Saturday, August 6, 2011

နိုင်ငံခြားတွင် အလုပ်ရှာပြီး၊ ရရှိအဆင်ပြေသူများအကြောင်း

ကျမ်းပိုဒ်များ
ဆာလံ ၃၁း ၂၄  ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သော စိတ်နှလုံးရှိကြလော့၊၊

ဖိလိပ္ပိ ၄း ၄-၇ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။ လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြေးညှင်းခြင်းသဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်ပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။

ယောရှု  ၁း ၉ သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။

သုတ္တံကျမ်း  ၃း ၅-၆  ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို မမှီမပြုနှင့်။ သွားလေရာ၌ ထာဝရ ဘုရား ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။


နိဒါန်း
ကျွန်တော်တို့ လူသားများတွင် ဘော်လုံးကန်ခြင်းဥပမာပေးရလျှင် လွတ်ထွက်လာသောဘောကို စောင့်ပြီး ဂိုးသွင်းချင်သော အလစ်ချောင်း တိုက်စစ်မှုးစိတ်ဓါတ် ရှိကြသည်။ ဘော်လုံးရှိရာအတင်းပြေးလိုက်၊ လုကစားတတ်သော ကြိုးစားသည့်ဘောသမား ကဲ့သို့ ပင်ပင်ပမ်းပမ်း မလုပ်ချင်ကြပါ။ သို့သော် သင့်အလုပ်ရှင်က လူတစ်ယောက်လိုသဖြင့် သင့်ကိုရှာခိုင်းပါက ကျွန်တော်သာဆိုလျှင် ကြိုးစားသည့် ဘောသမား ကဲ့သို့သော လူကို ရှာဖွေပေးမည်။ အလုပ်ရှင်ကို နာခံရုံမက၊ ကိုယ့်အသိနှင့်လုပ်တတ်သော လူမျိုးဖြစ်ပါက အလုပ်ရှာပေးသူလည်း နာမည်ရမည်။

အဆင်ပြေမှုများသည် အဆင်မပြေမှုများဖြင့် စတင်ပါသည်။ အဆိုးအားဖြင့် အကောင်းကိုမြင်ရမည်။


အလုပ်ရှာခြင်း
စင်ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံများမှာ လာရောက်အလုပ်ရှာသူ မြန်မာလူငယ်၊ လူလတ်၊ လူကြီးများစွာ ရှိကြပါသည်။ နည်းမျိုးစုံနဲ့ ရှာဖွေကြပါကြရာ စင်ကာပူအခြေခံ၍  အနည်းငယ် ရေးချင်ပါသည်။

အလုပ်အကိုင် ၃မျိုးခွဲခြားပါမည်။
၁။ သာမန်လူများအလုပ် (ပညာအရည်အချင်းမလို) WP
၂။ ပညာအရည်အချင်းလိုသော အလုပ်အကိုင်  S.Pass
၃။ အသက်မွေးပညာရှင်များအလုပ်အကိုင်  Professional


စီးပွားရေးလုပ်ငန်းများ လာရောက်ထူထောင်သူများအတွက် Business Pass, Investment PR, Company Registration စသည့်နည်းများဖြင့် နိုင်ငံခြားလာရောက်သူများအကြောင်းကို မဖေါ်ပြလိုပါ။ ထိုအဆင့်သည် အများစု မြန်မာများအတွက် မစဉ်းစားသင့်ပါ။ ထို့အတူ အချို့မှာ တရားမ၀င်နေထိုင်မည် (သို့မဟုတ်) တစ်လ၊ နှစ်လ ဗီဇာရသည်အထိ လုပ်ကိုင်လိုသူများ၊ အခြား စပယ်ရှယ်ပတ်စ်များ အကြောင်းတို့ကို မဖေါ်ပြလိုပါ။ ထို့ကြောင့် အတက်တန်းစားနှင့်အောက်တန်းစား ကိုချန်လှပ်ကာ ၃မျိုးကိုသာ အကျဉ်းချုပ်ရေးပါမည်။

၁။ သာမန်လူများအလုပ် W.P
၂၀၁၀ တွင် တကမ္ဘာလုံး အလုပ်ကိုင်ရှားပါသည်။ စင်ကာပူအလုပ်သမားအေးဂျင့်များ ၀င်ငွေနည်းသောနှစ်ဖြစ်သည်။ ပြည်ပအလုပ်သမားများစွာ အလုပ်သက်တမ်းမတိုးပေးသောကြောင့် ပြည်တော်ပြန်ပြီး အနားယူရသည်။ မြန်မာများလည်း ထို့အတူ အလုပ်ရှားပါးပါသည်။ သို့သော်  အလုပ်ပါမစ်သက်တမ်းမကုန်ခင် အလုပ်ပြုတ်သော ၂၀၀၇ခုနှစ်က စီးပွားကပ်အခြေအနေလောက် မဆိုးသေးပါ။ အလုပ်အေးဂျင့်ဖြင့် ရှာလိုပါက မြန်မာပြည်မှာပင် အေးဂျင့်ခ ဒေါ်လာ ၁ထောင် မှ ၃ထောင်ကျော် ပေးပြီးရှာနိုင်ပါသည်။ မိမိဖာသာ စင်ကာပူလာရောက်ပြီး အလုပ်ရှာမည် ဆုံးဖြတ်ပါက လေယာဉ်စာရိတ်၊ နေထိုင်စားရိတ်များ ရင်းနှီးပြီးရမည်ဖြစ်သည်။

အေးဂျင့်ဖြင့် ရှာနည်းကို အားမပေးလိုပါ။ မိမိဖာသာ (သို့မဟုတ်) မိတ်ဆွေများ အဆက်အသွယ်ဖြင့်ရှာဖွေနည်း ကိုသာ တင်ပြလိုပါသည်။

ကျွန်တော်တို့ ခရစ်ယာန်များတွင် မိမိလိုချင်သောအရာကို ဘုရားထံ ဆုတောင်းကြသည်။ ဘုရားအားကိုးဖြင့် လာကြသည်။ လူများထံ အလုပ်လိုက်တောင်းပါက အထင်သေးခံရပါသည်။ မိမိအလုပ်လာရှာသည် ဟုသာ တစ်ခွန်းတည်း ယဉ်ကျေးစွာ အသိပေးပြောထားပါ။ မိမိသိင်္ခါကို ထိန်းပြီး၊ အားမငယ်ရန်၊ အလုပ်မရလျှင်လည်း  ငါးမရ၊ ရေချိုးပြန်သော စိတ်ဖြင့် အလုပ်ရှာရန်ဖြစ်သည်။ ဘုရားအလိုတော်
(ကံတရား @ မြန်မာများအတွက် ကံ၊ ဥာဏ်၊ ၀ိရီယ)
လက်ခံပြီး အလုပ်ရှာရန်ဖြစ်သည်။

ငွေမြောက်များစွာ ပိုက်ကာ (ဒေါ်လာ၂ထောင်၊ ၃ထောင်) ချေးငှား၊ ပေါင်နှံပြီး ၊ အလုပ်လာရှာသူများ အတွင်းစိတ်မှာ ငွေအားကိုးချင်သည်။ သို့သော် အလွန်စိတ်အားငယ်၊ စိုးရိမ်၊ ကြောင့်ကြခြင်းဖြစ်ရသည်။  ပိုက်ဆံ၊ လက်ထဲကိုင်ထားသောကြောင့် သုံဖြုန်းမိခြင်း ရှိလာသည်။ ငွေပေး လုပ်ချင်စိတ်ဖြင့် အေးဂျင့်လက်ထဲ အပ်ပစ်လိုက်ချင်လာသည်။ စိတ်ချရသောအေးဂျင့်ကလည်း ရှာရခက်သည်။ ငွေအားကိုးပြီးလာသူများ ငွေနည်းသွားသောအခါ အားကိုးစရာမရှိ၊ ဗီဇာလည်းကုန်၊ နောက်တစ်ခါပြန်လာရန် ပြည်တော်ပြန်ကြရသည်။

မိမိဖာသာ ကြိုးစားအလုပ်ရှာလိုပါက၊ မိမိကို အလုပ်ခန့်ချင်၊ အလုပ်လစ်လပ်မှုများကို ပြောပြပေးမည့် အဆက်အသွယ် အထူးအရေးကြီးပါသည်။ မိမိတည်းခိုမည့်အိမ်တွင် မိမိလို ဘ၀တူများ၊ စုပေါင်းနေထိုင်သော နေရာဖြစ်ဖို့ အလွန်အရေးကြီးသည်။ မိမိနှင့်အတူနေသော မြန်မာမိတ်ဆွေများက အလုပ်အကိုင် ရှာပေး၊ လမ်းညွန်ပေး၊ အလုပ်လျှောက်လွှာရေးပေး၊ စီစစ်ပေးဖို့ အထူးလိုအပ်ပါသည်။


လူငယ်များ အလုပ်ရှာနည်းတွင်၊ သတင်းစာ၊ အင်တာနက်မှ ခေါ်သောအလုပ်များကို အီးမေးဖြင့် အလုပ်ရှောက်ခြင်းသည် အထူးရေပန်းစားပါသည်။ ပိုမိုထိရောက်သော အလုပ်ရှာနည်းမှာ မိတ်ဆွေသင်္ဂဟများထံ အလုပ်လျှောက်လွှာ CV ကိုယ်ရေးရာဇ၀င် စာရွက်ကို ပေးထားခြင်းဖြစ်သည်။ မိမိကိုယ်တိုင်လည်း အပြင်သို့ သွားလာပြီး ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ အခန်းအနားများတွင်လည်း တွေ့သောသူများကို အလုပ်လာရှာကြောင်း ယဉ်ကျေးစွာ၊ ပြောထားပါ။ ထို သူစိမ်းမိတ်ဆွေများက မိမိ အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်းကို မေးလာပါက တိုရင်း၊ လိုရှင်းဖြေပြီး၊ CV ကိုလည်း ပေးထားနိုင်ပါသည်။

သာမန်အဆင့် အလုပ်သမားအတွက် ယခုအခါ၊ ထိုင်း၊ မလေးရှား နိုင်ငံများတွင် အေးဂျင့်ခ အနည်းငယ်သာကုန်သော်လည်း၊ စင်ကာပူတွင် အေးဂျင့်ခ ကြီးစွာပေးရသည်။ အမျိုးသမီးများအတွက် အိမ်အလုပ် Domestic Helper, လူအိုရုံများ Nursing Aid အတွက် လစာ တစ်လ ဒေါ်လာ ၄၀၀ ခန့်ရရန်ပင် ၄လစာခန့် ပွဲစားခပေးရသည်။ အမျိုးသားများအတွက် သင်္ဘောကျင်း၊ ဆောက်လုပ်ရေး၊ စက်ရုံများတွင် လစာ တစ်လ ဒေါ်လာ ၈၀၀ကျော် အလုပ်ကို ၄လစာခန့် ပွဲခပေးရသည်။ ယခု ၂၀၁၀ တွင် မြန်မာအမျိုးသမီးများကို စက်ရုံများတွင် သာမန်အလုပ် Work Permit လုပ်ခွင့်ပေးနေပြီဟု သိရပါသည်။

ထို သာမန်အလုပ်များကို ပုံမှန်အားဖြင့် အေးဂျင့်များဖြင့်သာ ရှာဖွေရပါသည်။ စိတ်ချရသော အေးဂျင့် ဆိုသည်မှာ မရှိပါ။ အေးဂျင့်ထံအလုပ်အပ်ပါက ယုံကြည်စွာ အပ်လိုက်ပါ။  မိမိအးဂျင့်ကို ယုံမှားမှု၊ စိုးရိမ်မှု မရှိပါနှင့်တော့။ သို့သော် ထိုအလုပ်များကို အေးဂျင့်မလိုပဲ အသိမိတ်ဆွေများမှတဆင့် ရှာဖွေရရှိသူ များစွာရှိကြောင်းလည်း သိထားရပါမယ်။

W.P ဖြင့်လုပ်ကိုင်သူများမှ အလုပ်၊ အနေထိုင် များစွာကြပ်တည်းပါသည်။ ပထမ ၂နှစ်ခန့်မှာ အကြွေးမကြေသေးသူများအဖို့  အပြင်မထွက်ပဲ၊ တယ်လီဖုန်းခ မဖြုန်းပဲ၊ ရီးစား၊မိသားစုကို ခဏမေ့ထားပြီး မိမိနေထိုင်ရာ၊ ဒိုမက်ထရီ၊ အိမ်၊ ဟုမ်း များတွင်သာ ထောင်ကျသကဲ့သို့ နေရပါသည်။ ထို၂နှစ်ကျော်သွားပါက မိမိပညာရေးအတွက် ဒီပလိုမာပင်မရှိပါက၊  မြန်မာပြည် ၁၀တန်းဖြေရေး၊ အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရေး၊ စင်ကာပူ ပေါ်လီ၊ အိုင်တီအီး ITE ၊ ကုမဏ္ဍီသင်တန်း Skill Certificates လက်မှတ်များရရေး ..လုပ်ငန်းခွင်တွင်းမှ လုပ်ဆောင်ခြင်း (သို့မဟုတ်) အချိန်ပြည့်ကျောင်းပြန်တက်ခြင်း စသည်တို့ကို လုပ်ဆောင်မှ S.Pass, PR အဆင့်များသို့ တဖြေးဖြေး တက်လှမ်းနိုင်ပါမည်။

အီးပီ ပီအာ၊ စီတီဇင် များနှင့် ရီးစားဖြစ်၊ အိမ်ထောင်ကျရန် စိတ်ကူးယဉ်နေသူများမှာ၊ ထီထိုးပြီး အိပ်မက်မက်နေသောသူနှင့် အတူတူဖြစ်သည်။ လွတ်လာသောဘောကို စောင့်ပြီးဂိုးသွင်းလိုသူများမှာ ဘုရားအထူးကောင်းကြီးပေးမှ (ရှေးကုသိုလ်ကံကောင်းမှ) အဆင်ပြေမည်ဖြစ်သောကြောင့် မိမိဘ၀အတွက် ရေတို၊ ရေရှည်  စဉ်းစား၊ ဆုံးဖြတ်၊ လုပ်ကိုင် စေလိုပါသည်။

(အမေရိကာ၊ သြစတြေလျားနှင့်အနောက်နိုင်ငံများမှ အဆင့်မြင့်အလုပ်ပွဲစားများသည် အလုပ်သမားထံမှ ငွေမတောင်းပါ။ အလုပ်ရှင် ကုမဏ္ဍီထံမှသာ ကော်မရှင် ငွေတောင်းပါသည်။ လစာများလျှင် ကော်မရှင်များများရသည်။ စင်ကာပူတွင်ပင် ထိုသို့ High Level Agent @ Man Hunter ကုမဏ္ဍီ တော်တော်များများရှိနေပြီဖြစ်သည်။)


၂။ ပညာအရည်အချင်းလိုသော အလုပ်အကိုင်  S.Pass
မြန်မာပြည်တွင် ဘွဲ့၊ ဒီပလိုမာ တစ်ခုခုရှိပြီး၊ လုပ်သက် ၃နှစ်အထက်ရှိသူများအတွက် S.Pass အလုပ်များစွာ ရှိသည်။ S.Pass လျှောက်ရန် အရည်အချင်းတွင် လုပ်သက်ရှိရန်မလိုပါ။ သို့သော် ယခု ၂၀၁၁ တွင် လစာငွေ အနည်းဆုံး $1800 မှ $2000 သို့ ပြောင်းတော့မည် ဆိုသည်။ အချို့လည်း စင်ကာပူအစိုးရ စည်းမျဉ်းဘောင်အတွင်းမှ လစာနည်းနည်းဖြင့် S.Pass ဖြင့် အလုပ်လုပ်နေသူ များစွာရှိပါသည်။

ပညာအရည်ချင်းလိုသော အလုပ်သည် ပထမ သာမန် WP အလုပ်များလောက် အေးဂျင့်ကို အားကိုးစရာမလိုပါ။ သို့သော် ထို S.Pass အလုပ်ကိုပင် အေးဂျင့်ဖိုး $3000 ကျော်ပေးပြီး၊ လစာ S$1000 ခန့်နှင့် လုပ်နေသော မြန်မာများစွာရှိနေကြသည်။ အချိန်ပိုများများမရလျှင့် ထိုငွေဝင်ငွေဖြင့် နေစရိတ်၊ စားစရိတ် အထူးချွေတာရပေမည်။

ကျွန်ုပ်တွေ့ဖူးသော မိတ်ဆွေအများစုမှာ မိမိတို့အချင်းချင်း ကူညီ၊ ပြသပေးခြင်းအားဖြင့် အလုပ်ကို မိမိဖာသာရှာဖွေ၊ ရရှိသွားသူများပါသည်။ အလုပ်ပွဲစားအပ်ထားပါကလည်း မိတ်ဆွေများအားဖြင့် ပွဲစားက ကောင်းကောင်းလုပ်ပေးလေ့ရှိသည်။ လူလည်လုပ်ချင်သော အလုပ်ရှာသူများမှာ သူတို့ထက်ပိုလည်သော ပွဲစားများလက်သို့ ရောက်သွားပြီး ဇတ်လမ်းရှုပ်တတ်သည်။

အလုပ်ရှာဖွေနည်းမှာ အရင်ဖေါ်ပြသည့်အတိုင်း  မိမိကို အလုပ်ခန့်ချင်၊ အလုပ်လစ်လပ်မှုများကို ပြောပြပေးမည့် အဆက်အသွယ်ရှိခြင်း၊  မိမိတည်းခိုမည့်အိမ်တွင် မိမိလို ဘ၀တူများ၊ စုပေါင်းနေထိုင်သော နေရာဖြစ်ဖို့၊ မိမိနှင့်အတူနေသော မြန်မာမိတ်ဆွေများက အလုပ်အကိုင် ရှာပေး၊ လမ်းညွန်ပေး၊ အလုပ်လျှောက်လွှာရေးပေး၊ စီစစ်ပေးဖို့ အလွန်အရေးကြီးသည်။
သတင်းစာ၊ အင်တာနက်မှ ခေါ်သောအလုပ်များကို အီးမေးဖြင့် အလုပ်ရှောက်ခြင်း၊  ပိုမိုထိရောက်သော အလုပ်ရှာနည်းမှာ မိတ်ဆွေသင်္ဂဟများထံ အလုပ်လျှောက်လွှာ CV ကိုယ်ရေးရာဇ၀င် စာရွက်ကို ပေးထားခြင်း၊ မိမိကိုယ်တိုင်လည်း အပြင်သို့ သွားလာပြီး ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ အခန်းအနားများတွင်လည်း တွေ့သောသူများကို အလုပ်လာရှာကြောင်း ယဉ်ကျေးစွာခြင်း၊  မိမိ အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်းပြောထားပြီး၊ CV ကိုလည်း ပေးထားခြင်း .. နည်းလမ်းအတူတူပင်ဖြစ်သည်။

အများအားဖြင့် ပညာအရည်ချင်းရှိသူများ ပထမ ၂နှစ်လောက်တွင် ချွေတာ၊ ကြပ်တည်းစွာလုပ်ကိုင် ရသော်လည်း ရေရှည်တွင် အဆင်ပြေလာပါသည်။


၃။ အသက်မွေးပညာရှင်များအလုပ်အကိုင်  Professional
ထိုသူများမှာ မြန်မာပြည်တွင် နှစ်ပေါင်းများစွာ အလုပ်တစ်ခုကို စိုက်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သူများ၊ အစိုးရ၀န်ထမ်းဟောင်းများ ဖြစ်ကြသည်။ စင်ကာပူတွင် လစာ $3000 အထက် ပေးရန်လည်း ၀န်မလေးကြပါ။ အချို့ အထူးလက်မှတ်ရ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ သူနာပြု ..စသည့်ပညာရှင်များမှာ တစ်ခါတည်း လစာကြီးမားစွာ ရကြသည်။ မြန်မာ ပရိုဖက်ရှင်နယ်များမှာ တိုင်းပြည်အခြေအနေမကောင်းသောကြောင့် နိုင်ငံတကာက လေးစားသော်လည်း လစာငွေသိပ်မရကြပါ။ ပါမောက္ခဆိုလျှင် မြန်မာလူမျိုးကို လစာ ၅၀၀၀ ခန့်သာ ပေးချင်သော်လည်း၊ ဥရောပ၊ အမေရိကန်၊ ဂျပန်၊ ကိုးရီးယားများကိုမူ လစာ တစ်သောင်းကျော် ပေးရသည့်အပြင်၊ မိသားစု ပညာရေး၊ နေစရာကွန်ဒို၊ ဆေးကုသခွင့် ...များပါ ပေးရပါသည်။

မြန်မာ ပရိုဖက်ရှင်နယ်များမှာ လစာ $4000 ကျော်လျှင် ကျေနပ်နေကြသူများဖြစ်သည်။ အချို့မှာ လစာနိုပ်ပြီး အချိန်ပိုများလုပ်ကာ ၀င်ငွေကောင်းကြပါသည်။

ပရိုဖက်ရှင်နယ်များအတွက် အလုပ်ရှာရန် နယ်မြေကျဉ်းလှပါသည်။ ပထမ ၂မျိုးကဲ့သို့ သတင်းစာ၊ အင်တာနက်များ၊ သာမန်မိတ်ဆွေများမှ တဆင့် CV ပို့ပေး၊ အလုပ်လျှောက်ခြင်းနည်း သိပ်အသုံးမတဲ့သော့ပါ။ မလွယ်ပါ။  မိမိသက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ လက်ရှိလုပ်ကိုင်နေသော လူများမှတဆင့်၎င်း၊ ထောက်ခံပေးသော စင်ကာပူမှ ရာထူးရှိသူများ Referrer စာများဖြင့်၎င်း အလုပ်လျှောက်ရပါသည်။

အသက်၄၀ကျော်မှ နိုင်ငံခြားထွက် အလုပ်လုပ်ရသော မြန်မာပရိုဖက်ရှင်နယ်ကြီးများအတွက် စိတ်ဖိစီးမှုများကို ခံနိုင်ရည်ရှိဖို့ လိုပါသည်။ ငယ်ရွယ်စဉ်က ဘုရားကို အားကိုးမှုမရှိကြသော်လည်း ပရိုဖက်ရှင်နယ်အဆင့်တွင်မူ ဘုရားကို အပ်နှံထားသူများ ပါသည်။ သို့သော် အသက်ကြီးမှ ဘ၀သစ်ကို ရှောက်လှမ်းရသည်မှာ မလွယ်လှပါ။


နိဂုံး
ကျွန်တော်တို့ လူသားများတွင် ဘော်လုံးကန်ခြင်းဥပမာပြောရပါက လွတ်ထွက်လာသောဘောကို စောင့်ပြီး ဂိုးသွင်းချင်သော အလစ်ချောင်းတိုက်စစ်မှုးစိတ်ဓါတ်ရှိကြသည်။ ဘော်လုံးရှိရာအတင်းပြေးလိုက်၊ လုကစားတတ်သော ကြိုးစားသည့်ဘောသမားကဲ့သို့ ပင်ပင်ပမ်းပမ်း မလုပ်ချင်ကြပါ။ သို့သော် သင့်အလုပ်ရှင်က လူတစ်ယောက်လိုသဖြင့် သင့်ကိုရှာခိုင်းပါက ကျွန်တော်သာဆိုလျှင် ကြိုးစားသည့် ဘောသမားကဲ့သို့သောလူကို ရှာဖွေပေးမည်။ အလုပ်ရှင်ကို နာခံရုံမက၊ ကိုယ့်အသိနှင့်လုပ်တတ်သော လူမျိုးဖြစ်ပါက အလုပ်ရှာပေးသူလည်း နာမည်ရမည်။ အလုပ် အတင်း လိုက်တောင်းနေစရာမလိုပါ။

ထို့ကြောင့် ကျွန်တော်တို့သည် ကြိုးစားသည့်ဘောသမား ကဲ့သို့အလုပ်ရှာရပါမည်။ အလွန်ခက်ခဲလာပါက နေဟမိ ပရောဖက်ကဲ့သို့ မိမိအားနည်းချက်ကို သိမှ အပြစ်ဝန်ချတောင်းပန်၊ အစာရှောင် ဆုတောင်းရပေမည်။ ဘုရားရှင်ကို ချီမွမ်းဆုတောင်းရမည်။ လူများကို လိုက်လံတောင်းပန်ပြီး၊ ညိုးငယ်စွာ အလုပ်ရှာပါက ညံ့သောအလုပ် ရသွားတတ်ပါသည်။  

Work Smart is good. At the beginning, Work Hard is the best.

No comments: