Showing posts with label လူမှုဘ၀. Show all posts
Showing posts with label လူမှုဘ၀. Show all posts

Monday, August 15, 2011

လှည့်ကွက်များနဲ့ ကမ္ဘာ

တစ်ခါက ဆရာတပည့်နှစ်ယောက် ခရီးသွားကြတယ်။ လမ်းတစ်နေရာရောက်တော့ လူတစ်ယောက်က ၀က်လို အော်နေတဲ့အသံကို ကြားရကြတယ်။ တကယ့်ဝက်တစ်ကောင်ရဲ့ အော်သံမျိုးနဲ့ အရမ်းတူလွန်းတာကြောင့် လူတွေက ၀ိုင်းကြည့်ကြတယ်။ တပည့်ဖြစ်သူဟာလည်း အများနည်းတူ လူအုပ်ထဲ တိုးဝင်ပြီး ကြည့် တယ်ပေါ့။ တကယ်တော့ အရမ်းအံ့သြစရာ ဖြစ်ရပ်ပြကွက်တစ်ခုပါပဲ။ ဒါပေမယ့် ဆရာက တပည့်ကို ဒီထက် အံ့သြစရာ ကောင်းတဲ့ပြကွက်ကို ပြမယ်လို့ပြောကာ အတင်းဆွဲခေါ်လာခဲ့တယ်လေ။ ခရီးဆက်ကြတယ်ပေါ့။

လမ်းရောက်တော့ တပည့်က ၀က်အော်သံကို ပြပါရန် တောင်းဆိုလေရဲ့။ အဲဒီမှာ ဆရာဖြစ်သူက တပည့်အား ၀က်တစ်ကောင်ကို ဖမ်းစေပြီး တုတ်နဲ့ ရိုက်ခိုင်းပြန်တယ်။ ၀က်ဟာ နာကျင်တဲ့ဝေဒနာကို ခံစားရတဲ့ အတွက် အရမ်း အော်တယ်ပေါ့။ အဲဒီလို ၀က်အော်တဲ့အခါ ဆရာက တပည့်ကို မေးတယ်လေ။ လူကအော်တဲ့ ၀က်သံနဲ့ ၀က်စစ်စစ်က အော်တဲ့ဝက်သံ ဘယ်အသံက ပိုပြီးနှစ်သက်စရာ ကောင်းသလဲ ဆိုပြီးတော့ပေါ့။ ၀က်က အော်တဲ့အသံဟာ ဘာမှ မထူးဆန်း။ လူကအော်တဲ့ ၀က်သံကသာ ထူးဆန်းကြောင်း ပြန်ပြောတယ်တဲ့။ ဒါကြောင့် ၀က်က အော်တဲ့ ၀က်သံထက် လူကအော်တဲ့ ၀က်သံကသာ နှစ်စရာကောင်းကြောင်း ပြောသတဲ့။

အထက်ပါ ပုံပြင်လေး ပြောပြီးတော့ သူ ငေးငေးငိုင်ငိုင်ဖြစ်သွားသည်။ အခြားသူငယ်ချင်းများကလည်း သူ့မျက် နှာကိုပဲ ဘာဆက်ပြောမလဲ ဆိုပြီး မျှော်လင့်တကြီး စောင့်ကြည့်နေကြ၏။ အတော်ကြာသည့်အထိ သူ့ဆီမှ အသံထွက်မလာ။ တစ်စုံတစ်ရာကို အလေးအနက် တွေးတောနေဟန်။ သူ့ဆီမှ ဘာအသံမျှ ထွက်မလာတော့ သူငယ်ချင်းတစ်ယောက်က သူ့ထင်မြင်ချက်ကို ဖွင့်ပြ၏။ ဒါဟာ…. အထင်အမြင်မှားမှု တစ်ခုပါပဲ..တဲ့။ သူအပါအ၀င် အခြားတစ်ယောက်က အဲဒီသူငယ်ချင်းရဲ့ ထင်မြင်ချက်ကို မည်သည့်စကားမျှဖြင့် မတုန့်ပြန်ဘဲ ငြိမ်သက်စွာ ထောက်ခံပေးလိုက်ကြသည်။ ဒုတိယသူငယ်ချင်းတစ်ယောက်က ဆက်ပြောပြန်သည်။ လူတွေရဲ့ သဘာဝကိုက ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်လွန်းတယ်ကွ။ တစ်မျိုးပြောမယ်ဆိုရင်တော့ စူးစမ်းလို စိတ် အရမ်းများတယ်ကွ။ တွေ့နေကျ မြင်နေကျ မဟုတ်တဲ့အရာတွေကို အထူးအဆန်းဆိုပြီး ပို၍ပို၍ စိတ်ဝင်စား တတ်တယ်လေ… တဲ့။ ရှေးနည်းအတူ ကျန်သူများက ဆိတ်ငြိမ်စွာ ထောက်ခံပေးလိုက်ပြန်သည်။ အတော် အတန်ကြာသည့်အထိ စကားဝိုင်းလေး တိတ်ဆိတ်သွားခဲ့သည်။

အတွေးကိုယ်စီ၊ ထင်မြင်ချက် ကိုယ်စီဖြင့် ကိုယ့်ရဲ့ယူဆချက်တွေကို ပြန်လည်ဆန်းစစ်နေကြ၏။ တပည့်ဖြစ်သူ က လူက ၀က်လိုအော်သံကို ထူးဆန်းတယ်လို့ ထင်မြင်ယူဆနေသည်။ ဆရာဖြစ်သူကျပြန်တော့လည်း အဲဒီ ထက်ထူးဆန်းတာကို ပြမည်ဆိုပြီး ၀က်စစ်စစ်က အော်သည့်အသံကို အထူးအဆန်းဆုံးအဖြစ် သတ်မှတ်ပြ သည်။ ဆရာနှင့်တပည့် ကိုယ့်ထင်မြင်ချက်နှင့်ကိုယ် မှန်နေချည်းသည်သာ။ သူ အနည်းအငယ် လှုပ်ရှားကာ စကားဝိုင်း လေးကို ပြန်လည်အသက်သွင်းလိုက်၏။

နောက်နားဆီက ကိုယ် သတင်းတစ်ပုဒ်ဖတ်ရတယ်ကွ။ တရုတ် အမျိုးသမီးတွေကြားမှာ အရမ်းရေးပန်း စားနေတဲ့ သတင်းတစ်ပုဒ်ပါပဲ။ အပျိုဖော်ဝင်စ အမျိုးသမီးတစ်ယောက်လို ပြန်လည်ခွဲစိပ်ကုသထားတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက ပိုပြီး စိတ်ဝင်စားကြလို့ အဲဒီခွဲစိပ်မှုကို အတော့်ကို စိတ်ဝင်စား နေကြတယ်ဆိုပဲ။ တစ်ချို့ချို့သော တရုတ်တိုင်းရင်းသားအယူအဆတွေမှာ အပျိုစစ်စစ်ဆိုတဲ့ ယဉ်ကျေး မှုဟာ အခုထိ အရမ်းအရေး ပါနေတယ်လေ။ တရုတ်တိုင်းရင်းသားတွေမှမဟုတ်ပါဘူး။ အစ်စလမ်ဘာ သာဝင်တွေမှာလည်း အဲဒီယဉ်ကျေးမှု ဟာ အရမ်းစကားပြောတယ်လေ။

သူက ဒီလိုပြောပြီးတော့ စကားဝိုင်းလေးကို ပြန်လည်အသက်သွင်းလိုက်သည်။ ပုံပြင်နဲ့ ဒီတရုတ် အမျိုးသမီး တွေရဲ့သတင်း မည်သို့မည်ပုံ ဆက်စပ်နေသလဲဆိုသည့် မေးခွန်းကို အခြားသူငယ်ချင်း နှစ်ယောက်က မျက်လုံး များနှင့် မေးနေကြသည်။ သူက ဆက်ပြောမည်ဆိုသည့် အမူအရာကို ပြလိုက်၏။

ဒီလိုလေး စဉ်စားမိတယ်ကွာ။ လူက အော်တဲ့ ၀က်သံဟာ အတု မာယာ သဘောပဲလေ။ အတုဆိုပေမယ့် အရမ်းကို တူလွန်းလို့ တပည့်ဖြစ်သူက အထူးအဆန်းသဖွယ် ပိုပြီး စိတ်ဝင်စားသွားတယ်။ ၀က်စစ်စစ်က အော်တဲ့ အသံကျတော့ တကယ့်အမှန်တရား၊ အရှိတရား အစစ်ပဲ။ သစ္စာသဘောပေါ့။ အဲဒီသစ္စာ သဘောကို တပည့်ဖြစ်သူက မထူးဆန်းသလို စိတ်မ၀င်စားသလို ဘာလို့ဖြစ်သွားတာလဲ။ အဲဒါ ကို ၀ိုင်းပြီး တွေးပေးကြည့်ပါ။
 

ဒါဟာ လှည့်ကွက် တစ်ခုပဲ မဟုတ်လားကွ။ နှစ်ယောက်သား ပြိုင်တူပင် သူတို့၏ဆန္ဒကို ဖော်ထုတ်ပေးကြ သည်။ သူ ညင်သာစွာ ခေါင်းညိတ်ပြ လက်ခံလိုက်၏။ ဟုတ်ပြီလေ…. အဲဒီလှည့်ကွက်ကို လှည့်ကွက်မှန်း တပည့်ဖြစ်သူက ဘာလို့ မမြင်တာလဲ။ ဆရာဖြစ်သူက မြင်တယ်လေ။ သူ့ကို ထူးဆန်းသလို ကြည့်နေကြသည် ကို သတိထားမိလိုက်၏။ ဘာအသံမျှတော့ ထွက်မလာကြ။ သူ ဆက်ပြောဖြစ်လိုက်သည်။

ဒီလိုလေကွာ။ ဘယ်လောက်ပဲ ၀က်အော်သံနဲ့ တူတူ၊ လူက အော်တာဟာ လူ့အသံပဲလေ။ ၀က်အသံနဲ့ တူရုံနဲ့ ၀က်ဖြစ်မသွားဘူးကွ။ လူဟာ လူပဲ၊ ၀က်ဟာ ၀က်ပါပဲ။ ဒါပေမယ့် ၀က်ရဲ့အသံနီးနီး တူလွန်းတာကြောင့် လူက အော်တဲ့ဝက်သံကို တပည့်ဖြစ်သူက အထင်ကြီးသွားတယ်၊ စိတ်ဝင်စားသွား တယ်ဆိုပါတော့။ အမှန်တော့ ကွာ။ ငါတို့တွေဟာ လှည့်ကွက်တွေကို လှည့်ကွက်မှန်း မသိဘဲ နစ်မြောနေမိတတ်ကြတယ်။ ဒါဟာလည်း သံသရာ အဆက်ဆက်က ကပ်ပါလာတဲ့ အ၀ိဇ္ဇာ(အကောင်း အဆိုး၊ အကြောင်းအကျိုး၊ အမှား အမှန်ကို ခွဲခွဲခြားခြား တိတိကျကျ မသိမှု) ကြောင့်ပဲလေ။ မသိအောင်လည်း တို့တွေရဲ့ စိတ်တွေကို လောဘ၊ ဒေါသ၊ မောဟတွေ၊ မနာလို ၀န်တိုမှု၊ ငြူစူမှုစတဲ့ တရားတွေက ပိတ်ဆို့ထားတာကိုးကွ။ ဒါကတော့ လေးလေးနက်နက်လေး တွေး ကြည့်လိုက်တာပါ။ ငါလည်းပဲ အဲဒီထဲမှာပဲ လည်နေရဆဲပဲလေ။

သူ မောသွားဟန်ဖြင့် ခေတ္တငြိမ်သက်သွားသည်။ စကားပြောရသည့်အတွက် မောခြင်းထက် လှည့်ကွက်များကို လှည့်ကွက်မှန်း သိသလိုလိုနှင့် အမှန်တကယ် မသိနေခြင်းကို အခုမှသိစ ပြုလာသောကြောင့် မောမိခြင်းဟု ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ အခြားသူများထံမှ အသံကြားရနိုးဖြင့် ငဲ့ကြည့်မိလိုက်၏။ သူတို့လည်း ငိုင်နေသည် လား လေးလေးနက်နက်တွေးတောနေသည်လား သူ မပြောတတ်။ ဒီတစ်ကြိမ် ငြိမ်သက်နေကြခြင်းသည် အမှန်တကယ် ထူးခြားနေသည်ကား သေချာသည်။

စကားဝိုင်းလေးပြီးလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့တိမ်ကင်းစင်သွားသည့် ကောင်းကင်၊ ဖျော့တော့တော့ ညနေဆည်းဆာအချိန်နှင့် သုံးယောက်လုံး၏ မျက်နှာပေါ်က ကြည်လင်မှုတွေကို အချင်းချင်း တွေ့လိုက်မိကြ သည်။ ဥာဏ်အမြင်တွေ အမှန်တကယ် ကြည်လင်တောက်ပဖို့အတွက် သူတို့ ဆက်လက်ချီတက်ကြရဦးမည် ကို သန္နိဋ္ဌာန်ချမိကြသည့်အလား မျက်လုံးများနှင့် ဆက်သွယ်မိကြတော့၏။

ဟိုးအရင်က တင်ခဲ့ဖူးတဲ့ ပို့စ်အဟောင်းလေးပါ။ ဒီပို့စ်လေးပြန်တင်ပေးရခြင်းရဲ့အကြောင်းကို ပြောချင်ပါတယ်။ ကျနော်ရေးခဲ့သမျှ အတွေးစာစုအတော်များများထဲမှာ အခုရေးဟန်ဟာ ဆရာကြီးနန္ဒာသိန်းဇံရဲ့ ရေးဟန်နဲ့ အတော့်ကို နီးစပ်အောင် ရေးဖြစ်သွားတာပါ။ ဒါကလည်း တမင်လုပ်ပြီးရေးတယ်လို့ မဟုတ်ဘဲ ကျနော့်စိတ်ထဲ မှာ ခံစားမိတာရော၊ ဆရာကြီးကို အားကျစိတ်ရောနဲ့စုပေါင်းပြီး ရေးဖြစ်သွားတယ်ပါ။

Saturday, July 16, 2011

ဆင်းရဲခြင်းမှ အစပြုခဲ့သည်

Written by ချစ်ဝင်းမောင်   
From Eleven News

ကားရပ်ရန်နေရာ (parking) ပြဿနာကြောင့် ကိစ္စကြီးငယ် မရှိဘဲ မြို့လယ်ခေါင်သို့ မရောက်ဖြစ်သည်မှာ ကြာပြီ။ ၃၈ လမ်း၊ ပန်းဆိုးတန်း၊ လမ်း ၃၀၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်း ၀န်းကျင်သို့ မသွားမဖြစ် သွားရတော့မည် ဆိုလျှင်တော့ ပါကင်တစ်နေရာရဖို့ အတော်ရှာပြီးမှ သွားလိုရာ သွားနိုင်ခဲ့သည်။ ထို့ကြောင့်လည်း တော်ရုံတန်ရုံ ကိစ္စမရှိဘဲ မြို့လယ်ဝန်းကျင်သို့ မရောက်ဖြစ်တော့ခြင်း ဖြစ်သည်။ မြို့ထဲ ရောက်ပြန်လျှင်လည်း ပလက်ဖောင်းတွေက လမ်းလျှောက်လို့ မ ကောင်း။ တချို့နေရာတွေမှာ ပလက်ဖောင်း ကျောက်ပြားတွေက ထိုးထိုးထောင်ထောင်။ တချို့နေရာမှာတော့ မြေအောက် လျှပ်စစ်ကြိုးတွေ၊ ရေပိုက်တွေ တူးဖော်ထားပြီး နဂိုအတိုင်း ပြန်ခင်းမထားတော့၍ ချိုင့်ကြီး ကျင်းကြီးတွေ ကာလရှည် ဖြစ်နေခဲ့သည်။

ခရီးသွားတို့က ထိုကျင်းများ၊ ချိုင့်များကို ကျော်ကာ၊ ခွကာ သွားကြရသည်။ သည်ကြားထဲ ပလက်ဖောင်း ဈေးသည်များက ပလက်ဖောင်း၏ ဟိုဘက်ခြမ်း သည်ဘက်ခြမ်း ပိတ်ဆို့ကာ ဈေးရောင်းနေကြသဖြင့် ရန်ကုန်မြို့လယ် ပလက်ဖောင်းများမှာ ဈေးတန်းကြီးသဖွယ် ဖြစ်၍ လမ်းလျှောက်မရတော့။ တစ်နေရာ အမြန်ရောက်လို အမြန်သွားလိုလျှင် ကားလမ်းမပေါ် ဆင်းလျှောက်ရသည်။ လမ်းမပေါ် ကျပြန်တော့လည်း ယာဉ်ကျောအတိုင်း မမောင်းဘဲ ကျော်ခွမောင်းလာသည့် 'ယာဉ်' အန္တရာယ်ကို သတိထားရ ပြန်သေးသည်။

ပလက်ဖောင်း ဈေးသည်များကြောင့် ခရီးသွားများက လမ်းမပေါ် ဆင်းလျှောက်၊ လမ်းမပေါ်က ယာဉ်များက ခရီးသည်ကို ရှောင်တိမ်းမောင်း။ သည်လိုနှင့် ရန်ကုန်မြို့လယ်ကြီး စည်ကားနေခဲ့သည်မှာ အတန်ကြာခဲ့ပြီ။ ယခုတော့ လမ်းကြားဈေးသည် တွေကို ညနေ ၃ နာရီ အထိ ဈေးမရောင်းရဟု တင်းတင်းကြပ်ကြပ် စည်းကမ်း ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ နံနက်ပိုင်း ညနေ ၃ နာရီ မြို့လယ် ပလက်ဖောင်းများ ပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နိုင်ခဲ့ပြီ။ တစ်နေ့က ၃၉ လမ်းတွင် ပါကင်ထိုးပြီး အနော်ရထာလမ်း အတိုင်း လွစ္စလမ်း(ဆိပ်ကမ်းသာလမ်း)၊ ပန်းဆိုးတန်း၊ ဆူးလေ၊ ရွှေဘုံသာ အထိ လမ်းလျှောက်ခဲ့ရာ လမ်းဘေးဈေးသည်တွေ မရှိတော့၍ အတော်ပင် စိတ်ချမ်းသာသွားသည်။ ဟိုတုန်းကဆိုလျှင် ၃၈ လမ်းထိပ် တစ်ဝိုက် ဆိပ်ကမ်းသာလမ်း တစ်ဝိုက် ပန်းဆိုးတန်းမှ ဆူးလေ အထိ ပလက်ဖောင်းပေါ်မှာ တိုးကြိတ်ပြီး လမ်းလျှောက်ရသည်။ လမ်းဘေးဈေးသည်တွေကလည်း အစုံ။ ရာသီပေါ်သီးနှံ ရောင်းချသူမှ အစ၊ ၀က်သားဒုတ်ထိုး လက်သုတ်စုံ ရောင်းသူ အလယ်၊ ဆေးလိပ် ကွမ်းယာသည် အဆုံး တစ်အုန်းအုန်း ရောင်းချနေရာ ရန်ကုန် မြို့လယ်ခေါင်ကြီး စည်ကားနေသော်လည်း အတော်လေး ဗရုတ်ဗရက် နိုင်လှသော မြင်ကွင်း ဖြစ်နေသည်။

ယခုတလော ရေးသား ပြောဆိုနေကြသော အကြောင်းအရာများထဲတွင် ပလက်ဖောင်းဈေးသည် ကိစ္စလည်း တစ်ခု အပါအ၀င် ဖြစ်သည်။ သည်ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးကြလျှင် မြန်မာ့ရုပ်သံတွင် ပြသနေသော
'စကားနပန်း'လို၊ 'လမ်းဘေး ဈေးရောင်းတာ ကောင်းတယ်'၊ 'လမ်းဘေးဈေးရောင်းတာ မကောင်းဘူး' ဆိုပြီး လူရွှင်တော်တွေကို စကားနပန်း သတ်ခိုင်းရမလို ဖြစ်နေပါပြီ။ ပလက်ဖောင်းဈေးသည် ပြဿနာမှာ အစိုးရ အဆက်ဆက်၊ ခေတ်အဆက် ဆက်ရင်ဆိုင်လာရသော ပြဿနာ တစ်ခု ဖြစ်သည်။ ယခုထိ ပြေလည်မှု မရသေး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ပလက်ဖောင်းပေါ်မှာ မြူနီစပယ်နှင့် ဈေးသည် လိုက်တမ်းပြေးတမ်း ကစားနေကြတာ မြင်တွေ့ခဲ့ဖူးသည်။ 'ဟိုမှာ ဂဠုန်တွေ လာနေပြီ' 'ပြေးပြေး' ဆိုပြီး မြူနီစပယ် တာဝန်ရှိသူတွေက လိုက်၊ ဈေးသည်တွေက ပြေး ရုတ်ရုတ်သဲသဲ မြင်ကွင်းတွေ။

နောက်ကျတော့လည်း လမ်းဘေး ဈေးသည်တွေက ပလက်ဖောင်းပေါ်က အလျှိုလျှို ပြန်ရောက်လာစမြဲ။ သည်ဘက်ခေတ်မှာ ကျတော့ 'စည်ပင်ရဲ' ဆိုပြီး ယူနီဖောင်းဝတ် ၀န်ထမ်းတွေ ပေါ်လာသည်။ စည်းကမ်းတွေ ချမှတ်၊ ထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးမှာ ပလက်ဖောင်းပေါ် စည်ကားမြဲ၊ စည်ကားဆဲ။


အနှစ်ချုပ်ရလျှင် အရာအားလုံးသည် 'ဆင်းရဲခြင်းမှ အစပြုခဲ့သည်' ဟုပဲ ဆိုရမည်။ ဆင်းရဲကြသည်။ အလုပ်အကိုင် မရှိ။ မျှော်လင့်ချက် မရှိ။ အားကိုးရာ မရှိ။ လမ်းမပေါ် ဈေးတက်ရောင်းတော့ အထိုက်အလျောက် စားဝတ်နေရေး အဆင်ပြေသည်။ မိသားစု ထမင်းဝိုင်းလေး စိုပြည်သည်။ အိမ်က ကလေး ကျောင်းထားနိုင်သည်။ သည်ပလက်ဖောင်းလေးက သူတို့ဘ၀။ သူတို့ မျှော်လင့်ချက် .  .  .

လမ်းဘေး ဈေးသည်တွေကလည်း လမ်းဘေးဈေးသည် ပါပဲ။ သူတို့ စားဝတ်နေရေး အတွက် မဖြစ်မနေ ပလက်ဖောင်းပေါ်မှာ ဈေးတက်ရောင်းရသည်ဟု ဆိုသော်လည်း ပလက်ဖောင်းပေါ် လမ်းလျှောက်လို့ မရအောင် ပိတ်ဆို့ ရောင်းချတာကတော့ ခရီးသွားတွေ အတွက် ငြိုငြင်စရာ ဖြစ်လာသည်။ ၃၈ လမ်းထိပ်က သစ်သီးဆိုင်တချို့ ဆိုလျှင် ပလက်ဖောင်းပေါ် ကျော်ပြီး လမ်းမပေါ် ဗန်းခင်းထားသည်။ လမ်းထဲ ကားဝင်ဖို့ သူတို့ဈေးဗန်းကို ရှောင်တိမ်း မောင်းနှင်ရသည်။ လွစ္စလမ်း (ဆိပ်ကမ်းသာ လမ်း) ထိပ်မှာတော့ ညနေစောင်းပြီဆိုလျှင် မီးခွက်ဈေး ဆိုပြီး သားငါးပုစွန်တွေ လမ်းမပေါ် ချရောင်းနေတာ ညီစော်နံလွန်းလှသည်။ တချို့က ထင်းမီး တမြိုက်မြိုက်ဖြင့် ဆီကြော်အိုးကြီး လမ်းမပေါ်ချကာ အကြော် ကြော်ရောင်းနေသည်။

ယခု မြို့တော်ဝန်အသစ် တက်လာတော့ သည်ပြဿနာ ဖြေရှင်းသည့် အနေဖြင့် ညနေ ၃ နာရီ မတိုင်မီ ပလက်ဖောင်းပေါ် ဈေးမရောင်းရဟု အမိန့် ထုတ်လိုက်သည်။ ကာလ အတန်ကြာအောင် သည်ပလက်ဖောင်းကို အမှီပြု၍ မိသားစု စားဝတ်နေရေး ဖြေရှင်းနေကြသော ဈေးသည်များဘက်မှ အသံ ထွက်လာသည်။ 'သူတို့ ဒုက္ခရောက်နေကြပြီ'၊ 'ဈေးမရောင်းရသဖြင့် စားဝတ်နေရေး ထိခိုက်ရသည်'ဟု အသံ ထွက်လာသည်။ သူတို့ဘက်က ကြည့်ပြန်တော့လည်း မမှား။ သူတို့၏ စီးပွားရေး အသိုက်အမြုံကလေးကို ဖျက်ဆီးပစ်လိုက်သည်နှင့် တူ၏။ ပလက်ဖောင်းများ ပေါ်မှာတော့ အတော့်ကို ရှင်းသွားသည်။ အေးအေးလူလူ လမ်းလျှောက်လို့ ရသွားသည်။

စည်ပင်ဝန်ထမ်းတွေကတော့ ညနေ  ၃ နာရီ မထိုးမချင်း ပလက်ဖောင်းများပေါ်မှာ ဟိုတစ်စုသည်တစ်စု စောင့်ကြပ်နေကြရသည်။ ဈေးသည်တွေကတော့ အနော်ရထာ၊ ဗန္ဓုလ၊ ဗိုလ်ချုပ်လမ်းမပေါ် ဈေးတက်မရောင်းရသဖြင့် လမ်းကြားတွေထဲမှာ ဖြစ်သလို ကပ်ရပ်ပြီး နေကြတာ တွေ့ရသည်။ ညနေ ၃ နာရီထိုးမှ အဓိက ပလက်ဖောင်းပေါ် သူတို့ ပြန်တက်လာပြီး ဈေးရောင်းကြမည်။ ယခု လောလောဆယ်မှာတော့ လမ်းလျှောက် မကောင်းသော ခနော်နီခနော်နဲ့ ပလက်ဖောင်း ကျောက်ပြားတွေကို ခွာပြီး အသစ် ပြန်ခင်းဖို့ လုပ်နေတာတွေ တွေ့ရသည်။ ပလက်ဖောင်း ကျောက်ပြားတွေကလည်း ခေတ်အဆက်ဆက် ခင်းခဲ့ကြပြီးသား။ သေသေချာချာ ခင်းထားသော ပလက်ဖောင်းက မြေအောက်ဓာတ်ကြိုး ပေါက်လျှင်သော် လည်းကောင်း၊ ရေပိုက် ပေါက်လျှင်သော် လည်းကောင်း တူးဆွခံရပြီး စနစ်တကျ ပြန်မခင်းဘဲ သည်အတိုင်း ပစ်ထားကြသော အခါ နဂိုအတိုင်း ခနော်နီခနော်နဲ့ ပြန်ဖြစ်သွားကြတာများသည်။

ရန်ကုန်မြို့လယ်၊ ပလက်ဖောင်း ဈေးသည် ပြဿနာက သည်ပုံစံအတိုင်း ပြေလည်သွားဖို့က မလွယ်ကူလှ။ စည်ပင် ၀န်ထမ်းတွေက ဟိုတစ်ဖွဲ့၊ သည်တစ်ဖွဲ့နှင့် အချိန်ပေးပြီး ဘယ်လောက် စောင့်ကြည့်နိုင်မည်လဲ။ စောင့်ကြည့်နေသူ မရှိလျှင် သည်ဈေးသည်တွေက ပလက်ဖောင်းပေါ် ပြန်ရောက်လာကြဦးမှာပင်။ သည်ပြဿနာ ဖြေရှင်းဖို့ လမ်းဘေး ဈေးသည်တွေကို လဟာပြင်ဈေးလို နေရာမျိုးမှာ နေရာချပေးမည်ဟု ကြားရသည်။ ထွက်လာသောအသံက 'လဟာပြင်ဈေး'လို နေရာမျိုးးမှာ သူတို့ မရောင်းချကြတဲ့။ သိမ်ဖြူ မီးရထားဝင်းထဲက 'ချမ်းမြေ့'ဈေးမှာ နေရာချပေးထားတာ ဈေးသည် တစ်ရာကျော် အနက် နှစ်ဆယ်လောက်ပဲ ကျန်သည်တဲ့။ သည်ဈေးသည်တွေက သူတို့ နဂိုအတိုင်း ရောင်းချသည့် ပလက်ဖောင်းပေါ်ကိုပဲ ပြန်သွားချင်နေကြသည်။ သည်တော့ ပလက်ဖောင်းဈေးသည် ပြဿနာက ဂျာအေး သူ့အမေ ရိုက်နေသည်။

ဂျာနယ် တစ်စောင်ထဲမှာတော့ ဆောင်းပါးရှင် တစ်ဦးက ပလက်ဖောင်းဈေးသည် ပြဿနာကို သီးသန့် ဇုန်တစ်ခု သတ်မှတ်ပြီး အရင် ပြုလုပ်စေလိုသည်ဟု အကြံပြုထားသည်။ ယခုလို မြို့နယ်အားလုံး မဟုတ်ဘဲ စံပြမြို့နယ်တစ်ခု သတ်မှတ်ကာ စည်းကမ်းချက်ကို စံပြုမြို့နယ် တစ်ခု အတွက်ပဲ ကနဦး ထားရှိပြီး ဆောင်ရွက်စေလိုသည်ဟု အကြံပြုထားသည်။ စံပြမြို့နယ်မှာ လမ်းဘေးဈေးသည်တွေ ရှင်းလင်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း အစစအရာရာ တိုးတက်မှု ရှိလာမှ နောက်ထပ် မြို့နယ် တချို့ကို ထပ်မံ တိုးချဲ့ဖို့ တိုက်တွန်းထားသည်။ သည်အကြံပြုချက်ကလည်း စဉ်းစားစရာ ကောင်းပါသည်။

တစ်ခုကောင်းလျှင်၊ တစ်ခုမကောင်း ဆိုသလို ပလက်ဖောင်းပေါ် ဈေးရောင်းနေကြသူတို့၏ စားဝတ်နေရေး ပြဿနာ။ သူတို့အတွက် စားဝတ်နေရေး အခက်ကြုံရပြီ။ လူမှု ဒုက္ခတွေနှင့် ရင်ဆိုင်ကြရပြီ။ သည်ပြဿနာကို ဘယ်လို ရှင်းမည်လဲ။

အလုံးစုံကို အနှစ်ချုပ်ရလျှင် အရာအားလုံးသည် 'ဆင်းရဲခြင်းမှ အစပြုခဲ့သည်'ဟုပဲ ဆိုရမည်။ ဆင်းရဲကြသည်။ အလုပ်အကိုင် မရှိ။ မျှော်လင့်ချက် မရှိ။ အားကိုးရာ မရှိ။ လမ်းမပေါ် ဈေးတက်ရောင်းတော့ အထိုက်အလျှောက် စားဝတ်နေရေး အဆင်ပြေသည်။ မိသားစု ထမင်းဝိုင်းလေး စိုပြည်သည်။ အိမ်က ကလေး ကျောင်းထားနိုင်သည်။ သည်ပလက်ဖောင်းလေးက သူတို့ဘ၀။ သူတို့ မျှော်လင့်ချက်။

ဆင်းရဲခြင်းက လူတို့ကို Desperate ဖြစ်စေသည်။ မျှော်လင့်ချက် ကုန်ဆုံးခြင်း၏ နောက်ကွယ်တွင် အကျင့်သီလ၊ စာရိတ္တတို့ ချွတ်ယွင်း တိမ်းပါးလာသည်။ စည်းကမ်းလိုက်နာမှု မရှိကြတော့။ ပရမ်းပတာ အသွင် ဆောင်လာသည်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား ကိုယ်ချင်းစာတရား ခေါင်းပါးလာသည်။ ကျွန်တော်တို့၏ ပရမ်းပတာ ဖြစ်နေသော လူ့အဖွဲ့အစည်း၏ အရင်းခံမှာ ''ဆင်းရဲခြင်း''မှ အစပြုခဲ့သည်။ လောင်းကစား ပပျောက်ရေး စီမံချက်တွေ ချသည်။ နှစ်လုံး၊ သုံးလုံး၊ တစ်လုံးမှ အစ လောင်းကစား မှန်သမျှ အရေးယူသည်။ ဟိုအရင်တုန်းကလည်း သည်လိုပဲ စီမံချက်တွေ ရှိခဲ့ဖူးသည်။ ချခဲ့ဖူးသည်။

နောက်တော့လည်း ပလက်ဖောင်းဈေးသည်တွေလိုပဲ လမ်းမပေါ် ပြန်ရောက်လာသည်။ ပြန်ခေါင်းထောင်လာသည်။ ပြဿနာ တစ်ခုရဲ့ 'ရင်းမြစ်'ကို သိမှ အဖြေမှန်ကို ရှာလို့ရမည်။ ရင်းမြစ်က 'ဆင်းရဲခြင်း'။

လူအများစု ဆင်းရဲနေခြင်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းသည်သာလျှင် ပြဿနာ အားလုံး၏ တစ်ခုတည်းသော 'အဖြေ'ဟု ဆိုချင်ပါသည်။

Tuesday, June 28, 2011

အာရှ၏ နောက်ဆုံးပေါ် ပြည်သူ့ကျန်းမာရေး ကပ်ဆိုး

တစ်ချိန်က လူမျိုးဖြုတ်သတ်ဖြတ်ခြင်း ဖြစ်ပွားခဲ့သောနိုင်ငံ၏ တိုက်ပွဲဝင်ပုလိပ်များပင် လွန်ခဲ့သောလ၌ဖြစ်ခဲ့သည့် လူအစုအပြုံလိုက် သေကျေပျက်စီးမှုကို ထိတ်လန့်အံ့ဩကြရသည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် 'သီဟနု'ကမ်းခြေ မြို့လေး၏ မြို့ပြင်ဘက်၌ အရှိန်ပြင်းစွာ မောင်းလာသည့် ကုန်တင်ကားသည် ခုံးကျော်တံတားမှချော်ကျပြီး အောက် တွင် မင်္ဂလာဆောင်သို့ ပျော်ရွှင်မြူးထူးစွာသွားနေသည့် လူ ၂၅ ယောက်မျှအပြည့်အကျပ်တင် ထားသည့် မီနီဘတ်စ် ကားပေါ်သို့ ထိပ်တိုက်ထိုးကျသွားခဲ့ သည်။ အကျိုးရလဒ်မှာ ကမ္ဘောဒီးယား နိုင်ငံ၏ ယာဉ်တိုက်မှုသမိုင်း၌ အဆိုးရွား ဆုံးဖြစ်ရပ်ဟု အုပ်ချုပ်သူများက ဆိုသည်။

ကုန်တင်ကားမောင်းသူအပါအ၀င် လူ ၁၉ ယောက်ခန့်သေဆုံးပြီး အများစုမှာ တိမ်းမှောက်သွားသည့် အဖြူရောင်ဘတ်စ်ကားအောက် တွင် ပိပြား၊ ပြတ်တောက် သေဆုံးနေကြ၏။ ဤအပျက်အစီးသည် ပြည်သူ့အမြန် လမ်းမ(၄)ပေါ်တွင် ဖြစ်ခဲ့သော ကြေကွဲ ဖွယ်အဖြစ် ဆိုးများထဲမှလတ်တလော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။မိုင် ၁၄၀ ရှည်သောဤလမ်းမကြီးသည် တိုင်းပြည်၏ တစ်ခုတည်းသော ရေနက် ဆိပ်ကမ်း မှ ဖနွမ်းပင်မြို့ဘက်သို့ ဆက်သွယ်ပေး ထားသော အဓိကသွေးကြော လမ်းမ ကြီးတစ်ခုလည်း ဖြစ်သည်။ အုပ်ချုပ်သူ များ ၏အဆိုအရ နိုင်ငံခြားအကူအညီ တစ်စိတ်တစ်ပိုင်းဖြင့် ဖောက်လုပ်ထားသော လမ်းမကြီးသည် အလွန်အန္တရာယ်များသော လမ်းမကြီး များဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျယ်ပြန့်၍ညီညာစွာ ခင်းထားသောကြောင့် ဘေးကင်းစွာ မောင်းနှင်သော အလေ့ အကျင့် အလွန်နည်းပါးသည့် ဤနိုင်ငံတွင် အဆင်အခြင်မရှိသော ယာဉ်မောင်းများသည် အရှိန်ပြင်းစွာ မောင်းကြသောကြောင့်ဖြစ် သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် အခြား ဆင်းရဲ သော နိုင်ငံများသည် ၎င်းတို့၏စီးပွားရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေချိန်နှင့် တစ်ပြိုင်တည်း တွင် ဤကဲ့သို့ အန္တရာယ်ကြီးမားသော လမ်းမကြီးများကို မကြာခဏဆိုသလိုပင် ရှိသင့်သော လမ်းအန္တရာယ်ကင်း ပညာပေးစနစ်မရှိ၊ စည်းကမ်းထိန်း ရဲများမရှိဘဲ ဖောက်လုပ်နေကြ၏။ ကမ္ဘောဒီးယားတွင် ကုန်တင်ယာဉ်များ အရှိန်ပြင်းစွာမောင်း သည့်မြို့ပြင်များ၌ ယာဉ်တိုက်မှုများကို ပိုမို တွေ့နေရသည် ဟု လမ်းအန္တရာယ်ကင်းရေး ကျွမ်းကျင်သူ ဆိုချီတာစန်းက ပြောသည်။

တစ်ချိန် တည်း၌ မြို့ပြလမ်းမများပေါ်တွင် ဥပဒေမဲ့စည်းကမ်းမရှိ မောင်းနှင်သော ဆိုင်ကယ်များ၊ ကားများ၊ ဆိုးဝါးသော တက္ကစီ မောင်းသူများ ပြည့်နှက်လာပြီး မြို့ပြ၏ တိုးပွားလာသော ယာဉ်မတော် တဆဖြစ်မှုများကို ဖြစ်ပေါ်စေသည်ဟု ၎င်းကဆိုသည်။

ဤအကျပ်အတည်းမှာ ငှက်ဖျား၊ HIV စသော လူသိများသည့်ကိစ္စများတွင် အာရုံထားသည့် လူမှုကူညီရေးအဖွဲ့ အစည်းများ၏ လုပ်ငန်းအစီအစဉ်များ ထဲသို့ လတ်တလောတွင် ပါဝင်လာ၏။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြို့ပြ လူဦးရေထူထပ်မှု၊ ကြီးကြပ်မှု လျော့ရဲ သော လမ်းဥပဒေ၊ ကြေမွပျက်စီးနေ သော အခြေခံအဆောက်အအုံနှင့် ပိတ် ဆို့နေသည့် ယာဉ်ကြောများသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ 'လမ်း အန္တရာယ်ကပ်ဘေးဆိုး'သို့ တွန်းပို့နေသည်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာအနှံ့အပြားတွင် လူ ၁ ဒသမ ၃ သန်းခန့်ယာဉ်မတော်တဆဖြစ်ရပ်များကြောင့် အသက်ဆုံးနေ၏။ ၎င်းတို့၏ ၉၀ ရာခိုင်နှုန်းမှာ ၀င်ငွေနည်းပါးသော၊ ၀င်ငွေအလယ်အလတ်ရှိသော နိုင်ငံများ တွင် ဖြစ်ပွား၏။ အရှေ့တောင်အာရှ နိုင်ငံများသည် ဖြစ်ပွားမှုအများဆုံး ဒေသများထဲတွင် ပါဝင်ပြီး ယာဉ်တိုက် မှုများသည် လူရွယ်ပိုင်း ဆင်းရဲသောသူ များကို အလုပ်မလုပ်နိုင်စေတော့ သော ကြောင့် ၎င်းတို့နှင့် ၎င်းတို့၏မိသားစု များကို ကြီးမားစွာ ထိခိုက်စေသည်။

ထိုသို့ လူများဒုက္ခရောက်နေသဖြင့် ၂၀၁၁ ခုနှစ်၊ မေလတွင် ကမ္ဘာ့ကုလသမဂ္ဂသည် ယာဉ်လုံခြုံရေး ၁၀ စုနှစ်ကြာ လှုပ်ရှားမှု ၂၀၁၁-၂၀၂၀ ကို စတင်မည် ဖြစ်ပြီး ထိုလှုပ်ရှားမှုကြောင့် ရန်ပုံငွေ ပိုမို ကောက်ခံရရှိနိုင်ပြီး ယာဉ်အန္တရာယ် လုံခြုံရေးလှုပ်ရှားသည့် အုပ်စု များကို ပိုမို အာရုံစိုက်လာစေမည်ဖြစ်သည်။

အချို့သော ထိခိုက်ဒဏ်ရာရသူများက ပြောသည်မှာ "၎င်းတို့သည် ယခုကဲ့သို့ လူအများ အာရုံစိုက်လာမှုကြောင့် ပျော်ရွှင်မိပါသည်။ ယခင်က လူမှုကူညီ ရေးအသင်းများသည် သူ၏ ပြဿနာကို မကူညီခဲ့ကြပါ။ သို့သော် ယခုအခါ ထိုအဖွဲ့တို့သည် ပြဿနာကိုပို၍ အလေး ထားလာပါသည်"ဟု အသက် ၃၂ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ် သမား ချန်းချန်းကပြော၏။

၎င်းသည်လွန်ခဲ့သော နိုဝင်ဘာလ၌ ဖနွမ်းပင်အမြန်လမ်းမ အမှတ်(၄)တွင် ယာဉ်တိုက်မှုဖြစ်ပြီး ညှပ်ရိုးကျိုးခဲ့သူဖြစ်သည်။ "ကျွန်တော့ မှာ မိသားစု ၁၀ ယောက်ရှိ ပြီး တစ်လ ဒေါ်လာ ၃၀၀ လောက် ၀င်ပါတယ်။ ကျွန်တော့အကြွေး ဒေါ်လာ ၂၅၀ ကို သုံးလမျှကြာအောင် ပြန်ဆပ် ခဲ့ရပါတယ်။ ကလေးတွေလည်း ထမင်း နပ်မမှန်၊ ကျောင်းလည်းမတက်နိုင်ခဲ့ပါ"ဟု ၎င်းကပြောသည်။

ဤယာဉ်တိုက်မှုများ၏ ဘေးဆိုးသည် မိသားစုများကိုသာမက တိုင်းပြည်စီးပွား ရေးကိုလည်း ကျဆုံးစေသည့် ဆိုးကျိုး များဖြစ်ပေါ် လာစေ၏။ အာဆီယံနိုင်ငံ များတွင် ယာဉ်တိုက်မှုများကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၁၅ ဘီလျံခန့် ဆုံးရှုံးနေသည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ် ကဆိုသည်။ မြန်မာ၊ လာအိုနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့တွင် ယာဉ်တိုက်မှုကြောင့် တိုင်းပြည်ထုတ်ကုန်၏ နှစ်-သုံးရာခိုင်နှုန်း ခန့် ကုန်ကျနေ၏။ ကမ္ဘောဒီးယားနိုင်ငံ သည် အဆိုးဆုံးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၌ ဒေါ်လာ ၂၄၈ သန်း၊ ၂၀၀၃ ခုနှစ်တွင် ဒေါ်လာ ၁၁၆ သန်းခန့် ဆုံးရှုံးခဲ့၏။

မည်သို့ပင်ဆိုစေ လိုအပ်သော ပြုပြင် ပြောင်းလဲမှုတို့ကို မည်သို့အကောင် အထည်ဖော်ရမည်မှာ မရေမရာဖြစ်နေ သည်။ ဆိုင်ကယ်ခေါင်းဆောင်းဥပဒေ ကို ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ တွင် လွန်ခဲ့သောငါးနှစ်ကစ၍ ထုတ်ပြန်ခဲ့ သော်လည်း အမျိုးမျိုးကွဲပြားသော ရလဒ်များကို ရနေသည်။
ကမ္ဘောဒီး ယားတွင် လမ်းပြရဲများသည် စည်းကမ်း ထိန်းသိမ်းမှု တစ်သမတ်တည်းမရှိခြင်း၊ ဆိုင်ကယ်မောင်းသူသာ ခေါင်းဆောင်း ဆောင်းရခြင်းတို့ဖြစ်နေသည်။ ဗီယက်နမ် တွင် စည်းကမ်းထိန်းသိမ်းမှု တင်းကျပ်သော်လည်း ဆိုင်ကယ်ဦးထုပ်များသည် အန္တရာယ် မကာကွယ်နိုင်သော ဈေးပေါ သည့် ပစ္စည်းဖြစ်နေသည်။ သေဆုံးမှု နှုန်း လျော့ကျအောင် ဆောင်ရွက်ရန်မှာ မလွယ်ကူလှပေ။ ဥပဒေ ထုတ်ပြန်ခြင်း နှင့် ကောင်းမွန်သောလမ်းများ ဆောက် လုပ်ခြင်းထက် ပိုမိုသော လိုအပ်မှုများရှိ နေ၏။ လမ်းအန္တရာယ် ကင်းရှင်းရေး အစိုးရအကြံပေးတစ်ဦးက ပြောသည်မှာ "လူထု၏တွေးခေါ်ထင်မြင်ချက် အယူ အဆကို ပြောင်းလဲဖို့ မျိုးဆက်တစ် ဆက်မျှ ကြာမြင့် မည်"ဟုဖြစ်သည်။