Tuesday, June 21, 2011

အမျိုးသမီးနှင့် ပညာရေး

အမျိုးသမီးဆိုတာ အနာဂတ်လူသားမျိုးဆက်ဖြစ်ပါတယ်။ ဒီနေ့ပြောဆိုနေကြတဲ့ အမျိုးသမီးပညာရေးဆိုတာ အမျိုးသမီးများ အားလုံးအတွက် ဘဝတသက်တာ အသုံးချနိုင်တဲ့၊ အသုံးဝင်တဲ့ ပညာရေးမျိုးဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် ပညာရေးနယ်ပယ်ထဲကနေ ဖယ်ကျဉ်ခြင်းခံထားရတဲ့ အမျိုးသမီးမျိုးဆက်များအတွက် အင်မတန် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဘဝမှာ ပညာရေးကသာ အကျိုးအမြတ် ဖြစ်ထွန်းစေရမှာ ဖြစ်ပါတယ်။ ဒီလို အကျိုးအမြတ် ဖြစ်ထွန်းဖို့အတွက် အခြေခံလိုအပ်ချက်တွေကတော့-

- မိန်းကလေး (အမျိုးသမီး)တိုင်း ကျောင်းနေခွင့်ရရှိရေး၊

- ပညာရေးတွင် ယောက်ျားလေးများနှင့် စစ်မှန်သည့် တန်းတူမှုရရှိရေး၊

- ပညာရေးတွင် ကျား၊ မ တန်းတူညီမျှရေး ဦးတည်ချက် ချထားသတ်မှတ်ရေး၊

- ခက်ခဲလှပါတယ်လို့ ပြောနေတဲ့ သိပ္ပံနယ်ပယ်တွင် ကိုယ်စားပြုမှုနည်းပါးနေသည့် အခြေအနေကို ပြုပြင်ရေး၊

- သိပ္ပံဆိုတာ အမျိုးသားတွေအတွက်သာ သင့်လျော်ကိုက်ညီပါတယ်ဆိုတဲ့ ရှေးဟောင်းအရိုးစွဲ အယူအဆကို ပြောင်းလဲရေး၊

- မိန်းကလေးငယ်များနှင့် အမျိုးသမီးများအား သိပ္ပံနှင့်နည်းပညာများ လေ့လာခွင့် ရရှိရေးကို အားပေးထောက်ခံသွားရေး၊

သို့မှသာ လက်ရှိ ခေတ်နှင့် အညီပြောင်းလဲတိုးတက်နေသော နည်းပညာအတတ်များ၊ ဖွံ့ဖြိုးတိုးတက်မှုများ ပြောဆို ဆွေးနွေးရာတွင် ပါဝင်နိုင်သည့် အခြေအနေဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

ယနေ့ခေတ် ပညာရေးနယ်ပယ်ထဲက သက်ကြီးပညာရေးဆိုတဲ့ အခန်းကဏ္ဍထဲမှာကို အမျိုးသမီးပညာရေးဆိုတာ  ထိပ်တန်း ဦးစားပေးရမယ့် အရာတခုအဖြစ် လက်ခံ ကျင့်သုံးနေကြပါတယ်။ ဒါကို ယူနက်စ်ကိုက လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ရေရှည်လုပ်ရမယ့် လုပ်ငန်းစဉ်တခုပါ။

၁၉၉ဝ ခုနှစ် လူတိုင်းအတွက် ပညာရေး နိုင်ငံတကာ ညီလာခံ (၁၉၉ဝ International Conference on Education for All)

၁၉၉၃ ခုနှစ် နယူးဒေလီညီလာခံ၊  လူဦးရေ အများဆုံး ၉ နိုင်ငံ ပညာရေးညီလာခံ ( ၁၉၉၃ New Delhi Intitiative in Favour of the Nine High-population countries)

၁၉၉၇ ခုနှစ် ဟမ်းဘုတ် နိုင်ငံတကာ သက်ကြီးပညာရေး ညီလာခံ (၁၉၉၇ International Conference on Adult Education, Humburg) စတဲ့ နိုင်ငံတကာ ပညာရေးညီလာခံတွေမှာ အဓိကထားဆွေးနွေးခဲ့ကြရတဲ့ အကြောင်းအရာတခုလို့လည်း ပြောနိုင်ပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသမီးတိုင်း ပညာသင်ကြားရေးဆိုတဲ့ လုပ်ဆောင်မှုတွေဟာ ပညာရေးနယ်ပယ်ထဲက အဓိက အလှည့်အပြောင်းကြီး တရပ် ဖြစ်လာပါတော့တယ်။ ဒါဟာ စာမတတ်သူ ပပျောက်ရေးလို ကကြီး၊ ခခွေး၊ အေဘီစီ၊ ဖတ်တတ်လောက်ရင် တော်ပြီဆိုတဲ့ အဆင့်ထက် အများကြီး အဆင့်မြင့်ပါတယ်။

ပထမဆုံးနဲ့ ပင်မ ရည်ရွယ်ချက်ကတော့ အရွယ်ရောက်သူ အမျိုးသမီးတိုင်းရဲ့ နေထိုင်မှုအခြေအနေ၊ ဘဝအရည်အသွေးနဲ့ အသက်ရှင်ရပ်တည်ပိုင်ခွင့်ကို သင့်တင်လျှောက်ပတ်တဲ့ နည်းလမ်းတွေကတဆင့် တိုးတက်အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။

အမျိုးသမီးတဦးကို ပညာရပ်တခု (သို့မဟုတ်) ပညာပေးဝေနိုင်တယ်ဆိုတာဟာ အဲဒီ ကာယကံရှင် အမျိုးသမီးကိုယ်တိုင် အကျိုးကျေးဇူးခံစားရတာ တခုတည်း မဟုတ်ပါဘူး။ သူရဲ့ မိသားစုတခုလုံးကိုပါ တိုက်ရိုက် အကျိုးများစေတာဖြစ်ပါတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်း တခုလုံးကိုပါ အကျိုးဖြစ်ထွန်းလာမှာဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာကြီးမှာ ၂၁ရာစုရဲ့ ပညာရေး ကြွေးကြော်သံဖြစ်တဲ့ လူတိုင်းအတွက် ဘဝတသက်တာ ပညာရေး (Life-long Education for All) ဆိုတဲ့အပေါ်မှာလည်း အမျိုးသမီးများဟာ အမျိုးသားများနဲ့ ထပ်တူ အကျိုးညီမျှ အသုံးချခွင့်ရဖို့ အာမခံချက် ရှိရမှာဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ အမျိုးသမီး၊ အမျိုးသားတိုင်းဟာ သူတို့ဘဝတသက်တာကာလပတ်လုံး စဉ်ဆက်မပြတ် လေ့လာဆည်းပူးခွင့် ရရှိရေးနိုင်ရေးကို ဆိုလိုတာပါ။ ဒီရည်ရွယ်ချက်နဲ့ပဲ အိန္ဒိယ၊ ဘရာဇီး၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတော်တော်များများမှာ ပညာရေးအတွက် ဦးစားပေးတဲ့ နိုင်ငံတော် ဘတ်ဂျက်ပေါ်လစီတွေကို ချမှတ် ကျင့်သုံးနေကြပါပြီ။ ဒီလို ပညာရေးအတွက် နိုင်ငံတော် ဘတ်ဂျက်တွေကို တိုးမြှင့်လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးပညာရေးဆိုတဲ့ နယ်ပယ်ကိုလည်း ဦးစားပေး ဆောင်ရွက်ခဲ့ကြပါတယ်။ အမျိုးသမီးထုရဲ့ ပညာရေး မြှင့်တင်ပေးနိုင်ခြင်းရဲ့ အကျိုးဆက်တခုကတော့ အဆမတန်ကြီးမားနေတဲ့ လူဦးရေတိုးမြင့်တာကို လျှော့ချနိုင်တယ်ဆိုတဲ့ ဆက်စပ်မှုကို လေ့လာတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ပညာရေးနဲ့ လူဦးရေတိုးမြင့်မှုရဲ့ ဆက်စပ်မှုလို့ပြောရမှာ ဖြစ်ပါတယ်။

နောက်တခုကတော့ အမျိုးသမီးပညာရေးဆိုတာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ လူအဖွဲ့အစည်း (သို့မဟုတ်) လူမျိုး (သို့မဟုတ်) နိုင်ငံတခု အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ရေရှည်လုပ်ငန်းတခုအဖြစ် လက်ခံကျင့်သုံးဖို့လိုပါတယ်။

ဒီလိုနဲ့ လက်ရှိပညာရေးနယ်ပယ်က ကျင့်သုံးနေတဲ့ စနစ်တွေကို ခေတ်နဲ့ လျော်ညီအောင် ပြောင်းလဲဖို့ ကြိုးစားလုပ်ဆောင်တဲ့ အဓိကလုပ်ငန်းစဉ်တွေထဲမှာလည်း အမျိုးသမီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးတဲ့ မောင်းနှင်အားတခု ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံတော်တော်များများမှာတော့ အမျိုးသမီးပညာရေးနဲ့ ပတ်သက်တဲ့အသိနဲ့ ဥပဒေရပ်ဆိုင်ရာ ပြဌန်းချက်တွေကို ထည့်သွင်းစဉ်းစားဖို့ အခြေအနေတွေက တောင်းဆိုနေပါတယ်။ ဒါကို ဥပဒေအကျိုးအကြောင်းဖြင့် ပညာပေးခြင်း (Judicial Literacy) အစီအစဉ်များ ထည့်သွင်းခြင်းလို့ ဆိုကြပါတယ်။

ယေဘူယျအနေနဲ့ သမိုင်းမှာ စစ်တွေ၊ မျိုးဖြုတ်မှုတွေနဲ့ လူသတ်ပွဲတွေ၊ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက ဦးဆောင်တိုက်တွန်း တပ်လှန့်ခဲ့တာ မရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ခက်ထန်တင်းမာတဲ့ မိုက်မဲမှုတွေကို ခဝါချသန့်စင်နိုင်ဖို့ ကြိုးစားနေရတဲ့ အချိန်မှာ မိသားစုဘဝ လုံခြုံရေးကာကွယ်ရေးနဲ့ လူမှုတန်ဖိုးထိမ်းသိမ်းရေး တွေကို တဖက်က ကြိုးစားလုပ်ဆောင်နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ ယဉ်ကျေးမှု တန်ဖိုးတွေ ထွန်းကားဖို့ဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ ဒါဟာ ဗြမ္မာစိုတရား လက်ကိုင်ထားရေးဆိုတဲ့ လောကပါလတရားကို ပွားများအောင် လုပ်ဆောင်တာလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂ ယူနက်စ်ကို အဖွဲ့ကြီးရဲ့ ပညာရေးပရိုဂမ်ထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တာကို အကြမ်းဖက်ယဉ်ကျေးမှုကို ငြိမ်းချမ်းတဲ့ ယဉ်ကျေးမှုနဲ့ အစားထိုးရေးလို့တင်စားကြပါတယ်။ တဦးချင်းဆိုင်ရာ (သို့မဟုတ်) ပုဂ္ဂလိကပိုင်းဆိုင်ရာမှာသာမက အများပြည်သူနဲ့ ပတ်သက်တဲ့ ဘဝဆက်ဆံရေး နယ်ပယ်မှာပါ ကျင့်သုံးနေကြပါပြီ။ နိုင်ငံနဲ့ အစိုးရ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များနဲ့ ကုလသမဂ္ဂ အေဂျင်စီ တာဝန်ခံများ စတဲ့ ကမ္ဘာ့ခေါင်းဆောင် (၁ဝဝဝ) ကျော်က ဒီအပေါ်မှာ လက်ခံသဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒါကတော့ ၁၉၉၅ ခုနှစ် ကမ္ဘာ့အမျိုးသမီးညီလာခံ ဘီဂျင်းကြေငြာချက် ဖြစ်ပါတယ်။

ယူနက်စ်ကိုရဲ့ ထိပ်ဆုံးက လုပ်ငန်းစဉ်တွေထဲမှာ အမျိုးသမီးများ အဆင့်အတန်းမြင့်မားရေး ဆိုတာကို ချမှတ်ထားတာ တွေ့ရပါတယ်။ ဒီနေရာမှာတော့ (Feminine Approach) အမျိုးသမီး ရှုထောင့်မှ ချည်းကပ်ခြင်းလို့ သုံးပါတယ်။ လိင်ပိုင်းဆိုင်ရာ မတူကွဲပြားမှုနောက်မှာ အသွင်မတူတဲ့ ခြားနားချက်တွေနဲ့ အရည်အသွေး နှစ်ခုစလုံးကို အသိအမှတ်ပြုထားပါတယ်။ Feminist Approach အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသားတွေလုပ်ဆောင်နိုင်တဲ့ အရာတိုင်း အမျိုးသမီးတွေက လုပ်ဆောင်နိုင်စွမ်း ရှိရမယ်ဆိုတဲ့  အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများကို ဥပမာပေးပြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုနဲ့ မတူကြောင်းကို ရှင်းလင်းထားပါတယ်။

အမျိုးသမီးပညာရေးမှာ နောက်ထပ် အရေးကြီးဆုံးအချက်တခုကတော့ ကာယကံရှင် အမျိုးသမီးတွေကိုယ်တိုင်က သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုအပေါ်မှာ ပြည့်ပြည့်ဝဝ နားလည်ယုံကြည်ထားရမှာဖြစ်ပါတယ်။ ဒါဟာ သူတို့ဘဝနဲ့ တသက်တာ ရှင်သန်ဖွံ့ဖြိုးရေးအတွက်  ကိုယ်တိုင် လျှောက်လှမ်း ရင်ဆိုင်ကျော်ဖြတ်ရမယ့် ခရီးတခုလို့ မြင်ထားဖို့ လိုပါတယ်။ ဒါမှသာ အောက်ကျို့ခယနေရတဲ့ အဆင့်ကနေ လွန်မြောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို လုံလောက်အောင် ပုံဖော်ပေးနိုင်တဲ့ ကျောင်းသင်ခန်းစာနဲ့ ဖတ်စာ သင်ရိုးစာအုပ်တွေကို ပြဌန်းပေးနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေကြပါပြီ။

၂ဝ ရာစုရဲ့ ပညာရေးဆောင်ပုဒ်ကတော့ စာမတတ်သူ ပပျောက်ရေး (Eradication for Illiteracy) ဖြစ်ပါတယ်။ ဒါပေမယ့် အတိုင်းအတာတခုထိတော့ အောင်မြင်မှုတွေရှိခဲ့တယ်ဆိုပေမယ့် ၁၉၉၉ ခုနှစ် စာရင်းမှာ အသက် ၁၅နှစ်အထက် ကမ္ဘာ့လူဦးရေ (၈၈ဝ) ရှစ်ရာရှစ်ဆယ် မီလီယံဟာ စာမတတ်သူများ ဖြစ်နေပါသေးတယ်။ အဲဒီထဲက အများစုကြီးဖြစ်တဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးများဖြစ်ကြပါတယ်။ ကမ္ဘာ့အမျိုးသမီးဦးရေရဲ့ ၂၉ ရာခိုင်နှုန်းဟာ အခြေခံပညာ သင်ကြားခွင့် မရတာကို ပြနေတယ်လို့ဆိုပါတယ်။

အဲဒီလို အခြေအနေအောက်မှာ ၁၉၉၅ ခုနှစ်ကတည်းက ယူနက်စ်ကိုက ချမှတ်ခဲ့တဲ့ ပညာရေးမဟာဗျူဟာ တခုကတော့ လူတိုင်းအတွက် ဘဝတသက်တာ ပညာရေး (Life-long Education for All) ဖြစ်ပါတယ်။ ဒါဟာ ဒီနေ့ခေတ် ၂၁ ရာစုရဲ့ အဓိက ပညာရေးကြွေးကြော်သံဖြစ်သလို ကြီးမားတဲ့ စိန်ခေါ်မှုကြီးလည်း ဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်တဲ့နေရာမှာ ရှေးရိုးစွဲ (သို့မဟုတ်) ပုံသေနည်းကျ စာအုပ်ကြီးအတိုင်း လုပ်ဆောင်လို့တော့ မရနိုင်ပါဘူး။ ခေတ်နဲ့လျော်ညီတဲ့ နည်းလမ်းတွေ၊ ချည်းကပ်မှုတွေနဲ့ ပေါင်းစပ်ကြဖို့ လိုအပ်ပါတယ်။

အမျိုးသမီးပညာရေးဆိုတာ အခွင့်အရေးဆိုင်ရာကိစ္စ မဟုတ်ပါဘူး။ လူသားအားလုံး လိုက်ပါဆောင်ရွက်ရမယ့် တာဝန်တရပ် ဖြစ်ပါတယ်။

၂၁ရာစုဝင် မြန်မာ့အမျိုးသမီးများအားလုံး ပညာရည် မြင့်မားမှ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်း မြင့်မားပါလိမ့်မယ်။

No comments: