Tuesday, August 9, 2011

ခရစ်ယာန်နှစ်မျိုး


ယုံကြည်ခါစ ခရစ်ယာန်တိုင်း မှားတတ်သော အရာတခုရှိသည်။  ထိုအရာမှာ ခရစ်တော်ကိုယုံကြည်သောသူ သည် အပြစ်မလုပ်ရ။ ထိုမျှမက အပြစ် မလုပ်နိင်ဟု ထင်မှတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ယုံကြည်သူ တယောက် အပြစ်ပြန်လုပ်လျှင် ထာဝရအသက် ပြန်လည်ဆုံးရှုံးမည်ဟု ထင်မှတ် တတ်သည်။ အမှန်မှာ ထာဝရအသက်သည် အပြစ်ကင်းသောကြောင့်၎င်း။ ဘုရားသခင်၏ အလိုတော်အတိုင်း နေနိင်သော ကြောင့်သော်၎င်း၊ ရသည်မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်သက်သက် ကြောင့်ရရှိသည်ဖြစ်၍ပြန်လည်မဆုံးရှံးနိင်ချေ။

အကယ်၍အပြစ်လုပ်တိုင်း ထာဝရအသက် ဆုံးရှုံးလျှင် ထာဝရ အသက် မဟုတ်တော့ချေ။ ထာဝရအသက်သည် တဆက်တည်းဖြစ်၍ တခါရရှိလျှင် ထာဝရတည်တန့် သည်။ သို့ မဟုတ်ဘဲ အပြစ်လုပ်သောအခါ ထာဝရ အသက် ဆုံးရှုံး၍ ပြန်လည်နောင်တရသောအခါတိုင်း ပြန်ရရှိနိင်လျှင် ထာဝရအသက် မဟုတ်။ ပြတ်တောင်းပြတ်တောင်း အသက်တာဖြစ်မည်။ ဘုရားသခင်က ယုံကြည် သူကို ထာဝရအသက်ပေးသော အခါ ထိုက်တန်၍ ပေးသည် မဟုတ်။ သနား သော အားဖြင့်သာ ပေးသည်ကိုသိထားဘို့ လိုသည် (ဧဖက်၊၂း၈-၉)။

ထိုမျှသာမက ယုံကြည်သူများသည်အပြစ်လုပ်နိင်သေးကြောင်း ရှင်ယောဟန်က ဤသို့ ရေးသားထားသည်-ကိုယ်အပြစ်မရှိဟု ငါတို့ သည်ဆို လျှင် ကိုယ်ကိုကိုယ်လှည့်ဖျားကြ၏။ ဒုစရိုက်မပြုပြီဟု ငါတို့ သည်ဆိုလျှင် ဘုရားသခင်ကို မုသာအ ပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ- (၁ ယော၊၁း၈၊ ၁၀)။ အမှန်မှာ ယုံကြည်သူအပြစ်လုပ်လျှင် ဖျားနာခြင်းဖြစ်သည်။ ကိုယ်ခန်္ဓာဖျားနာသောအခါ အသက်ကုန် ဆုံးသွား သည်မဟုတ်။  သို့  သော် ဘာမျှ မလုပ်နိင်ဘဲ အိပ်ရာပေါ်လှဲနေသကဲ့သို့ ယုံကြည်သူအပြစ်လုပ်လျှင် ၀ိညာဉ် ရေးရာ၏ အလုပ်မလုပ်နိင်ဘဲ ဖျားနာနေခြင်းဖြစ်သည်။

ဤလောက၌လူသုံးမျိုးသုံးစား ရှိကြောင်းသမ္မာကျမ်း စာအားဖြင့် သိရသည်။ ၄င်းတို့ မှာ
ဇာတိပကတိလူ
ဇာတိပကတိလူသည် ခရစ်တော်ကိုမယုံကြည်။ ခရစ်တော်ကို လက်မခံသောသူ ဖြစ်သောကြောင့် ခရစ်တော်နှင့်မဆိုင် (ရော၊၈း၉)။ ခရစ်တော်မရသောကြောင့် ထာဝရ အသက်မရ (၁ ယော ၅း၁၂)။ခရစ်တော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရသောသူ ဖြစ်သည် (ယော ၃း၃၆)။ ဤသူသည် ခရစ်တော်ကိုမရသောကြောင့် စိတ်နှလုံးအထဲရှိ ပလ္လင်ပေါ်ကငါ တည်းဟူသော အတ္တက အုပ်စိုးနေ သည်။

ရှင်ပေါလုက ဇာတိပကတိလူနှင့်ပတ်သတ်၍ ဤသို့ ဆိုသည်- ဇာတိ ပကတိလူသည် ဘုရားသခင်၏၀ိညာဉ်တော် အရာကိုမခံမယူ။ ထိုအရာတို့ ကို မိုက်မဲသောအရာဖြစ်သည် ဟုထင်တတ်သည်။ ထိုအရာကို ၀ိညာဉ် အားဖြင့်သာ ပိုင်းခြား၍ နားလည်နိင်သောကြောင့် ဇာတိပကတိ လူသည် နားမလည်နိင် (၁ ကော ၊၂း၁၄)။ ဇာတိပကတိလူသည် ၀ိညာဉ်အရာကို နားမလည်သောကြောင့် မလိုချင်။

မြေကြီးအရာကိုသာ စိတ်  စွဲလန်းခြင်းရှိသည်။ သူ၏အသက်တာ၊ အပြုအမူ၊ အကျင့်အကြံများကြည့် လျှင်လည်း ၀ိညာဉ်သဘောမရှိ။ တည်ငြိမ်ခြင်း ၀မ်းမြောက်ခြင်း မရှိ၊ အလွန်ပျော်လိုက်၊ အလွန် ၀မ်းနည်းလိုက်၊ စိတ်တိုလိုက်၊ စိတ်ဆိုးလိုက်၊ စိုးရိမ်ပူပန်လိုက်ဖြင့် မငြိမ်သက်သော အသက်တာဖြင့် အသက်ရှင်သည်။

ဇာတိပကတိ အသက်တာသည် သာသနာပလူများ၌သာမက ခရစ်ယာန် များထဲ၌လည်း များစွာရှိသည်။ သင်းအုပ် ဆရာများမှစ၍၊ အသင်းတော်လူကြီးများ၊ အမျိုးသမီးခေါင်း ဆောင်များ၊ လူငယ်ခေါင်းဆောင်များ၊ အသင်းသူအသင်းသား များစွာတို့သည် အပြင်ပန်းအားဖြင့် ခရစ်ယာန်ဟု ထင်ရသော်လည်း ခရစ်တော်ကို  မရရှိသောကြောင့်  ဇာတိပကတိလူများ ဖြစ်ကြသည်။   ဤအသက်တာမျိုးဖြင့်  ဘုရားသခင်၏ အလိုတော်ကို မလိုက်နိင်။  လိုက်ချင်စိတ်လည်း မရှိကြ။  ဘုရား အလိုတော်ထက် မိမိတို့ အလိုကိုလိုက်ဘို့ အလေးထားကြသည်။  ဘုရား၏ဘုန်း ရှုတ်ချစရာ ဖြစ်စေသည်။


ဝိညာဉ်ပကတိခရစ်ယာန်
ဝိညာဉ်ပကတိခရစ်ယာန်သည် ခရစ်တော် ကို  စိတ်နှ လုံးထဲ၌လက်ခံသည် သာမက သူ၏အသက်တာကိုအုပ် စိုးခွင့် ပြုသောသူ ဖြစ်သည်။ ငါ တည်းဟူသော  မာန်မာနကိုအောက်သို့ ချသည်။ ဤလူသည် ခရစ်တော်ရရှိသောကြောင့် စစ်မှန်သော ခရစ်ယာန် ဖြစ်သည်။ ထာဝရအသက်  ကိုလည်းရရှိသည် (၁ ယော ၅း၁၂)။ အပြစ်စီရင်ခြင်းမှလည်း လွတ်မြောက်သောသူ ဖြစ်သည် (ယော၊၃း၁၈)။ ဘုရား သခင်ရှေ့ တော်၌ဖြောင့်မတ်သောသူ သန့် ရှင်းသောသူဖြစ်သည် (၁ ကော၊၁း၂၊၃၀)
ဤလူသည်  အသက်တာကို  ကိုယ်တိုင်မအုပ်ချုပ်ဘဲ ခရစ်တော်ကို အုပ်စိုး စေသောကြောင့်ဘုရား  အလိုတော်အတိုင်း  အသက်ရှင်သောသူ ဖြစ်သည်။ ထို့ကြောင့်ဝိညာဉ်တော်၏အသီးတည်းဟူသော ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းစသော ၀ိညာဉ်တော်၏အသီးများကို သူ၏ အသက်တာ၌ တွေ့ ရသည် (ဂလာ ၅း၂၂-၂၃)။

ဤလူ၏အသက်တာသည်အဓိပ္ပါယ်ရှိ၍ ပန်းတိုင်လည်းရှိသည်။ အပြော အဆိုအပြုအမူ အကြံအစည်တို့သည် ဘုရားသခင်၏အလိုတော် အတိုင်း ဖြစ်သောကြောင့်  သူတပါးအတွက်လည်း တည်ဆောက်စရာဖြစ်၍လူများကို  ဆွဲဆောင် နိင်သောသူဖြစ်သည်။ သူ၏အသက်တာသည် ဘုရားသခင်၏ ဘုန်းကို  ထင်ရှားစေ၍ လူတိုင်း၏လေးစား  နှစ်သက်ချစ်ခင် မြတ်နိုးခြင်းကို ခံရသည်။

ယုံကြည်သူတိုင်းသည် ထိုကဲ့သို့သော အသက်တာဖြင့် အသက်ရှင်ရမှာ ဖြစ်သည်။ ထိုကဲ့သို့ သောသူကိုသာသနာပလူ များကလည်း လေးစား၍ သူ့အားဖြင့် ဘုရားသခင်ကိုယုံကြည်လာကြမှာဖြစ်သည်။ ဘုရားသခင်၏စိတ်တော်နှင့် တွေ့၍ ယုံကြည်သူတိုင်း မျှော်လင့်တောင့်တသော အသက်တာဖြစ်သည်။


ဇာတိပကတိခရစ်ယာန်
ဇာတိပကတိခရစ်ယာန်သည် ခရစ်တော်ကို စိတ်နှလုံးထဲ၌ ရရှိသော ကြောင့် ထာဝရအသက်ကိုရရှိသောသူ။ အပြစ် စီရင်ခြင်းမှ ကင်းလွတ် သော သူဖြစ်သည်။ ခရစ်ယာန်တယောက် ရသင့် ရထိုက်သော အခွင့်အရေးများ ကိုရသည်။  သို့ သော် ခရစ်တော်ကို  အသက်တာ၏ အုပ်စိုးခွင့်မပေး။ ငါ တည်းဟူ သော အတ္တ ဖြင့်အသက်တာကို အုပ်စိုးသည်။ ထို့ ကြောင့်ခရစ် ယာန်ဖြစ်သော်လည်း ခရစ်ယာန်မဟုတ်သကဲ့သို့ ဇာတိသဘောဖြင့် အသက်ရှင်သည်။

ဤလူသည်ခရစ်တော်ကို ရရှိသောကြောင့် ထာဝရအသက်မဆုံးရှုံးသော်လည်း ဇာတိ အလိုအားဖြင့် အသက်ရှင်သောကြောင့် သူ၏အသက်တာက ဘုရားသခင်၏ဘုန်းတော် မထင်ရှားသည်သာမက ရှုတ်ချစရာဖြစ်သည်။ ဇာတိပကတိလူ ကဲ့သို့ ပင် ဂလာတိ  ၅း၁၉-၂၁ ထဲမှာဖေါ်ပြသော ဇာတိအသီးများကိုသာ သီးသည်။


ကောရိန်သုအသင်းတော်
ကောရိန်သုအသင်းတော်လည်း ဇာတိအားဖြင့်အသက် ရှင်ကြသောကြောင့် ရှင်ပေါလုကဤသို့ ဆူခဲ့သည်- ညီအစ်ကိုတို့အထက်က ငါသည် ၀ိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင်တို့ အား ဟောပြောရသော  အခွင့်မရှိဘဲ  ဇာတိပကတိ လူတို့ အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေး တို့  အား ၄င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုပင်လည်း ဇာတိပ ကတိလူ ဖြစ်ကြ သေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိကြ သည်ဖြစ်၍သင်တို့ သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော၊ လောကီ ထုံးစံအတိုင်း ကျင့်ဆောင်ကြ သည် မဟုတ်လော (၁ ကော ၃း၁၊ ၃)။

ကောရိန်သု အသင်းတော်သည် ဇာတိအားဖြင့်အသက် ရှင်သော်လည်း ကယ်တင်ခြင်းမဆုံးရှုံးကြောင်း ရှင်ပေါလု၏ နှုတ်ဆက်စာက ဤသို့  တွေ့ ရသည်- ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့် ရှင်းသူအရာ ခန့် ထား သောသူ (၁ ကော၊၁း၂) ဟုရေးထားသည်။ ထိုမျှသာမက   ထိုသူများသည်သခင် ခရစ်တော်ကြွလာသောအခါ  သူတို့ ခံစားရမည့်အရာများကို ဤသို့ ရေးသား ခဲ့သည်- နောက်ဆုံးသော  တံပိုးမှုတ်သောအခါ  တခဏခြင်းတွင်  မျက်စိ တမှိတ်တွင် ငါတို့ ရှိသမျှ(ကောရိန်သု အသင်းသားများအပါအ၀င်)သည် ပြောင်းလဲခြင်းသို့  ရောက်ရကြမည် (၁ ကော ၁၅း၅၂)။
ဤသို့ ဇာတိပကတိခရစ်ယာန်များသည် ကယ်တင်ခြင်းမဆုံးရှုံး သော်လည်း ဘုရားအလိုတော်နှင့်ပြည့်စုံသော  အသက်တာမဟုတ် သူတပါး ထိခိုက်စရာ အသက်တာဖြင့် အသက်ရှင်သောကြောင့် ဘုရားဘုန်းတော်လည်း သူတို့ ကြောင့်  ရှုတ်ချစရာ ဖြစ်သည်။  သူတို့ ကိုယ်တိုင်လည်း ပျော်ရွှင်ငြိမ်သက်မှုမရှိ။  စိတ်ပျက်စရာ အသက်တာဖြင့်အသက်ရှင်ရသည်။  ထို အသက်တာမျိုးဖြင့် အသက်မရှင်ဘဲ ၀ိညာဉ်တော် အုပ်စိုးခြင်း အ သက်တာဖြင့် အသက်ရှင်ရကြမည်။


ခရစ်တော်ကိုအုပ်စိုးစေခြင်းဖြင့်
ဇာတိပကတိခရစ်ယာန်သည် အသက်တာ၌ ငါ အားဖြင့်အုပ်စိုး၍ ခရစ်တော်ကို နေရာမပေးခြင်းကြောင့်ဖြစ်သည် ဟုသိရပြီ။ ထိုသို့  ဇာတိသဘောဖြင့် ဆက်လက်အသက်ရှင်ပါက ဘုရားသခင်၏စိတ်တော်နှင့်မတွေ့ နိင်။ ဘုရားသခင်နှင့် ဆန့် ကျင်ဘက်ဖြစ်၍ ဘုရားသခင်၏ တရားတော် အလိုသို့  မလိုက်တတ်။ ထိုမျှမက မလိုက်နိုင် (ရော ၈း၇-၈)။

ထို့ ကြောင့်   ခရစ်တော် အုပ်စိုးသော    အသက်တာ ၀ိညာဉ်တော်ပြည့်ဝ သော အသက်တာဖြင့် ပြန်လည်အသက်ရှင်နိင်ရန်  မိမိအပြစ်ကို ၀န်ချတောင်းပန်၍ ခရစ်တော်ကိုအသက်တာ၌ သခင်အဖြစ် ပြန်လည်အုပ်စိုးခွင့်ပေးရမည်။ စိတ်နှလုံနှိမ့်ချ၍ မိမိအသက်တာကို ခရစ်တော်ထံ၌ ပြန်လည် ပုံအပ်ရမည်။ ထိုသို့ ခရစ်တော်ကို အမှန်တကယ် အုပ်စိုးခွင့်ပေးလျှင် သူသည် မိတ်ဆွေ၏ အသက်တာကို  အုပ်စိုးမှာ အမှန် ဖြစ်သည်။ ခရစ်တော်အုပ်စိုးသောအသက်တာသည် ၀ိညာဉ်ပကိ အသက်တာ ဖြစ်၍ဘုရားသခင်၏ အလိုတော်အတိုင်း ပြန်လည် အသက်ရှင်နိင်ပေ မည်။ ၀ိညာဉ်အသီးများကိုလည်း  ပြန်လည်သီးလာနိင်ပေမည်။

No comments: