Thursday, September 1, 2011

ပထမဆုံးမြန်မာလူမျိုး ခရစ်ယာန်

ဇော်အောင် (မုံရွာ)
E-mail Print PDF


ကျွန်တော် ငယ်စဉ်က မုံရွာမြို့မှာနေစဉ် ... မက်သဒစ်ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ နေထိုင်ပါတယ်။ လမ်းတစ်ဖက်မှာတော့ ရိုမင်ကက်သလစ်ကျောင်းဝင်းက အိမ်ခြေများစွာရှိပါတယ်။ သူတို့ကို မုံရွာမြို့သားများက ဘုရင်ဂျီဘာသာဝင်လို့ ခေါ်ကြတော့ .. ကျွန်တော်တို့က ခရစ်ယန်ဘာသာဝင်၊ သူတို့က ဘုရင်ဂျီဘာသာဝင် .. မတူညီတဲ့ဘာသာ၂ခုပဲလို့ ခံယူထားပါတယ်။ အဆက်အဆံလည်း မရှိကြပေမဲ့ ခရစ်စမတ်အချိန်ကြတော့ သူတို့လည်း ခရစ်စမတ်ပွဲလုပ်ကြတယ်။ သီချင်းတွေကလည်း တူနေတော့ .. သြော် .. ဒီဘာသာနှစ်ခုက ခပ်ဆင်ဆင်ပါလား... လို့တွေးမိတယ်။ မိဘများကလည်း ဘုရားချင်း အတူတူပဲဆိုတာ ... မပြောတာလား၊ ရှင်းမပြနိုင်တာလား .. မသိတော့ပါဘူး။ နောက်ဆုံးတော့ သူတို့လဲ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားကိုပဲ ကိုးကွယ်ကြတာ အသက်အရွယ်ရောက်မှ သိရတော့တယ်။ ..


 အခုအချိန်အထိ မုံရွာသားများက ဘုရင်ဂျီလို့ခေါ်တဲ့ ရိုမင်ကက်သလစ်များနဲ့ ကျွန်တော်တို့ ပရိုစတက်တင့် (ဘက်ပတစ်) များ သိပ်ရင်းနှီးမှုမရှိလှပါဘူး။ တချို့ ရိုမင်ကက်သလစ်က ပရိုတက်စတင့်ပြောင်းလာတဲ့လူတွေ အထူးသဖြင့် အမေရိကားရောက် ဖိလစ်ပင်းလူမျိုးတွေ .. လည်း သုံးပါးတစ်ဆူ ဘုရားအတူတူ ဖြစ်တယ် ဆိုတာကို မပြောပဲ .. ရိုမင်ကက်သလစ်တွေရဲ့ မလွတ်လပ်မှု၊ ရုပ်ထုများပြားမှုတွေကို .. ဝေဖန်ပြောဆိုကြတယ်။ ဘာပဲဖြစ်ပါစေ .. ခရစ်ယာန်ဘာသာရဲ့ အရင်းအမြစ်ဟာ ဂျူးလူမျိုးဖြစ်ပြီး၊ ခရစ်ယာန်ဘာသာ မူလပထမဟာ ရိုမင်ကက်သလစ်တွေဖြစ်တယ်ဆိုတာ .. ကျွန်တော်တို့ လက်ခံရမှာပါ။

 မာတင်လူသာက ရိုမင်ကက်သလစ် ကြိုးနီစနစ်ကြောင့် မဖွယ်မရာတွေကြောင့် တော်လှန်ရေး တရပ်ဖြစ်ပွားပြီး .. ဥရောပမှာ စစ်တွေဖြစ်၊ .. နောက်ဆုံး ပရိုတက်စတင့်ဘာသာ ဖြစ်လာပြီး .. ဘုန်ကြီးလည်း မိန်မယူလို့ရတဲ့ ခရစ်ယာန် (ရှေးတုန်းက ယဇ်ပရောဟိတ်တွေလို) ဖြစ်လာကြတယ်။ ရိုမင်ကက်သလစ်တွေလည်း သူတို့စည်းမျဉ်းတွေကို .. အာဏာသိပ်မသုံးပဲ လျှော့ချလိုက်တော့တယ်။

 ကမ္ဘာ့လူမှု၊သမိုင်းပညာရှင်တွေကပါ ... ရိုမင်ကက်သလစ် နဲ့ ပရိတက်စတင့် ၂ခုစလုံးကို ခရစ်ယာန်များလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော့ ကိုယ်ပိုင်အမြင်အရလည်း လက်ခံပါတယ်။

 ဒီတော့ မြန်မာ့ ခရစ်ယာန်သမိုင်းကို ပရိုတက်စတင့်တွေ ရေးတာပဲ ဖတ်နေရတဲ့ ကျွန်တော့အဖို့ မြန်မာပြည်ရောက်တဲ့ ပထမဆုံးသော ခရစ်ယာန် ဘုန်းကြီးဟာ ဆရာကြီးယုဒဿန်ဖြစ်တယ်။ ပထမဦးဆုံးသော ခရစ်ယာန်ဖြစ်လာတာ ဦးနောဖြစ်တယ်၊ မြန်မာပြည် ခရစ်ယာန်ဘာသာ ၁၈၁၃ မှာ ရောက်လာတာ အနှစ်၂၀၀ ပြည့်တော့မယ် .. .. ဆိုတဲ့ အမြင်ရှိပါတယ်။ သမိုင်းကို နည်းနည်းပါးပါး ဖတ်ကြည့်တော့ .. လွဲမှား ပြောနေကြတာတွေ့ရပါတယ်။

 တကယ်တော့ ဗမာစာပေလေ့လာသူတိုင်း ... နတ်ရှင်နောင်နဲ့ ဓါတုကလျှာ ရတု၊ကဗျာတွေကို မဖတ်ဖူးတောင် ကြားဖူးမှာပါ။ နတ်ရှင်နောင် တောင်ငူဘုရင်ဖြစ်စဉ်မှာ ပေါ်တူဂီ ငဇင်ကာ ဆိုတဲ့ ဒီဗရစ်တိုဟာ သံလျှင်ကို ဘုရင်ခံအဖြစ် ၁၅၉၉ မှာ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ရိုမင်ကက်သလစ်ဘုန်းတော်ကြီးများ နဲ့ ဘုရားကျောင်းများ သံလျှင်နယ်မှာ မစ်ရှင်စတင်ခဲ့ပါတယ်။ နောက်ပိုင်း အနောက်ဖက်လွန်မင်းက နတ်ရှင်နောင်ရဲ့ တောင်ငူကို သိမ်းပိုက်ပြီးတဲ့နောက် .. နန်းကျဘုရင် နတ်ရှင်နောင်တယောက် ဒီဘရစ်တိုရှိရာ သံလျှင်မှာ သွားရောက်ခိုလှုံရင်း ဆက်လက်ပုန်ကန်ခဲ့ပါတယ်။ ဒီဗရစ်တို နဲ့ နတ်ရှင်နောင်တို့ တော်တော်ရင်းနှီးမှု ရခဲ့ပြီးပါတယ်။ဒီနောက်မှာ နတ်ရှင်နောင်ကို ရိုမင်ကက်သလစ်ဘာသာအဖြစ် ဘုန်းတော်ကြီးတစ်ပါးအားဖြင့် ဗတ္တိဇံမင်္ဂလာ ပေးခဲ့ပါတယ်။ ၁၆၁၃ မှာ သံလျှင်ကို အနောက်ဖက်လွန်မင်း အပြင်းအထန် တိုက်ခိုက်သိမ်းယူပြီးနောက် ဒီဗရစ်တိုကို ကွပ်မျက်ခဲ့ပါတယ်။ အနောက်ဖက်လွန်မင်းရဲ့ ညီအစ်ကိုတစ်ဝမ်းကွဲတော်သူ နတ်ရှင်နောင်ကိုတော့ သစ္စာခံရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကမ်းလှမ်းပါတယ်။ နတ်ရှင်နောင်က ရိုမင်ကက်သလစ်ခရစ်ယာန်ဖြစ်သွားပြီဆိုတော့ သစ္စာခံ၊ဘာသာစွန့်မလုပ်နိုင်ပဲ မာတုရအဖြစ် ကွပ်မျက်ခြင်းကိုပဲ ခံယူသွားပါတယ်။

 ဒါကြောင့် မြန်မာပြည်ကို ခရစ်ယာန်ဘာသာ ရောက်ရှိတာ ၁၅၉၉ ခုနှစ် (လွန်ခဲ့တဲ့ အနှစ်၄၁၀) ကပဲ၊ ပထမဆုံးသော လူသိရှင်ကြား ခရစ်ယာန်ဖြစ်လာသူကတော့ နတ်ရှင်နောင် .. လို့ ပြောရပါမယ်။



 မြန်မာစွယ်စုံကျမ်းအတွဲ အတွဲ၆ စာမျက်နှာ ၁၃၅
 
သံလျှင်ပျက်လျှင် ဗိုလ်မှုး ငစင်္ကာနှင့် နတ်သျှင်နောင်ကို လက်ရဖမ်းမိသည်။ ထို့နောက် ဓမ္မရာဇာမင်းက ငစင်္ကာအား - "ငါ အကြိမ်ကြိမ် စာပေးမှာထားသည်။ ငါ့ရန်သူကို အပ်ရမည် ဆိုသည်ကို မပေးအပ်ပဲနေသည်မှာ ယခုငါ့လက်သို့ရောက်ပြီ။ အသနားခံ၍ တောင်းပန်လျှင် ချမ်းသာပေးမည်ဟု" မိန့်တော်မူလေသည်။ ပေါ်တူဂီဗိုလ်မှုးကလည်း "ကျွန်ုပ်တွင် အပြစ်မရှိသည်ကို အဘယ့်ကြောင့် တောင်းပန်ရမည်နည်း။ အရှင်မင်းကြီး၏ ရန်သူဖြစ်ခဲ့လျှင် ခပ်သိမ်းသောသူအပေါင်းတို့၏ ရန်သူဖြစ်ရအံ့တော့လော။ ကျွန်ုပ်အား မိတ်ဖွဲလာလျှင် ကျွန်ုပ်၏ မိတ်ဆွေခင်ပွန်းဖြစ်သည်။ မိတ်ဆွေခင်ပွန်းကို အမှန် မချွတ်မယွင်း စွမ်းဆောင်ရမည်ဖြစ်၍ စွမ်းဆောင်ပေးသည့် ဓမ္မတာအတိုင်း တနေ့မွေးလျှင် တနေ့သေရမြဲဖြစ်သည်။ ယခု အရှင်မင်းကြီးလက်သို့ ရောက်၍ ပြုလိုရာ ပြုနိုင်မည်ပင်ဖြစ်တော့သည်။ သို့ရာတွင် ကျွန်ုပ်နှင့် တောင်ငူမင်းမှာ သေလျှင်သေချင်း ၊ ရှင်လျှင် ရှင်ချင်း၊ သစ္စာဂတိကြီးစွာရှိသည်။ သေလျှင်လည်း အတူ၊ ရှင်လျှင်လည်း အတူဖြစ်လိုသည်" စသဖြင့် မတုန်မလှုပ် လျှောက်ကြားသည်။ (ဒီဗရစ်တို - ရှု။) တဖန် တောင်ငူမင်းကို မေးမြန်းစစ်ဆေးပြန်လျှင်လည်း "ငါ့အကြောင်းကို စစ်မေးလျှင် ငါ့အကြောင်းကို သိပြီးပင်ဖြစ်တော့သည်။ ဤပေါ်တူဂီအမျိုးသားနှင့် ပေါင်းယှက်၍ တသွေးတသားတည်း ဖြစ်ရပြီးရကား၊ သေဘေးကို ကြောက်သာတော့မည်မဟုတ်။ ဓမ္မတာတမ်း ဖြစ်မြဲ၊ပျက်မြဲပင်။ ငါတစ်ယောက်တည်းသာ ဖြစ်ရ ပျက်ရသည်မဟုတ်။ လက်သို့ ရောက်သည်ဟု သတ်သော်လည်း ကိုယ်ကာယ အလောင်းသာသေမည်၊ အသက်ကို စိုးပိုင်သည်မဟုတ်၊ ပြုလိုရာ ပြုလေ၊ ခံမည်" ဟူ၍ မိန့်တော်မူလျှင် တောင်ငူမင်းနှင့် ငစင်္ကာတို့ကို သက္ကရာဇ် ၉၇၄ ခု တန်ခူးလပြည့်ကျော် ၃ရက် စနေနေ့တွင် သံလျှင်မြို့ ဈေးလယ်၌ ကားကြက်၍ ကွပ်မျက်သည်။ သံလျှင်တွင် အနိစ္စရောက်ရသည်ကို အကြောင်းပြု၍၊ နတ်လျှင်နောင်ကို သံလျှင်ရောက် မင်းတရားဟူ၍ တွင်သည်။ နတ်လျှင်နောင်သည် ကွယ်လွန်သည့်အခါ၌ အသက် ၃၅နှစ် အရွယ်မျှသာ ရှိသေးသည်။
 

 ဇော်အောင် (မုံရွာ)

 Ref:
1.  
http://en.wikipedia.org/wiki/Natshinnaung
2. Burmese Encyclopedia Volum 6, Page 139

No comments: