Thursday, June 23, 2011

လိုင်စင်မဲ့ကားများကို လိုင်စင်ခွင့်ပြုပေးမည်ဟူသော သတင်းနှင့်အတူ ကားမျိုးစုံတန်ဖိုး သတ်မှတ်ထားသည့် စာရင်းထွက်ရှိလာ၊ ယင်းသတင်းကြောင့် ကားဝယ်ရောင်းများ အရောင်းအ၀ယ် မလုပ်သေးဘဲ ခေတ္တစောင့်ကြည့်နေကြ

AddThis Social Bookmark Button 4121a
ကားဈေးကွက်အတွင်း လိုင်စင်မဲ့ကားများအား လိုင်စင်ခွင့်ပြုပေးမည့် သတင်းနှင့်အတူ ကားမျိုးစုံတန်ဖိုး သတ်မှတ်ထားသည့် စာရင်းထွက်ပေါ်လာကြောင်းနှင့် ယင်းသတင်းကြောင့် ကားဝယ်ခြင်းရောင်းခြင်း ထက် ခေတ္တစောင့်ကြည့်သူ ပိုများလာကြောင်း ကားဈေးကွက်အတွင်းမှ သတင်းရရှိပါသည်။
ကားဈေးကွက်အတွင်းရှိ ကားဝယ်ရောင်းများ၊ လုပ်ငန်းရှင်များထံ တွင် ‘မော်တော်ယာဉ်အမျိုးအစား အလိုက် မော်တော်ယာဉ်ဈေးနှုန်းများ သတ်မှတ်တန်ဖိုး’ ဟူသည့်စာမျက်နှာ ၂၈ မျက်နှာပါ စာရင်းထွက်ရှိနေပြီး အိမ်စီးကားမျိုးစုံမှစကာ လုပ်ငန်းသုံး ကားမျိုးစုံအထိ တန်ဖိုးသတ်မှတ်ထားမှုများ ပါဝင်ကြောင်း သိရသည်။
“စာရင်းမှာ ကားအမျိုးအစား၊ မော်ဒယ်၊ ချက်စီ၊ လက်ရှိကာလ ပေါက်ဈေး၊ ယခင်သတ်မှတ်တန်ဖိုး၊ ပြောင်းလဲသတ်မှတ်တန်ဖိုး ဆိုပြီး စာတိုင်တွေပါတယ်။ လိုင်စင်မဲ့ကား ကာလအပိုင်းအခြားတစ်ခုနဲ့ လိုင်စင် ပြန်လုပ်ခွင့်ပြုမယ် ဆိုပြီးလည်း သတင်းကထွက်နေတာကြာပြီ။ အခု မှစာရင်းထွက်တာ။  ဥပမာ စာရင်း မှာ ယခင်သတ်မှတ်တန်ဖိုးဆိုတဲ့ စာတိုင်ပါတယ်။ အဲဒီတန်ဖိုးတွေက ပြီးခဲ့တဲ့နှစ် လိုင်စင်မဲ့ကားလိုင်စင်ခွင့် ပြုတုန်းက ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့က ခွင့်ပြုပေးတဲ့ တန်ဖိုးတွေနဲ့ အတူတူ ဖြစ်နေတယ်။ ပြောင်းလဲ သတ်မှတ်တန်ဖိုးကျတော့ အဲဒီဈေးတွေနဲ့ မတူဘူး။ ဒီတော့ အသစ်သတ်မှတ်ပေးတယ်ဆိုပြီး စာရင်းကိုကြည့်ပြီး လိုင်စင်ခွင့်ပြုပေး မယ်ဆိုတာကို ပြောကြတာပါ”ဟု ၀ယ်ရောင်းတစ်ဦးက ရှင်းပြခဲ့သည်။

ရောင်းတာ ၀ယ်တာထက် ခေတ္တစောင့်ကြည့်တယ် ဆိုပေမယ့် တကယ်တမ်း အခုရက်ပိုင်းမှာ ကားလိုက်ဝယ်ရင် အရင်လို အလွယ်တကူ ရောင်းမယ့်သူလည်း မရှိပြန်ဘူး။ ကားဈေးကလည်း မာတုန်းပဲ . .

“စာရင်းမှာပါတဲ့ ဈေးနှုန်းတွေ ကတော့ ယခင်သတ်မှတ်တန်ဖိုးဆို တာက ၂၀၁၀ တုန်းက ၈၅ ရာခိုင်နှုန်း ဒဏ်ကြေးပေးသွင်း ခဲ့ရတဲ့နှုန်းနဲ့ တူတယ်။ အခုပြောင်းလဲသတ်မှတ်တဲ့ တန်ဖိုးကတော့ အဲဒီဈေးထက် ကျပ်သိန်း ၂၀၀ ကနေ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀ အမျိုးအစားအလိုက် လျော့ကျ လာတာတွေ့ရတယ်။ တကယ်လို့ လိုင်စင်မဲ့ကား လိုင်စင်ခွင့်ပြုရင် ရာခိုင်နှုန်း ဘယ်လောက်ဆိုတာတော့ သေချာမသိရဘူး။ ပြောနေတာကတော့ ၆၅ ရာခိုင်နှုန်း ဒဏ်ကြေးပေးသွင်း ရမယ်။ တချို့ကလည်း ၈၅ ရာခိုင် နှုန်းပဲ ဖြစ်မှာပါလို့တော့ မှန်းဆနေ ကြတာပါပဲ။ လိုင်စင်ခွင့်ပြုပေးမလား မပေးဘူးလား ဆိုတာကတော့ အရင် လုပ်ခဲ့တဲ့ ပုံစံပေါ်မှာမူတည်ပြီး ခန့်မှန်းကြတာ။ ဥပမာ ၂၀၁၀ တုန်းက လိုင်စင်မဲ့ကား ဒဏ်ကြေးနဲ့ လိုင်စင် ခွင့်ပြုတော့မယ်ဆိုပြီး သတင်းထွက်လာသလို နောက်ဆက်တွဲအနေနဲ့ ကားတန်ဖိုးသတ်မှတ်တဲ့ စာရင်းထွက် လာတယ်။ ပြီးမှ လိုင်စင်ခွင့်ပြုတဲ့ အစီအစဉ်စတယ်။ ဒီတော့အခုလည်း သတင်းအရင်ထွက်တယ်၊ ကားတန်ဖိုး စာရင်းလည်း ထွက်တယ်ဆိုတော့ ပေးတော့မယ်ဆိုပြီး မှန်းဆရတာပေါ့” ဟု ကားလုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
4121
၂၀၁၀ ပြည့်နှစ်အတွင်းက တာချီလိတ်မြို့နယ် အခွန်ဦးစီးရုံးတွင် လိုင်စင်မဲ့ကားများအား
ကာလတန်ဖိုး စိစစ်သတ်မှတ်ကာ လိုင်စင်ပြုလုပ်ပေးနေစဉ်
အဆိုပါ သတင်းကြောင့် ကားဝယ်ရောင်းအများစုမှာ လိုင်စင်ရပြီး ကားများအား ယခင်ကကဲ့သို့ ပုံမှန် ရောင်းဝယ်မှုထက် ခေတ္တစောင့်ကြည့်မှု ပိုများကြောင်းလည်း ကားဝယ်ရောင်း များထံမှ သတင်းရရှိပါသည်။
“သတင်းထွက်လာတဲ့အတွက် ရောင်းတာဝယ်တာထက် စောင့်ကြည့် တာပိုများလာတယ်။ လိုင်စင်ရပြီး ကားကိုပြောတာပါ။ လိုင်စင်မဲ့ ကား ကတော့ ဒီသတင်းနဲ့အတူ အရောင်းအ၀ယ် ဖြစ်နေရင် ဖြစ်နေမှာပေါ့။ ဒီဈေးကွက်ကတော့ နယ်စပ်ဘက် မှာပဲ ရှိတတ်ပါတယ်။ ရောင်းတာ ၀ယ်တာထက် ခေတ္တစောင့်ကြည့်တယ် ဆိုပေမယ့် တကယ်တမ်း အခုရက်ပိုင်းမှာ ကားလိုက်ဝယ်ရင် အရင်လို အလွယ်တကူရောင်းမယ့်သူလည်း မရှိပြန်ဘူး။ ကားဈေးကလည်း မာတုန်းပဲ။ ၂၀၁၀ တုန်းက လိုင်စင်မဲ့ သတင်းထွက်ကတည်းက ကားဈေး ထိုးဆင်းတာ။ အခုသတင်းသာထွက်တယ် ကားဈေးက အရမ်းထိုးမဆင်းဘူး။ အရင်တစ်ပတ်က ဈေးမှာပဲရှိနေ သေးတယ်။ ဒါကြောင့်လည်း ရောင်းတာဝယ်တာထက် ခေတ္တစောင့်ကြည့် ကြတာလို့ပြောရတာပါ”ဟု ကား ဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးက ပြောကြားခဲ့သည်။
“စာရင်းကလည်း ပြည်နယ်ဘက်တွေအထိ ပျံ့နှံ့သွားပြီ။ ဒီတော့ နယ်ကားဈေးကွက် အဓိက ကတော့ မန္တလေးကားဈေးကွက်ပေါ့၊ အဲဒီမှာလည်း ခေတ္တစောင့်ကြည့်တာ ပိုများလာတယ်”ဟု ပြည်ပမှကားတင် သွင်းသည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
လိုင်စင်မဲ့ကားများ ပပျောက် ရေးအတွက် ဦးတည်ထားသည့် သတ်မှတ်ဒဏ်ကြေးဖြင့် လိုင်စင်မဲ့ကား လိုင်စင်ခွင့်ပြုပေးသည့် အစီအစဉ်အပေါ် အကောင်းအဆိုးနှစ်ဖက် ရှုမြင်ရန်လိုအပ်ကြောင်လည်း ကား လုပ်ငန်းရှင်များက ထောက်ပြကြပါသည်။
“ဒီသတင်းက မှန်လည်းမှန် နိုင်ပါတယ်။ လွဲချော်မှုလည်း ရှိနိုင် ပါတယ်။ ကျွန်တော်တို့ပြည်တွင်းမှာ အများစုက ကားကို လှောင်ကုန်အဖြစ် အသုံးပြုလာကြတဲ့စနစ်ကြောင့် လိုင်စင်ခွင့်ပြုပေးမယ်ဆိုရင် လက်ထဲ မှာ လိုင်စင်မဲ့ကား မရှိတဲ့သူကလည်း ၀ယ်ပြီး လိုင်စင်ဝင်ကြတာပဲ။ ဒီတော့ မဟုတ်ဘူးဆိုရင် အဲဒီလိုလုပ်မယ့်သူ တွေ နစ်နာမယ်ဆိုတာ ထည့်တွေးထားရမယ်။ ဟုတ်တယ်ဆိုရင်တော့ ကားဈေးကျဆင်းမှုနဲ့ လိုင်စင်မဲ့ကား ပပျောက်မှုအတွက်တော့ ကြိုဆိုရမယ်။ ဟုတ်တယ်ဆိုရင်လည်း ငါတို့ကား တွေတော့ ဈေးကျပါပြီကွာလို့ ဖြစ်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အစကတည်းက ကားကလှောင်ကုန် မဟုတ်ဘူးလေ။  နောက်တစ်ချက်က လိုင်စင်မဲ့ကား များပြားတဲ့ အကျိုးဆက် ကိုလည်း ကားပိုင်ရှင်တချို့သိထား ပြီးသားပါ။ တွေ့ရာနံပါတ်တပ် မောင်းလို့ တစ်စုံတစ်ခုဖြစ်တော့ အဲဒီ နံပါတ်နဲ့လိုင်စင်အစစ် ပိုင်ရှင်ဆီရောက် ပိုင်ရှင်က နေရင်းထိုင်ရင်း လိုက်ရှင်းရနဲ့ ဒုက္ခများပါတယ်”ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“လိုင်စင်ပေးမယ်ဆိုရင်လည်း အတန်းအစားမခွဲခြားဘဲ၊ အထူးအခွင့် အရေးရတဲ့သူနဲ့ သာမန်မခွဲခြားဘဲ ပေးရင်ပိုပြီး ကောင်းမယ်လို့ သုံးသပ်မိပါတယ်။ တစ်လလောက် ခွင့်ပြု လုပ်ကိုင်ပေးမယ် လို့တော့ ဈေးကွက်ထဲက ကြားသိရပါတယ်”ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။
ယခုအချိန်တွင် စာရင်းထွက်ပေါ်ခြင်း၊ သတင်းထွက်ပေါ်ခြင်းမျှ သာဖြစ်ပြီး တိကျစွာထွက်ပေါ်ခြင်း မျိုးမဟုတ်သည့်အတွက် ချင့်ချိန်လုပ်ကိုင်ခြင်းသည်သာ အမှန်ကန်ဆုံး ဖြစ်ကြောင်းကိုလည်း ကားလုပ်ငန်းရှင်များက သတိပေး သုံးသပ်ခဲ့သည်။
“စာရင်းက ဟုတ်တယ်မဟုတ်ဘူး ဆိုတာထက် ကွဲလွဲမှုတွေလည်း ရှိနေတယ်ဆိုတာ သတိထားသင့် တယ်”ဟု ကားကျွမ်းကျင်သူတစ်ဦး ကလည်း သုံးသပ်ပြောကြားခဲ့သည်။
ကားဈေးနှုန်း သတ်မှတ်တန်ဖိုး စာရင်းပါ ကားအမျိုးအစားအချို့နှင့်တန်ဖိုးများ (ကျပ်သိန်း)
အမျိုးအစား     ဒီဇယ်     ဓာတ်ဆီ
Landcruiser HDJ101(2007) ၂၈၀၀  -
Landcruiser Parado KZJ95(2000) ၁၁၀၀         ၉၀၀
Landcruiser Parado RZJ95(1998) ၁၀၀၀        ၉၀၀
Landcruiser Parado 1996-1997        ၉၀၀    ၈၀၀
Pajero V78(1999-2000)     ၈၀၀   -
Pajero V46(1996-1997)     ၅၀၀    ၄၅၀
Mark II LX100 1998         ၈၀၀    ၆၅၀
Mark II GX100 1996-97    ၇၀၀   ၆၀၀
Mark II GX110    ၇၀၀   ၅၅၀
Mark II Grx121    ၁၅၅၀  -
Mark II GX90 1995(Grande)          ၅၅၀    ၄၅၀
Mark II LX90 1994          ၆၀၀    ၄၀၀
Mark II LX76 1988-89       ၂၃၀    ၁၈၀
Mark II LX76 1986-87       ၁၈၀    ၁၅၀
Toyota Chaser GX90 1995   ၄၅၀    ၃၅၀
Toyota Cresta Jzx81 1990-91 ၂၃၀     ၁၈၀
Toyota Cresta Jzx81 1990-91 ၁၈၀    ၁၆၀
Toyota Celsior 2004 ၂၀၀၄ -         ၂၂၀၀
Toyota Celsior ET176 1998-99 ၁၉၉၈-၉၉     -         ၆၀၀
Toyota Alphard 2007 ၂၀၀၇          -       ၂၀၀၀
Corolla CE106 1998         ၄၅၀   ၄၀၀
Corolla CE108 1994-95  ၃၅၀        ၃၀၀
Corolla CE96 1987-88-89-91           ၂၃၀    ၂၀၀
Crown Jzs157 1999-2000    ၇၅၀    -
Crown   ၁၇၀    ၁၅၀
Hilux Surf LN130  ၆၅၀    -
Hilux Surf KZN185 1998      ၈၀၀    ၇၂၀
Hilux Surf VZN1185 96-97   ၇၀၀   -
Hilux Surf KZN130 1995    ၆၀၀    -
SE Limited KE30 -        ၄၅
SE Limited KE55  -         ၆၀
SE Limited AE81  -         ၁၁၀
Discovery 1994-95 ၃၀၀    ၂၀၀
Discovery 1992-93 ၂၃၀    ၁၈၀
Rang Rover 1996-97         ၄၅၀   ၄၀၀
Cherokee Jeep 1986-88     -         ၁၅၀
Cherokee Jeep 1989-90      -        ၁၇၀
Cherokee (Grand)1996-97  - ၁၈၀
Hilux Double Cab YN56-60 86-87     ၁၈၀    ၁၅၀
Hilux Double Cab LN61-65  ၂၀၀    ၁၈၀
Hilux Double Cab YN86-100 89-91   ၂၃၀    ၂၀၀

No comments: