေးခဲ့တာပါ။

No comments: