Monday, August 15, 2011

ဧည့်သည်ရဲ့ အိမ်ပြန်ချိန်

“အချိန်တန်ပြီ” ဆိုတော့လည်း
လွယ်နေကြအိတ်ထဲကိုပဲ
ယူနေကြ ၀တ္တရားကိုပဲ
တခုပြီး တခုပြန်ကောက်အထည့်
ညိုနေတဲ့ မိုးဟာ
ပြိုလုခမန်းကို စိုစွတ်လာ
ကပိုကရို နိုင်လွန်းတဲ့ စိတ်ဟာ
တဆိတ်
လွန် …လွန်းအားကြီးတယ်။
တနေ့နေ့
ဦးပိန်တံတားပေါ်မှာ
ဦးပိန်တံတားကဗျာကို ရွတ်ခဲ့ကြသလိုမျိုး
အသီးသီးတို့ တံခါးဝမှာ
အသီးသီးတို့ အ၀င်ဝတွေအကြောင်း ရွတ်ဆိုကြဖို့
မကြာမကြာ ဆန်တက်စို့ဦးရယ်…
ဒီလို အတွေးလည်း ရှိတယ်။
စိတ်နဲ့ မှားခဲ့တဲ့အမှားတွေ ရှိရင်လည်း
စိတ်ထဲကနေ တောင်းပန်ခဲ့တယ်
ညီမလေးက အရိုင်းအစိုင်းဆိုတော့
တခုခုဆိုရင်
အမှားအယွင်းက ဖြစ်ထွန်းလွယ်တယ်။
ဒီခရီး အကွာအဝေးက
လက်တဖောင်မက ကျယ်လွန်းတော့
လက်ဖြောက်တီးသလို
ခေါက်တုံ့ခေါက်ပြန် ရောက်ဖို့မလွယ်
ဝမ်းနည်း ပက်လက်ကို သယ်ပိုးရင်း
ခါတိုင်း ၀ပ်ကျင်းနေရာလေးကို
မ၀င့်မရဲ တိုးအ၀င်
တဖွဲဖွဲမိုးဟာ
တသည်းသည်း အသွင်ကို တီးလုံးပြောင်းလို့…………။

နှင်းနုလွင်
08၊ 08၊ 2011

No comments: