Monday, August 15, 2011

လှည့်ကွက်များနဲ့ ကမ္ဘာ

တစ်ခါက ဆရာတပည့်နှစ်ယောက် ခရီးသွားကြတယ်။ လမ်းတစ်နေရာရောက်တော့ လူတစ်ယောက်က ၀က်လို အော်နေတဲ့အသံကို ကြားရကြတယ်။ တကယ့်ဝက်တစ်ကောင်ရဲ့ အော်သံမျိုးနဲ့ အရမ်းတူလွန်းတာကြောင့် လူတွေက ၀ိုင်းကြည့်ကြတယ်။ တပည့်ဖြစ်သူဟာလည်း အများနည်းတူ လူအုပ်ထဲ တိုးဝင်ပြီး ကြည့် တယ်ပေါ့။ တကယ်တော့ အရမ်းအံ့သြစရာ ဖြစ်ရပ်ပြကွက်တစ်ခုပါပဲ။ ဒါပေမယ့် ဆရာက တပည့်ကို ဒီထက် အံ့သြစရာ ကောင်းတဲ့ပြကွက်ကို ပြမယ်လို့ပြောကာ အတင်းဆွဲခေါ်လာခဲ့တယ်လေ။ ခရီးဆက်ကြတယ်ပေါ့။

လမ်းရောက်တော့ တပည့်က ၀က်အော်သံကို ပြပါရန် တောင်းဆိုလေရဲ့။ အဲဒီမှာ ဆရာဖြစ်သူက တပည့်အား ၀က်တစ်ကောင်ကို ဖမ်းစေပြီး တုတ်နဲ့ ရိုက်ခိုင်းပြန်တယ်။ ၀က်ဟာ နာကျင်တဲ့ဝေဒနာကို ခံစားရတဲ့ အတွက် အရမ်း အော်တယ်ပေါ့။ အဲဒီလို ၀က်အော်တဲ့အခါ ဆရာက တပည့်ကို မေးတယ်လေ။ လူကအော်တဲ့ ၀က်သံနဲ့ ၀က်စစ်စစ်က အော်တဲ့ဝက်သံ ဘယ်အသံက ပိုပြီးနှစ်သက်စရာ ကောင်းသလဲ ဆိုပြီးတော့ပေါ့။ ၀က်က အော်တဲ့အသံဟာ ဘာမှ မထူးဆန်း။ လူကအော်တဲ့ ၀က်သံကသာ ထူးဆန်းကြောင်း ပြန်ပြောတယ်တဲ့။ ဒါကြောင့် ၀က်က အော်တဲ့ ၀က်သံထက် လူကအော်တဲ့ ၀က်သံကသာ နှစ်စရာကောင်းကြောင်း ပြောသတဲ့။

အထက်ပါ ပုံပြင်လေး ပြောပြီးတော့ သူ ငေးငေးငိုင်ငိုင်ဖြစ်သွားသည်။ အခြားသူငယ်ချင်းများကလည်း သူ့မျက် နှာကိုပဲ ဘာဆက်ပြောမလဲ ဆိုပြီး မျှော်လင့်တကြီး စောင့်ကြည့်နေကြ၏။ အတော်ကြာသည့်အထိ သူ့ဆီမှ အသံထွက်မလာ။ တစ်စုံတစ်ရာကို အလေးအနက် တွေးတောနေဟန်။ သူ့ဆီမှ ဘာအသံမျှ ထွက်မလာတော့ သူငယ်ချင်းတစ်ယောက်က သူ့ထင်မြင်ချက်ကို ဖွင့်ပြ၏။ ဒါဟာ…. အထင်အမြင်မှားမှု တစ်ခုပါပဲ..တဲ့။ သူအပါအ၀င် အခြားတစ်ယောက်က အဲဒီသူငယ်ချင်းရဲ့ ထင်မြင်ချက်ကို မည်သည့်စကားမျှဖြင့် မတုန့်ပြန်ဘဲ ငြိမ်သက်စွာ ထောက်ခံပေးလိုက်ကြသည်။ ဒုတိယသူငယ်ချင်းတစ်ယောက်က ဆက်ပြောပြန်သည်။ လူတွေရဲ့ သဘာဝကိုက ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်လွန်းတယ်ကွ။ တစ်မျိုးပြောမယ်ဆိုရင်တော့ စူးစမ်းလို စိတ် အရမ်းများတယ်ကွ။ တွေ့နေကျ မြင်နေကျ မဟုတ်တဲ့အရာတွေကို အထူးအဆန်းဆိုပြီး ပို၍ပို၍ စိတ်ဝင်စား တတ်တယ်လေ… တဲ့။ ရှေးနည်းအတူ ကျန်သူများက ဆိတ်ငြိမ်စွာ ထောက်ခံပေးလိုက်ပြန်သည်။ အတော် အတန်ကြာသည့်အထိ စကားဝိုင်းလေး တိတ်ဆိတ်သွားခဲ့သည်။

အတွေးကိုယ်စီ၊ ထင်မြင်ချက် ကိုယ်စီဖြင့် ကိုယ့်ရဲ့ယူဆချက်တွေကို ပြန်လည်ဆန်းစစ်နေကြ၏။ တပည့်ဖြစ်သူ က လူက ၀က်လိုအော်သံကို ထူးဆန်းတယ်လို့ ထင်မြင်ယူဆနေသည်။ ဆရာဖြစ်သူကျပြန်တော့လည်း အဲဒီ ထက်ထူးဆန်းတာကို ပြမည်ဆိုပြီး ၀က်စစ်စစ်က အော်သည့်အသံကို အထူးအဆန်းဆုံးအဖြစ် သတ်မှတ်ပြ သည်။ ဆရာနှင့်တပည့် ကိုယ့်ထင်မြင်ချက်နှင့်ကိုယ် မှန်နေချည်းသည်သာ။ သူ အနည်းအငယ် လှုပ်ရှားကာ စကားဝိုင်း လေးကို ပြန်လည်အသက်သွင်းလိုက်၏။

နောက်နားဆီက ကိုယ် သတင်းတစ်ပုဒ်ဖတ်ရတယ်ကွ။ တရုတ် အမျိုးသမီးတွေကြားမှာ အရမ်းရေးပန်း စားနေတဲ့ သတင်းတစ်ပုဒ်ပါပဲ။ အပျိုဖော်ဝင်စ အမျိုးသမီးတစ်ယောက်လို ပြန်လည်ခွဲစိပ်ကုသထားတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက ပိုပြီး စိတ်ဝင်စားကြလို့ အဲဒီခွဲစိပ်မှုကို အတော့်ကို စိတ်ဝင်စား နေကြတယ်ဆိုပဲ။ တစ်ချို့ချို့သော တရုတ်တိုင်းရင်းသားအယူအဆတွေမှာ အပျိုစစ်စစ်ဆိုတဲ့ ယဉ်ကျေး မှုဟာ အခုထိ အရမ်းအရေး ပါနေတယ်လေ။ တရုတ်တိုင်းရင်းသားတွေမှမဟုတ်ပါဘူး။ အစ်စလမ်ဘာ သာဝင်တွေမှာလည်း အဲဒီယဉ်ကျေးမှု ဟာ အရမ်းစကားပြောတယ်လေ။

သူက ဒီလိုပြောပြီးတော့ စကားဝိုင်းလေးကို ပြန်လည်အသက်သွင်းလိုက်သည်။ ပုံပြင်နဲ့ ဒီတရုတ် အမျိုးသမီး တွေရဲ့သတင်း မည်သို့မည်ပုံ ဆက်စပ်နေသလဲဆိုသည့် မေးခွန်းကို အခြားသူငယ်ချင်း နှစ်ယောက်က မျက်လုံး များနှင့် မေးနေကြသည်။ သူက ဆက်ပြောမည်ဆိုသည့် အမူအရာကို ပြလိုက်၏။

ဒီလိုလေး စဉ်စားမိတယ်ကွာ။ လူက အော်တဲ့ ၀က်သံဟာ အတု မာယာ သဘောပဲလေ။ အတုဆိုပေမယ့် အရမ်းကို တူလွန်းလို့ တပည့်ဖြစ်သူက အထူးအဆန်းသဖွယ် ပိုပြီး စိတ်ဝင်စားသွားတယ်။ ၀က်စစ်စစ်က အော်တဲ့ အသံကျတော့ တကယ့်အမှန်တရား၊ အရှိတရား အစစ်ပဲ။ သစ္စာသဘောပေါ့။ အဲဒီသစ္စာ သဘောကို တပည့်ဖြစ်သူက မထူးဆန်းသလို စိတ်မ၀င်စားသလို ဘာလို့ဖြစ်သွားတာလဲ။ အဲဒါ ကို ၀ိုင်းပြီး တွေးပေးကြည့်ပါ။
 

ဒါဟာ လှည့်ကွက် တစ်ခုပဲ မဟုတ်လားကွ။ နှစ်ယောက်သား ပြိုင်တူပင် သူတို့၏ဆန္ဒကို ဖော်ထုတ်ပေးကြ သည်။ သူ ညင်သာစွာ ခေါင်းညိတ်ပြ လက်ခံလိုက်၏။ ဟုတ်ပြီလေ…. အဲဒီလှည့်ကွက်ကို လှည့်ကွက်မှန်း တပည့်ဖြစ်သူက ဘာလို့ မမြင်တာလဲ။ ဆရာဖြစ်သူက မြင်တယ်လေ။ သူ့ကို ထူးဆန်းသလို ကြည့်နေကြသည် ကို သတိထားမိလိုက်၏။ ဘာအသံမျှတော့ ထွက်မလာကြ။ သူ ဆက်ပြောဖြစ်လိုက်သည်။

ဒီလိုလေကွာ။ ဘယ်လောက်ပဲ ၀က်အော်သံနဲ့ တူတူ၊ လူက အော်တာဟာ လူ့အသံပဲလေ။ ၀က်အသံနဲ့ တူရုံနဲ့ ၀က်ဖြစ်မသွားဘူးကွ။ လူဟာ လူပဲ၊ ၀က်ဟာ ၀က်ပါပဲ။ ဒါပေမယ့် ၀က်ရဲ့အသံနီးနီး တူလွန်းတာကြောင့် လူက အော်တဲ့ဝက်သံကို တပည့်ဖြစ်သူက အထင်ကြီးသွားတယ်၊ စိတ်ဝင်စားသွား တယ်ဆိုပါတော့။ အမှန်တော့ ကွာ။ ငါတို့တွေဟာ လှည့်ကွက်တွေကို လှည့်ကွက်မှန်း မသိဘဲ နစ်မြောနေမိတတ်ကြတယ်။ ဒါဟာလည်း သံသရာ အဆက်ဆက်က ကပ်ပါလာတဲ့ အ၀ိဇ္ဇာ(အကောင်း အဆိုး၊ အကြောင်းအကျိုး၊ အမှား အမှန်ကို ခွဲခွဲခြားခြား တိတိကျကျ မသိမှု) ကြောင့်ပဲလေ။ မသိအောင်လည်း တို့တွေရဲ့ စိတ်တွေကို လောဘ၊ ဒေါသ၊ မောဟတွေ၊ မနာလို ၀န်တိုမှု၊ ငြူစူမှုစတဲ့ တရားတွေက ပိတ်ဆို့ထားတာကိုးကွ။ ဒါကတော့ လေးလေးနက်နက်လေး တွေး ကြည့်လိုက်တာပါ။ ငါလည်းပဲ အဲဒီထဲမှာပဲ လည်နေရဆဲပဲလေ။

သူ မောသွားဟန်ဖြင့် ခေတ္တငြိမ်သက်သွားသည်။ စကားပြောရသည့်အတွက် မောခြင်းထက် လှည့်ကွက်များကို လှည့်ကွက်မှန်း သိသလိုလိုနှင့် အမှန်တကယ် မသိနေခြင်းကို အခုမှသိစ ပြုလာသောကြောင့် မောမိခြင်းဟု ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ အခြားသူများထံမှ အသံကြားရနိုးဖြင့် ငဲ့ကြည့်မိလိုက်၏။ သူတို့လည်း ငိုင်နေသည် လား လေးလေးနက်နက်တွေးတောနေသည်လား သူ မပြောတတ်။ ဒီတစ်ကြိမ် ငြိမ်သက်နေကြခြင်းသည် အမှန်တကယ် ထူးခြားနေသည်ကား သေချာသည်။

စကားဝိုင်းလေးပြီးလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့တိမ်ကင်းစင်သွားသည့် ကောင်းကင်၊ ဖျော့တော့တော့ ညနေဆည်းဆာအချိန်နှင့် သုံးယောက်လုံး၏ မျက်နှာပေါ်က ကြည်လင်မှုတွေကို အချင်းချင်း တွေ့လိုက်မိကြ သည်။ ဥာဏ်အမြင်တွေ အမှန်တကယ် ကြည်လင်တောက်ပဖို့အတွက် သူတို့ ဆက်လက်ချီတက်ကြရဦးမည် ကို သန္နိဋ္ဌာန်ချမိကြသည့်အလား မျက်လုံးများနှင့် ဆက်သွယ်မိကြတော့၏။

ဟိုးအရင်က တင်ခဲ့ဖူးတဲ့ ပို့စ်အဟောင်းလေးပါ။ ဒီပို့စ်လေးပြန်တင်ပေးရခြင်းရဲ့အကြောင်းကို ပြောချင်ပါတယ်။ ကျနော်ရေးခဲ့သမျှ အတွေးစာစုအတော်များများထဲမှာ အခုရေးဟန်ဟာ ဆရာကြီးနန္ဒာသိန်းဇံရဲ့ ရေးဟန်နဲ့ အတော့်ကို နီးစပ်အောင် ရေးဖြစ်သွားတာပါ။ ဒါကလည်း တမင်လုပ်ပြီးရေးတယ်လို့ မဟုတ်ဘဲ ကျနော့်စိတ်ထဲ မှာ ခံစားမိတာရော၊ ဆရာကြီးကို အားကျစိတ်ရောနဲ့စုပေါင်းပြီး ရေးဖြစ်သွားတယ်ပါ။

No comments: