Thursday, June 30, 2011

မလေးရှား၌ တရားမ၀င် နေထိုင်နေသော မြန်မာလုပ်သားတိုင်း ဇူလိုင်လ ၁၁ ရက်မှစတင်ကာ မလေးရှားအစိုးရသို့ အဆင့်ခြောက်ဆင့်ဖြင့် တရားဝင်နေထိုင်ခွင့် ရရှိရန် စတင် လျှောက်ထားရမည်

Wednesday, 29 June 2011 15:38
AddThis Social Bookmark Button
4133



မလေးရှား၌ တရားမ၀င် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာ အားလုံး ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ကာ မလေးရှားအစိုးရသို့ အဆင့် ခြောက်ဆင့်ဖြင့် တရားဝင်နေထိုင် ခွင့်ရရှိရန် စတင် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ ကောင်စစ်ဝန် Mr. Azril Abdul Aziz က ပြောကြားခဲ့သည်။
ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ မြန်မာအပါအ၀င် နိုင်ငံတကာမှ မလေးရှားနိုင်ငံသို့ အလုပ်သမားဗီဇာ ဖြင့် ၀င်ရောက်မည့်သူတိုင်း အလုပ်ခေါ်စာအသစ်များ လျှောက်ထားမှု ကို ခြောက်လကြာ ပိတ်ပင်ထားမည်ဟု မလေးရှားအစိုးရက ဇွန်လအတွင်း က ထုတ်ပြန်ခဲ့သည်။

“အခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်က မလေးရှားမှာ တရားမ၀င် ရောက်ရှိနေတဲ့ လုပ်သားတွေရဲ့ နေထိုင်ခွင့်တွေကို ကာကွယ်ပေးဖို့ပါ။ ဒီမှာမှ အဆင့်ခြောက်ဆင့်နဲ့ လျှောက်ထား သွားရပါမယ်”ဟု ကောင်စစ်ဝန် က ပြောကြားခဲ့သည်။

အဆင့်ခြောက်ဆင့်တွင် ပထမ ဦးစွာတရားဝင် ပါမစ်ပြန်လည် လျှောက်ထားသူများသည် နည်းလမ်းနှစ်မျိုး ရှိနိုင်ပြီး ပထမနည်းလမ်းမှာ ၎င်းတို့ အလုပ်လုပ်ကိုင်နေသော အလုပ်ရှင်မှ ထောက်ခံချက်ရယူကာ လျှောက်ထားရခြင်း၊ ဒုတိယနည်းမှာ ၎င်းတို့ ကိုယ်တိုင် မလေးရှားနိုင်ငံ ပြည်ထဲရေးရုံးသို့  ပါမစ်လျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တရားဝင်ပြန်လည် လျှောက်ထားလိုမှု မရှိသူများကလည်း တရားဝင်လမ်းကြောင်းမှ မိခင်နိုင်ငံသို့ ပြန်လာနိုင်ကြမည် ဖြစ်သည်။ လျှောက်ထားမှု ပြုနေစဉ်အတွင်းတွင် လည်း မလေးရှားအစိုးရ တာဝန်ရှိသူများက တရားမ၀င်လုပ်သားများ နေထိုင်လုပ်ကိုင်ရာ အလုပ်နေရာများဆီ သို့ ကိုယ်တိုင်သွားရောက်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

“စစ်ဆေးတဲ့အခါမှာ တရားမ၀င် လုပ်သားတွေအတွက် အလုံးစုံ ကာကွယ်မှုပေးနိုင်အောင်၊ ပြီးတော့ အလုပ်ရှင်တွေက သူတို့ကို တရားဝင် နေထိုင်ခွင့်တွေပေးဖို့ ထောက်ခံလာအောင် ဥပဒေတွေ ဘယ်လိုရှိတယ်၊ မှတ်ပုံတင်ခွင့်မပေးမယ့် အလုပ်ရှင် တွေဆိုရင်လည်း လူကုန်ကူးမှုဥပဒေတွေနဲ့ ဘယ်လို အရေးယူနိုင်မလဲ ဆိုတာ အသေးစိတ်စိစစ်သွားကြမယ်” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

လျှောက်ထားမှုပြုလုပ်စဉ် အတွင်း စစ်ဆေးစောင့်ကြည့်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး မလေးရှား၏ နယ်စပ်ဝင်ပေါက်များမှ နိုင်ငံတွင်းသို့ တရားမ၀င် ခေါ်သွင်းလာသော ကုမ္ပဏီများ၊ ပွဲစားများနှင့် အလုပ်သမားများကို တွေ့ရှိရပါကလည်း ထိရောက်စွာ အရေးယူမှု ပြုလုပ်မည်ဟု သိရသည်။
စစ်ဆေးတွေ့ရှိသည့်အခါ အရေးယူမှုများအနေဖြင့် အလုပ်သမားများ၏ လက်ဗွေရာများကို မှတ်တမ်း တင်မှုပြုလုပ်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့ မှုများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။ ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့ မတိုင်မီ Calling ကျထားပြီးသူများ ၏ ဗီဇာလျှောက်ထားသူများကိုသာ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ ထုတ်ပေးသွားမည်ဖြစ်ပြီး သုံးလ သက်တမ်း ကုန်လွန်ပြီးထားသည့် Calling ဖြင့် ဇူလိုင်လ ၁ ရက်နေ့  နောက်ပိုင်း လျှောက်ထားလာမည်ဆို ပါက ထုတ်ပေးတော့မည် မဟုတ်ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ ခေါ်ယူမှု ရပ်ဆိုင်းထားသည့် နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှား၊ နီပေါစသည့် နိုင်ငံများလည်း ပါဝင်ရာ မြန်မာအပါအ၀င် တရားမ၀င် လုပ်သားဦးရေစုစုပေါင်းမှာ မလေးရှားနိုင်ငံ၌ လက်ရှိ သုံးသိန်းဝန်းကျင် ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။

“အခုလို နေထိုင်ခွင့်ပါမစ်တွေ လျှောက်ထားမှု စီမံချက်လုပ်ခြင်းဖြင့် မလေးရှားမှာ ရွှေ့ပြောင်းလုပ်သား ဦးရေ ဘယ်လောက်ရှိလဲဆိုတဲ့ ပမာဏကို ခန့်မှန်းရာလည်း ရောက်ပါတယ်။ ဒီလို တားမြစ်ထားတဲ့ထဲက တရားမ၀င် နည်းလမ်းတွေနဲ့ နိုင်ငံကို ၀င်လာတာတွေ ရှိလာရင် ပွဲစား၊ ကုမ္ပဏီတွေကို အမည်ပျက်စာရင်း တင်သွင်းသွားမယ်”ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ 

No comments: