Tuesday, June 28, 2011

အာရှ၏ နောက်ဆုံးပေါ် ပြည်သူ့ကျန်းမာရေး ကပ်ဆိုး

တစ်ချိန်က လူမျိုးဖြုတ်သတ်ဖြတ်ခြင်း ဖြစ်ပွားခဲ့သောနိုင်ငံ၏ တိုက်ပွဲဝင်ပုလိပ်များပင် လွန်ခဲ့သောလ၌ဖြစ်ခဲ့သည့် လူအစုအပြုံလိုက် သေကျေပျက်စီးမှုကို ထိတ်လန့်အံ့ဩကြရသည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် 'သီဟနု'ကမ်းခြေ မြို့လေး၏ မြို့ပြင်ဘက်၌ အရှိန်ပြင်းစွာ မောင်းလာသည့် ကုန်တင်ကားသည် ခုံးကျော်တံတားမှချော်ကျပြီး အောက် တွင် မင်္ဂလာဆောင်သို့ ပျော်ရွှင်မြူးထူးစွာသွားနေသည့် လူ ၂၅ ယောက်မျှအပြည့်အကျပ်တင် ထားသည့် မီနီဘတ်စ် ကားပေါ်သို့ ထိပ်တိုက်ထိုးကျသွားခဲ့ သည်။ အကျိုးရလဒ်မှာ ကမ္ဘောဒီးယား နိုင်ငံ၏ ယာဉ်တိုက်မှုသမိုင်း၌ အဆိုးရွား ဆုံးဖြစ်ရပ်ဟု အုပ်ချုပ်သူများက ဆိုသည်။

ကုန်တင်ကားမောင်းသူအပါအ၀င် လူ ၁၉ ယောက်ခန့်သေဆုံးပြီး အများစုမှာ တိမ်းမှောက်သွားသည့် အဖြူရောင်ဘတ်စ်ကားအောက် တွင် ပိပြား၊ ပြတ်တောက် သေဆုံးနေကြ၏။ ဤအပျက်အစီးသည် ပြည်သူ့အမြန် လမ်းမ(၄)ပေါ်တွင် ဖြစ်ခဲ့သော ကြေကွဲ ဖွယ်အဖြစ် ဆိုးများထဲမှလတ်တလော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။မိုင် ၁၄၀ ရှည်သောဤလမ်းမကြီးသည် တိုင်းပြည်၏ တစ်ခုတည်းသော ရေနက် ဆိပ်ကမ်း မှ ဖနွမ်းပင်မြို့ဘက်သို့ ဆက်သွယ်ပေး ထားသော အဓိကသွေးကြော လမ်းမ ကြီးတစ်ခုလည်း ဖြစ်သည်။ အုပ်ချုပ်သူ များ ၏အဆိုအရ နိုင်ငံခြားအကူအညီ တစ်စိတ်တစ်ပိုင်းဖြင့် ဖောက်လုပ်ထားသော လမ်းမကြီးသည် အလွန်အန္တရာယ်များသော လမ်းမကြီး များဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျယ်ပြန့်၍ညီညာစွာ ခင်းထားသောကြောင့် ဘေးကင်းစွာ မောင်းနှင်သော အလေ့ အကျင့် အလွန်နည်းပါးသည့် ဤနိုင်ငံတွင် အဆင်အခြင်မရှိသော ယာဉ်မောင်းများသည် အရှိန်ပြင်းစွာ မောင်းကြသောကြောင့်ဖြစ် သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် အခြား ဆင်းရဲ သော နိုင်ငံများသည် ၎င်းတို့၏စီးပွားရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေချိန်နှင့် တစ်ပြိုင်တည်း တွင် ဤကဲ့သို့ အန္တရာယ်ကြီးမားသော လမ်းမကြီးများကို မကြာခဏဆိုသလိုပင် ရှိသင့်သော လမ်းအန္တရာယ်ကင်း ပညာပေးစနစ်မရှိ၊ စည်းကမ်းထိန်း ရဲများမရှိဘဲ ဖောက်လုပ်နေကြ၏။ ကမ္ဘောဒီးယားတွင် ကုန်တင်ယာဉ်များ အရှိန်ပြင်းစွာမောင်း သည့်မြို့ပြင်များ၌ ယာဉ်တိုက်မှုများကို ပိုမို တွေ့နေရသည် ဟု လမ်းအန္တရာယ်ကင်းရေး ကျွမ်းကျင်သူ ဆိုချီတာစန်းက ပြောသည်။

တစ်ချိန် တည်း၌ မြို့ပြလမ်းမများပေါ်တွင် ဥပဒေမဲ့စည်းကမ်းမရှိ မောင်းနှင်သော ဆိုင်ကယ်များ၊ ကားများ၊ ဆိုးဝါးသော တက္ကစီ မောင်းသူများ ပြည့်နှက်လာပြီး မြို့ပြ၏ တိုးပွားလာသော ယာဉ်မတော် တဆဖြစ်မှုများကို ဖြစ်ပေါ်စေသည်ဟု ၎င်းကဆိုသည်။

ဤအကျပ်အတည်းမှာ ငှက်ဖျား၊ HIV စသော လူသိများသည့်ကိစ္စများတွင် အာရုံထားသည့် လူမှုကူညီရေးအဖွဲ့ အစည်းများ၏ လုပ်ငန်းအစီအစဉ်များ ထဲသို့ လတ်တလောတွင် ပါဝင်လာ၏။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြို့ပြ လူဦးရေထူထပ်မှု၊ ကြီးကြပ်မှု လျော့ရဲ သော လမ်းဥပဒေ၊ ကြေမွပျက်စီးနေ သော အခြေခံအဆောက်အအုံနှင့် ပိတ် ဆို့နေသည့် ယာဉ်ကြောများသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ 'လမ်း အန္တရာယ်ကပ်ဘေးဆိုး'သို့ တွန်းပို့နေသည်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာအနှံ့အပြားတွင် လူ ၁ ဒသမ ၃ သန်းခန့်ယာဉ်မတော်တဆဖြစ်ရပ်များကြောင့် အသက်ဆုံးနေ၏။ ၎င်းတို့၏ ၉၀ ရာခိုင်နှုန်းမှာ ၀င်ငွေနည်းပါးသော၊ ၀င်ငွေအလယ်အလတ်ရှိသော နိုင်ငံများ တွင် ဖြစ်ပွား၏။ အရှေ့တောင်အာရှ နိုင်ငံများသည် ဖြစ်ပွားမှုအများဆုံး ဒေသများထဲတွင် ပါဝင်ပြီး ယာဉ်တိုက် မှုများသည် လူရွယ်ပိုင်း ဆင်းရဲသောသူ များကို အလုပ်မလုပ်နိုင်စေတော့ သော ကြောင့် ၎င်းတို့နှင့် ၎င်းတို့၏မိသားစု များကို ကြီးမားစွာ ထိခိုက်စေသည်။

ထိုသို့ လူများဒုက္ခရောက်နေသဖြင့် ၂၀၁၁ ခုနှစ်၊ မေလတွင် ကမ္ဘာ့ကုလသမဂ္ဂသည် ယာဉ်လုံခြုံရေး ၁၀ စုနှစ်ကြာ လှုပ်ရှားမှု ၂၀၁၁-၂၀၂၀ ကို စတင်မည် ဖြစ်ပြီး ထိုလှုပ်ရှားမှုကြောင့် ရန်ပုံငွေ ပိုမို ကောက်ခံရရှိနိုင်ပြီး ယာဉ်အန္တရာယ် လုံခြုံရေးလှုပ်ရှားသည့် အုပ်စု များကို ပိုမို အာရုံစိုက်လာစေမည်ဖြစ်သည်။

အချို့သော ထိခိုက်ဒဏ်ရာရသူများက ပြောသည်မှာ "၎င်းတို့သည် ယခုကဲ့သို့ လူအများ အာရုံစိုက်လာမှုကြောင့် ပျော်ရွှင်မိပါသည်။ ယခင်က လူမှုကူညီ ရေးအသင်းများသည် သူ၏ ပြဿနာကို မကူညီခဲ့ကြပါ။ သို့သော် ယခုအခါ ထိုအဖွဲ့တို့သည် ပြဿနာကိုပို၍ အလေး ထားလာပါသည်"ဟု အသက် ၃၂ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ် သမား ချန်းချန်းကပြော၏။

၎င်းသည်လွန်ခဲ့သော နိုဝင်ဘာလ၌ ဖနွမ်းပင်အမြန်လမ်းမ အမှတ်(၄)တွင် ယာဉ်တိုက်မှုဖြစ်ပြီး ညှပ်ရိုးကျိုးခဲ့သူဖြစ်သည်။ "ကျွန်တော့ မှာ မိသားစု ၁၀ ယောက်ရှိ ပြီး တစ်လ ဒေါ်လာ ၃၀၀ လောက် ၀င်ပါတယ်။ ကျွန်တော့အကြွေး ဒေါ်လာ ၂၅၀ ကို သုံးလမျှကြာအောင် ပြန်ဆပ် ခဲ့ရပါတယ်။ ကလေးတွေလည်း ထမင်း နပ်မမှန်၊ ကျောင်းလည်းမတက်နိုင်ခဲ့ပါ"ဟု ၎င်းကပြောသည်။

ဤယာဉ်တိုက်မှုများ၏ ဘေးဆိုးသည် မိသားစုများကိုသာမက တိုင်းပြည်စီးပွား ရေးကိုလည်း ကျဆုံးစေသည့် ဆိုးကျိုး များဖြစ်ပေါ် လာစေ၏။ အာဆီယံနိုင်ငံ များတွင် ယာဉ်တိုက်မှုများကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၁၅ ဘီလျံခန့် ဆုံးရှုံးနေသည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ် ကဆိုသည်။ မြန်မာ၊ လာအိုနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့တွင် ယာဉ်တိုက်မှုကြောင့် တိုင်းပြည်ထုတ်ကုန်၏ နှစ်-သုံးရာခိုင်နှုန်း ခန့် ကုန်ကျနေ၏။ ကမ္ဘောဒီးယားနိုင်ငံ သည် အဆိုးဆုံးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၌ ဒေါ်လာ ၂၄၈ သန်း၊ ၂၀၀၃ ခုနှစ်တွင် ဒေါ်လာ ၁၁၆ သန်းခန့် ဆုံးရှုံးခဲ့၏။

မည်သို့ပင်ဆိုစေ လိုအပ်သော ပြုပြင် ပြောင်းလဲမှုတို့ကို မည်သို့အကောင် အထည်ဖော်ရမည်မှာ မရေမရာဖြစ်နေ သည်။ ဆိုင်ကယ်ခေါင်းဆောင်းဥပဒေ ကို ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ တွင် လွန်ခဲ့သောငါးနှစ်ကစ၍ ထုတ်ပြန်ခဲ့ သော်လည်း အမျိုးမျိုးကွဲပြားသော ရလဒ်များကို ရနေသည်။
ကမ္ဘောဒီး ယားတွင် လမ်းပြရဲများသည် စည်းကမ်း ထိန်းသိမ်းမှု တစ်သမတ်တည်းမရှိခြင်း၊ ဆိုင်ကယ်မောင်းသူသာ ခေါင်းဆောင်း ဆောင်းရခြင်းတို့ဖြစ်နေသည်။ ဗီယက်နမ် တွင် စည်းကမ်းထိန်းသိမ်းမှု တင်းကျပ်သော်လည်း ဆိုင်ကယ်ဦးထုပ်များသည် အန္တရာယ် မကာကွယ်နိုင်သော ဈေးပေါ သည့် ပစ္စည်းဖြစ်နေသည်။ သေဆုံးမှု နှုန်း လျော့ကျအောင် ဆောင်ရွက်ရန်မှာ မလွယ်ကူလှပေ။ ဥပဒေ ထုတ်ပြန်ခြင်း နှင့် ကောင်းမွန်သောလမ်းများ ဆောက် လုပ်ခြင်းထက် ပိုမိုသော လိုအပ်မှုများရှိ နေ၏။ လမ်းအန္တရာယ် ကင်းရှင်းရေး အစိုးရအကြံပေးတစ်ဦးက ပြောသည်မှာ "လူထု၏တွေးခေါ်ထင်မြင်ချက် အယူ အဆကို ပြောင်းလဲဖို့ မျိုးဆက်တစ် ဆက်မျှ ကြာမြင့် မည်"ဟုဖြစ်သည်။

No comments: