မြန်မာနိုင်ငံမှာ ပညာသင်ကြားရာတွင် အထူးသဖြင့် ပုံသေနည်းဖြင့်သာ သင်ကြားလေ့ရှိသည်။ ဆရာတွေကလည်း ပုံသေနည်းဖြင့် သင်ကြားရတာကိုပဲ သဘောကျကြသည်။ ကျောင်းသားတွေကလည်း ပုံသေနည်းဖြင့် သင်ယူရတာကို နှစ်သက်ကြသည်။
ပုံသေနည်းကို အားမကိုးပဲ သီအိုရီတွေကို နှိုက်နှိုက်ချွတ်ချွှတ် ရှင်းပြကြသော ဆရာများကို ကျောင်းသားများမနှစ်သက်ကြတော့ပါ။
သူတို့အပြောကတော့ ထိုဆရာများ စာသင်တာမရှင်းဘူးဟု ဆိုကြသည်။ ထိုအခါ မေးခွန်းတစ်ခုပေါ်လာသည်။ စာသင်တာ ရှင်းနေလျှင် လေ့လာသင်ယူမှုစက်ဝိုင်းထဲတွင် ရှိနေပါသလား ဟူ၍ဖြစ်သည်။ သို့သော် ကျောင်းသားများစုမှာ တွေးရတာကို မနှစ်ခြိုက်တော့ပါ ။ ဒါမြင်ရင် ဒါထည့် ဆိုတာလောက်တွင် ရပ်နေကြသည်။ဘာကြောင့် ဒီလို ထည့်ရတယ် ဘာကြောင့်ဒီလို သုံးရတယ်ဆိုသည့် အတွေးတွေကို မတွေးချင်တော့ပါ။
နောက်ထပ် ဒီလို သုံးမယ့်အစား ဟိုလိုရော သုံးလို့မရဘူးလားဆိုသည့် မေးခွန်းကိုလည်း မမေးတော့ပါ။ ထိုအခါ ကြက်တူရွေးသင် သင်သောဆရာတို့က ခေတ်စားလာကြသည်။ ဆရာက ရှေ့မှတိုင်ပေးသည်။ ကျောင်းသားတွေက နောက်မှလိုက်ဆိုကြသည်။
အင်္ဂလိပ်စာ သင်ကြားမှုတွင် ဆရာက "Am , Is , Are " ဆိုလိုက်လျှင် ကလေးတွေက "V ing" ဒါပဲ ဆိုလိုက်သည်။ ထို့နောက် Am , Is , Are + Ving ဆိုတာကို ကလေးတွေက အသေမှတ်လိုက်တော့သည် ။ "Am , Is , Are" နောက်တွင် Verb 3 ဟုခေါ်သော past participle ကို တွေ့သောအခါ ကလေးတွေ ရှုပ်ကုန်သည် ။ ဘယ်ဟာက အမှန်ဆိုတာလည်း မသိတော့ပါ။ နဝေတိန်တောင်ဖြင့် ကလေးတွေမှာ လာသမျှကို အလွတ်ကျက်ပါတော့သည်။
ထိုနည်းဖြင့် အတန်းအဆင့်ဆင့်ကို အောင်မြင်၍ ဘွဲ့သာရသော်လည်း အင်္ဂလိပ်စာကို လိပ်ပတ်လည်အောင် မသုံးနိုင်သူတွေကို အများကြီးတွေ့နေရသည် ။ အဘယ်ကြောင့်ဆိုသော် ပုံသေနည်းများတွင် ခြွင်းချက်တွေ ရှိနေသောကြောင့်ပင် ဖြစ်သည် ။
Future Tense က အနာဂတ်မှာ ဖြစ်တာတွေကို သုံးရင် ဘယ်လိုလဲ" ဟုဆရာကမေးလိုက်လျှင် ကျောင်းသားတွေက "will လိုပါတယ်ဆရာ" ဟု ကလေးတွေကဖြေလိမ့်မည်။ ဘယ်အတွက်ကြောင့် ဒီလိုသုံးရတာလဲ တခြားပုံစံတွေရော သုံးလို့မရဘူးလားဆိုသော မေးခွန်းတွေကို မမေးခဲ့ မတွေးခဲ့သောကြောင့် အနာဂတ်မှာ ဖြစ်မည့်အရာများကို "Simple Presnet" သုံးသောအခါ ကလေးတွေမှာ ဘယ်ဟာအမှန်လဲ မသိကြတော့ပါ။
အမှန်တကယ်တော့ အနာဂတ်မှာဖြစ်သော်လည်း ကြိုတင်စီမံထားသော အစီအစဉ်၊ ထွက်ခွာချိန် ၊ ဆိုက်ရောက်ချိန် စသကဲ့သို့သော အကြောင်းအရာများကို ဖော်ပြသောအခါ Simple Present ကို သုံးကြပါသည်။ ပုံသေနည်းဖြင့် ကန့်သတ်ခံရသောကလေးများမှာ တွေးခေါ်မှု ဘောင်အတွင်း ရောက်ရှိလာခြင်းမရှိသောကြောင့် သမရိုးကျနေ့တိုင်း ကြုံတွေ့နေသော အခြင်းအရာများကို ကြုံရသောအခါတွင် အခက်အခဲ ကြုံရပါတော့သည်။
နောက်မေးခွန်းတစ်ခုက ဒါဆို ဒီလိုပုံသေနည်းတွေက သုံးလို့မရဘူးလား ဆိုသော မေးခွန်း ဖြစ်ပါသည် ။ အတိုင်းအတာ တစ်ခုအထိ အသုံးတည့်ပါသည် ။ ပုံသေနည်းဖြင့် သင်ကြားရန် သင့်တော်ပါရဲ့လား ဆိုတာကလည်း ဆရာတို့ရဲ့ ရွေးချယ်မှု သင်ကြားမှုနည်းစနစ်ပေါ် မူတည်ပါလိမ့်မည်။
သို့ရာတွင် အဓိကအားဖြင့် အင်္ဂလိပ်သဒ္ဒါတွင် ပုံသေနည်းမှ လွတ်ကင်းသော ခြွင်းချက်များစွာရှိပေသည်။ ထိုကြောင့် ပုံသေနည်းဖြင့် ကလေးတွေကို ဘောင်ခတ်မယ့်အစား ကလေးတွေရဲ့ ယုတ္တိပိုင်းဆိုင်ရာ တွေးပုံတွေးနည်းတွေဖြင့် သဒ္ဒါ (ဂရမ္မာ) ကို သင်လျှင် ပိုကောင်းမည်ဟု မျှော်လင့်ပါသည်။
ကျောင်းသားလူငယ်များ အနေဖြင့်လည်း တစ်ခုခုကို သင်ယူတိုင်း ဘာကြောင့်သင်ယူရသလဲ ဘာကြောင့် ဘယ်လို စသည်ဖြင့် မေးခွန်းတွေဖြင့် သင်ယူဖို့ မျှော်လင့်ပါသည်၊ အင်္ဂလိပ်စာတင်မက အခြားဘာသာရပ်တွေမှာလည်း တွေးကြဖို့ကို တိုက်တွန်းအပ်ပါသည်။
သုခသခင်

No comments:
Post a Comment