Tuesday, August 16, 2011

Beyond Borders

သြဂုတ်လ ၁၉ ရက်နေ့သည် နိုင်ငံတကာ လူသားချင်းစာနာသည့်နေ့ (World Humanitarian Day) ဖြစ်သည်။ ၂၀၀၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဘဂ္ဂဒက်ရှိ ကုလသမဂ္ဂရုံးအား ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် ကွယ်လွန်ခဲ့သည့် Sérgio Vieira de Mello နှင့် လုပ်ဖော်ကိုင်ဖက်များကို ဂုဏ်ပြုသောအားဖြင့် အဆိုပါနေ့ကို နိုင်ငံတကာ လူသားချင်း စာနာသည့်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ လူသားချင်း စာနာကူညီမှုဆိုင်ရာ လုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသော ကမ္ဘာတ၀ှမ်းရှိ ၀န်ထမ်းများအတွက် ထိုနေ့တွင် အခမ်းအနားများ ကျင်းပ၍ ဂုဏ်ပြုလေ့ရှိပါသည်။ ယခုနှစ် (၂၀၁၁ ခုနှစ်) သည် တတိယမြောက်အကြိမ် ကျင်းပခြင်းဖြစ်သည်။



မြန်မာနိုင်ငံတွင်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ လူမှုကူညီရေး အဖွဲ့အစည်းများက ယင်းအခမ်းအနားကို ကျင်းပကြဦးမည် ဖြစ်သည်။ လူမှုရေး လုပ်ငန်းတွင် စေတနာထား ဆောင်ရွက်သော ၀န်ထမ်းများအတွက် အသိအမှတ်ပြုကြသည့် နည်းတူ ၎င်းတို့အနေဖြင့် ၎င်းတို့ ဆောင်ရွက်နေသော လုပ်ငန်းဆောင်တာများ မည်မျှပြီးစီး အောင်မြင်သည်ကိုလည်း ဆန်းစစ် ဝေဖန်သင့်လှပေသည်။ ယခု လတ်တလော ကြုံတွေ့နေရသည့် ကချင်ဒေသ ပဋိပက္ခအခြေအနေအတွက် လူမှုကူညီရေး အဖွဲ့များ မည်မျှ ကြားဝင် ကူညီပေးနိုင်ခဲ့သည်၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသ ရေကြီးရေလျှံဖြစ်ပေါ်နေချိန်တွင် အဘယ်သို့သော အကူအညီများ ပေးနိုင်ခဲ့သည်၊ မိမိတို့ စီမံကိန်း၊ မိမိတို့ ၀န်ထမ်းများ အဘယ်မျှ ကြိုးစားခဲ့ကြသည်ကို ဆန်းစစ်စေလိုပါသည်။ သို့မှသာ နိုင်ငံတကာ လူသားချင်းစာနာသည့်နေ့ အထိမ်းအမှတ် အခမ်းအနားသည်လည်း အမှန်တကယ် ထိရောက်မှုနှင့်အတူ အဓိပ္ပာယ် ပြည့်ဝမှု ရှိပေမည်။


အဆိုပါ နေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုတပတ် မိသားစု တနင်္ဂနွေအတွက် Beyond Borders ဇာတ်ကားကို ညွှန်းလိုပါသည်။ လူမှုကူညီရေး ၀န်ထမ်းများ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ကမ္ဘာတ၀ှမ်းတွင် ကြုံတွေ့နေရသော ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခကို ဖော်ကျူးသော ဤဇာတ်ကားတွင် Angelina Jolie နှင့် Clive Owen တို့ ပါဝင်သရုပ်ဆောင်ထားပြီး Paramount Pictures နှင့်အတူ မန္တလေးရုပ်ရှင်မှ ပူးပေါင်း ရိုက်ကူးတင်ဆက်ပါသည်။ (ယခုညွှန်းသည့် လင့်ခ်တွင်မူ ဇာတ်ကားအပိုင်းအစ အချို့ကိုသာ ကြည့်ခွင့်ရပါမည်။)

No comments: