'နော်ကူးမ' ဇာတ်ကားနဲ့အကယ်ဒမီဆွတ်ခူးခဲ့တဲ့ တစ်ချိန်က နာမည်ကြီး သရုပ်ဆောင် နွဲ့နွဲ့မူ (ခ) ဒေါ်မြသန်းနွဲ့ တစ်ယောက် ဇွန်လ ၁၃ ရက် နေ့က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဈာပန အခမ်းအနားကို ၁၅ ရက်နေ့မှာ ချင်းနှစ် ခြင်းခရစ်ယာန်အသင်း တော်တွင်ကျင်းပခဲ့ပြီး ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ သုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
သရုပ်ဆောင်လောကထဲကို အသက် ၁၄ နှစ်ကတည်းက ရောက်ရှိခဲ့တဲ့ မင်း သမီးကြီးဟာ ဆုံးပါးချိန်မှာ အသက် ၆၁ နှစ်ရှိပါပြီ။ အမူအရာ လည်းကောင်းပြီး ကြိုးစားအားထုတ်မှုလည်း ကြီးမားတာ ကြောင့် အသက် ၂၄ နှစ်အရွယ်မှာ 'နော်ကူးမ' ဇာတ်ကားနဲ့ အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။
"မျက်စိတိမ်စွဲလို့ မျက်စိမမြင်တဲ့အတောအတွင်းမှာတောင် ဒါရိုက်တာ မောင်မျိုးမင်းနဲ့'မှော်ဝင်ကြိုး'ကား သွားရိုက်ခဲ့သေးတယ်။ ပြည်ဘက်မှာ သွား ရိုက်တာဆိုတော့ နေအရမ်းပူပြီး မျက်စိလည်း မမြင်တဲ့ကြားထဲက ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့သေးတယ်" လို့ ဒေါ်နွဲ့နွဲ့မူရဲ့သမီး ဇင်သူဦး က ကွယ်လွန် သူ မိခင်ဖြစ်သူရဲ့ အနုပညာစိတ်အားကြီး မှုကို ပြောပြပါ တယ်။
'စံရွှေမြင့်ရဲ့မာမာ' ဇာတ်ကားက နွဲ့နွဲ့မူကို ပရိသတ်တွေအရမ်းအားပေး ပြီး ကျော်ကြားခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပြီး သမီးနှင့်အမေများ' ဇာတ်ကားမှာ လည်း စိမ်း၊ နီ၊ ၀ါ အမေသုံးယောက်ရဲ့ ဇာတ်ကွက်ထဲမှာ အမေတစ်ယောက် အနေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တဲ့ ဒေါ်နွဲ့နွဲ့မူရဲ့ ဟန်ပန်တွေက ရုပ်ရှင် သမိုင်းမှာ အမြဲထင်ကျန်နေမှာပါ။
ကိုယ်တိုင်သရုပ်ဆောင်ကောင်းတဲ့အပြင် မျိုးဆက်သစ်တွေကို ပညာဖြန့် ဝေပေးချင်သူမို့ ယဉ်ကျေးမှုတက္ကသိုလ်နဲ့အခြားအနုပညာသင်တန်းတွေမှာလည်း သင်တန်းပို့ချပေးခဲ့တဲ့ မင်းသမီးကြီးဒေါ်နွဲ့နွဲ့မူဟာ ရုပ်ရှင်ကားကြီးပေါင်း တစ်ရာကျော်နဲ့ ဗီဒီယိုကားပေါင်းများ စွာမှာ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး ရိုက် ကူးဖြစ်ခဲ့တဲ့ဇာတ်ကား ကတော့ မင်းသားနေတိုး ပါဝင်တဲ့ '၁၂ နာရီ သတိုးသား' ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

No comments:
Post a Comment