Showing posts with label့ ပြည်တွင်းသတင်း. Show all posts
Showing posts with label့ ပြည်တွင်းသတင်း. Show all posts

Wednesday, November 30, 2011

 ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတမှ လမ်းညွှန်ထားကြောင်း သိရ ၊ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ(၅ လမ်းခွ) လမ်းဆုံတို့အား ၄ လ အတွင်း ဂုံးကျော်တံတားများ အပြီးတည်ဆောက်သွားမည်

လူဦးရေ ၆ သန်းမှ ၇ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
 ၄ လနဲ့ အပြီးဆောက်မယ့် ဂုံးကျော်များ
လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့် နောင်နှင့် တာမွေ(၅ လမ်းခွ)လမ်း ဆုံများတွင် ဂုံးကျော်တံတားများ တည်ဆောက်ရာတွင် ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။
“နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု ကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေ များလာလို့ ဂုံးကျော်တံတားကိုလာ မယ့်လေးလအတွင်းအပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့အ ပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန် ရမှာပေါ့။ ခင်ဗျားတို့မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကြပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွား တယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုး တွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေ အတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကြပ်နေလို့ ဘုရင့်နောင်တံတားရဲ့မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလ နဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း ကွန်ယက်ကိုလည်း ရန်ကုန်မှာဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။ လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။ အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ ယူရမယ်။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်း နဲ့ ၇ သန်းရှိလာတဲ့အခါမှာ မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့ ကျွန်တော်တို့ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီ လို့ပြောချင်တယ်။ ဂုံးကျော်တံတား တွေ အများကြီး ဖြစ်သင့်တာပေါ့။ လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card  စနစ်နဲ့လုပ်ဖို့ စီစဉ်ထားတယ်”ဟု အမှတ် (၁)၊(၂) စက် မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “လှည်းတန်းဂုံးကျော်အတွက် ကမ္ဘောဇ ဘဏ်က ငွေချေးယူပြီး လုပ်မယ်။ တာမွေ ၅ လမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်ကချေးယူပြီး လုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် လမ်းဆုံဂုံးကျော်တွေ အတွက်ကတော့ တာဝန်ယူမယ့် ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ B.O.T စနစ်နဲ့ လုပ်သွားမှာပါ။ တည်ဆောက်တဲ့အခါ လမ်းတွေကို ပိတ်ပြီးမဆောက်ဘူး။ မလှမ်းမကမ်းမှာ တံတား အချပ်တွေကို အရင်လုပ်မယ်။ ပြီးရင် ဂုံးကျော်ဆောက်မယ့်နေရာမှာ ပိုင်တွေရိုက်ပြီး ကရိန်းတွေနဲ့ တပ်ဆင်မှာ ဖြစ်လို့ လမ်းလည်းမပိတ်တော့ဘူး”ဟု ပြောကြားခဲ့သည်။

မိုးပျံရထားလမ်းအတွက် စင်ကာပူနဲ့ချိတ်ပြီး ရင်းနှီးမြှုပ်နှံသူရှာ
ရန်ကုန်တွင် မိုးပျံရထားလမ်း တည်ဆောက်ရန်အတွက်လည်း စင်ကာပူနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေနေပြီဖြစ်ကြောင်း၊ မြို့ပတ်ရထားလမ်း ကွန်ယက်အား တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ဆွေးနွေး ရယူလုပ်ကိုင်နိုင်ကြောင်း သိရသည်။
“စင်ကာပူနဲ့ချိတ်ဆက် ပြီးတော့လည်း Sky Rail လုပ်ဖို့ Investment  လုပ်ဖို့ ရှာဖွေနေပါပြီ။ စင်ကာပူ သံအမတ်ကြီးကိုလည်း ပြောကြားထားပြီးပါပြီ။ မြို့ပတ်ရထားလမ်း လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေလည်း လာရောက်ဆွေးနွေးပြီး ရယူလုပ်ကိုင်မယ်ဆို ခွင့်ပြုပေးသွားဖို့ ရှိပါတယ်”ဟု အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

လမ်းပျက်တွေကိုလည်းပြင် ရေဆိုးစွန့်ထုတ်တဲ့ စနစ်ကိုလည်းပြင်၊ ကားပါကင် ပြဿနာပါ ဖြေရှင်းမယ့် ရန်ကုန်
ရန်ကုန်မြို့တွင်းအပြင် မြို့ပြင် မြို့နယ်များရှိ လမ်းပျက်များကိုလည်း ပြင်ဆင်ရန် ညှိနှိုင်းထားကြောင်း နှင့် ရေဆိုးစွန့်ထုတ်စနစ်၊ မိလ္တာစနစ်မှအစ ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“ပျက်နေတဲ့ လမ်းတွေအမြန် ပြင်ဆင်မယ်။ သာကေတတို့လို မြို့ပြင်ဘက်က ပျက်နေတဲ့ လမ်းတွေကိုလည်း အမြန်ပြင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်နဲ့ ညှိနှိုင်းပြီးအမြန်လုပ် သွားမယ်။ ကျွန်တော့်ဘက်က မြို့ တော်ဝန်ကို ညှိနှိုင်းထားတယ်။ နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့  ညပိုင်းပဲပြင်ဖို့။ နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။ ဂျပန်၊ အင်္ဂလန်တို့ဆိုရင် ည သန်းခေါင်ကျော်မှပြင်တယ်။ ဒါတွေကိုလည်း စတင် အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ရန်ကုန် မြို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်မယ်။ နီးနီးနဲ့လွယ်လွယ်၊ ရေသန့်သန့်ရဖို့ ဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ ဟာ လွန်ခဲ့တဲ့ အင်္ဂလိပ်လက်ထက် ကတည်းက တည်ဆောက်ခဲ့တာဆိုတော့ အခုကျွန်တော်တို့ သန့်ရှင်း သပ်ရပ်အောင် လုပ်တော့မယ်။ ပြည်ပက အကူအညီရရင်လည်း ယူပြီး လုပ်သွားမယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်ဆိုရင် ပျက်နေတာတွေကို မပြင်တော့ဘူး အသစ်ပဲ လုပ်တော့မယ်။ ကားပါကင်ထားဖို့ အတွက်လည်း လုပ်ဆောင်ဖို့စီစဉ်ထားပါပြီ” ဟု လည်း ဆက်လက်ပြောကြားခဲ့ပါ သည်။

ပင်စင်ယူပြီး အိမ်ပိုင်မရှိသည့် ၀န်ထမ်းများ မဖြစ်စေရေး ၀န်ထမ်းအိမ်ရာသစ်များ တည်ဆောက်မယ့် အစီအစဉ်ကောင်းပါရှိ
“၀န်ထမ်းတွေ အသက် ၆၀ ကျော်လို့ ပင်စင်ယူပြီးရင် အိမ်မ၀ယ်နိုင်တာ များပါတယ်။ အဲဒီလိုမဖြစ်ဖို့တွက် ရန်ကင်းမှာလို ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာတွေပါ တည်ဆောက် ပေးတဲ့ အစီအစဉ်လည်းပါ ပါတယ်။ မြို့ထဲမှာတော့ မရနိုင်ဘူး ဒါပေမယ့် သင့်တော်တဲ့နေရာရှာပြီး ဆောက်မှာပါ။ ၀န်ထမ်းတွေက လစဉ်ပေးရင်း ပေးရင်းနဲ့အပိုင် ဖြစ်သွားမယ့်မှာပေါ့။ အခုလိုလုပ်ရင် အိမ်ပိုင်လည်းရသွား မှာပေါ့”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် နောက်ပိုင်း၌ စင်ကာပူကဲ့သို့ပင် ယာဉ်လိုင်းများနှင့် ယာဉ်စီးခပေးသည့် စနစ်များ အထိပါ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်လုပ်ဆောင်ရင်းဖြင့် ရန်ကုန်အား ကုစားပေးမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရန်ကုန်အတွက် အဓိကကျတဲ့ Yangon City Development Plan ရေးဆွဲပြီး လုပ်မယ်
ရန်ကုန်မြို့ကုစားရေးအတွက် အဓိကကျသည့် Yangon City Development Plan အား ရေးဆွဲကာ အဆိုပါ Plan  အတိုင်း ပြည်တွင်း ပြည်ပ အကူအညီများဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
“Yangon City Development Plan  ကိုရေးဆွဲပြီး လုပ်မှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန် မြို့တော်စည်ပင်တို့ ရှိပြီးဖြစ်တဲ့အတွက် သူတို့တွေနဲ့ ရေးဆွဲ လုပ်ဆောင်မှာပါ။ အဓိကျတာက Yangon City Development Plan ပါ” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

Tuesday, October 4, 2011

ချင်းတိုင်းရင်းသားများ ဘူးသီးပလွေ အသုံးပြုမှု လျော့နည်းလာ

ချင်းတိုင်းရင်းသား လူမျိုးစုများသည် တောင်တစ်တောင် ကျော်လျှင် စကားတစ်မျိုး လူမျိုးတစ်မျိုးဟု ဆိုနိုင်ပြီး၊ ချင်းတောင်ပေါ်တွင် ချင်းတိုင်းရင်းသား လူမျိုးစုပေါင်း ၅၀ ၀န်းကျင်ရှိသည်ဟု ဆိုသော်လည်း ချင်းတိုင်းရင်းသားတို့၏ အနုပညာ၊ တေးဂီတ၊ အသုံးပြုသည့် ကိရိယာများမှာ အများအားဖြင့် တူညီကြသည်။ ထိုအထဲတွင် ဗုံတို၊ မောင်း၊ ကျွဲချို၊ ဘူးသီးပလွေဟူ၍ ရှိရာ ယခုအခါ ထိုဘူးသီးပလွေ ခေါ် (ငြင်း)ကို အသုံးပြုမှု နည်းပါးလာပြီး၊ တေးသီချင်းအဖြစ် တီးမှုတ်တတ်သူပင် နည်းပါးလာပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဘူးသီးပလွေက ကုလားနှဲနဲ့ ဆင်ဆင်တူတယ်။ ဒါပေမယ့် အသံနှင့် အသုံးပြု တီးမှုတ်မှုကျတော့ ကွာသွားတယ်။ ဟိုတုန်းကတော့ ပွဲလမ်းသဘင် ကျင်းပတော့မယ်ဆိုရင် ဖလမ်း၊ ဟားခါး တီးတိန်၊ လူရှိုင်းမှာ ဘူးသီးပလွေ မပါမပြီး သုံးကြတယ်။ အခုတော့ အသုံးပြုမှု နည်းသွားသလို ဘူးသီးပလွေ ခေါ်တဲ့ (ငြင်း)တူရိယာကို အသစ်ထုတ်လုပ်မှုလည်း မတွေ့ရတော့ဘူး။ အဟောင်းကိုပဲ ငှားရမ်း အသုံးပြုနေကြတယ်” ဟု ချင်းတိုင်းရင်းသား တစ်ဦးက ပြောပါသည်။


ယခု ချင်းတိုင်းရင်းသားတို့ အသုံးပြု တီးမှုတ်သည့် ငြင်းခေါ် ဘူးသီးခြောက် ပလွေမှာ သံစဉ် ၇ မျိုး သီဆို တီးမှုတ်နိုင်သည်။ ချင်းရိုးရာ တူရိယာတွင် ကျွဲချိုတီးခတ်မှုနှင့် ဗုံတို၊ မောင်းတို့က စည်းချက်၊ ၀ါးချက်ညီညီ တီးရသည်။ ဘူးသီးခြောက် ပလွေခေါ် (ငြင်း) တူရိယာမှာ တေးသွားသံစဉ် အနိမ့်အမြင့် အတိုင်း တီးမှုတ်ရသည်ဖြစ်၍ ယခင် ရှေးကာလက ဘူးသီးခြောက် ပလွေမှာ မပါမဖြစ် ပါရသည့် အဓိက တူရိယာဖြစ်သည်ဟု ဆိုသည်။

ယခုအခါမှာ ဘူးသီးခြောက် ပလွေမှုတ် တတ်သူနည်းပါးလာ၊ အသုံးပြုမှုလည်း နည်းလာသည်။ အဆိုပါ ဘူးသီးခြောက် ပလွေခေါ် ငြင်း တူရိယာကို ချင်းတောင်တွင် ၅၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ် အထိ ပေးဝယ်ရကြောင်း သိရသည်။

Monday, September 12, 2011

ပြည်ပမှ ကားတင်သွင်းခွင့်များ ပေးတော့မည်၊ နိုင်ငံခြား ကားကုမ္ပဏီများကိုလည်း ကားအရောင်းပြခန်း လာရောက်ဖွင့်လှစ်ခွင့် ပြုမည်

သက်တမ်းရင့် ကားအိုကား ဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးခွင့် ပြုသွားမည့်အပြင် ပြည်ပမှ ကား တင်သွင်းခွင့်များအား အကန့်အ သတ်ဖြင့်ပေးရန်အစီအစဉ်ရှိ ကြောင်း သတင်းရရှိပါသည်။

ပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီး သွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြား တွင် တရားဝင်သွားရောက်အလုပ် လုပ်နေသူများနှင့် သင်္ဘောသားများ သည် နိုင်ငံတော်ဘဏ်များတွင် တရားဝင်နိုင်ငံခြားငွေစုဆောင်းထား ရှိပါက မော်တော်ယာဉ်ဝယ်ယူခွင့် ပါမစ်အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဂျပန်၊ တရုတ်၊ အိန္ဒိ ယ၊ ကိုရီးယား၊ မလေးရှားနှင့်ထိုင်း နိုင်ငံတို့မှ နိုင်ငံခြားကားထုတ်လုပ် သည့် ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ယာဉ်အရောင်းပြခန်း Show Room များ ဖွင့်လှစ် ရောင်းချနိုင်ရေး ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ထိုသို့အရောင်းပြခန်း Show Roomများမဖွင့်လှစ်နိုင်မီသေးမီ ကာလအတွင်း၌မူ ကားအိုကားဟောင်းများ ဖြစ်သည့် မှတ်ပုံတင် သက်တမ်း အနှစ် ၄၀ ကျော် ယာဉ် များကို ယာဉ်သစ်များဖြင့် လဲလှယ် ရာ၌ ကားဝယ်ယူခွင့်ပါမစ်များ ဖြင့်သာ နိုင်ငံခြားမှ တင်သွင်းကြရမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထုတ်ပြန်ချက်အရ နိုင်ငံတော် ရှိ အများပြည်သူအနေဖြင့် မော်တော် ယာဉ်အရောင်းပြခန်း Show Room များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင် သွင်း၍ဖြစ်စေ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ၀ယ်ယူ သုံးစွဲခွင့်ရသည်အထိ ဆောင်ရွက် ပေးသွားရန်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ထုတ်ပြန်ပေးမှု အပေါ် လုပ်ငန်းရှင်များနှင့် စီးပွား ရေးဆိုင်ရာအသင်းအဖွဲ့များတွင်ပါဝင် လုပ်ဆောင်နေသူများက ထင်မှတ်မထားသည့် အပြောင်းအလဲတစ်ခု အားဖြေလျော့ပေးခြင်းဖြစ်၍ ဆက်လက်၍ အများပြည်သူ မျှော်လင့်နေသည့် အပြောင်းအလဲများ အတွက်ပါ မျှော်လင့်ချက်ထား၍ ရလာနိုင်ကြောင်း သုံးသပ်ကြသည်။

“လုပ်သင့်တာ ကြာခဲ့ပါပြီ။ လုပ်သင့်တာ ကြာခဲ့တာကို လုပ်ပေးတဲ့ အတွက် အစိုးရသစ်ရဲ့ လုပ်ဆောင်ပေးမှုအပေါ် ကြိုဆိုပါတယ်။ ဒီပြောင်းလဲပေးမှု တစ်ခုကိုကြည့်ပြီး နောက်ပိုင်း မျှော်လင့်ထားတဲ့ အပြောင်း အလဲတွေအတွက်တော့ မျှော်လင့်ချက်တွေ ပိုရှိလာပါတယ်”ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်ကလည်း ပြောကြားခဲ့ပါသည်။

“အများပြည်သူ သယ်ယူပို့ ဆောင်စရိတ်တွေမြင့်တက်မှု ဒဏ်ခံရတာတွေ လျော့ကျသွားနိုင်သလို အများပြည်သူ အန္တရာယ်ကင်းတဲ့ ကား အသုံးပြုခွင့်ရမှာပါ။ အဲဒီအတွက် အစိုးရသစ်ရဲ့ပြောင်းလဲပေးမှုကို ကြိုဆိုပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးအောင်သန်းဦးက သုံးသပ်ခဲ့သည်။

“ထုတ်ပြန်ထားချက်အရ ဆိုရင် နိုင်ငံခြားငွေ တရားဝင်ရရှိပြီး ဘဏ်တွေမှာ စုဆောင်းထားတာရှိ တဲ့သူ ဘယ်သူမဆိုကို ပါမစ်ပေးသွားမယ်လို့ ပါရှိတယ်။ နိုင်ငံခြားငွေ မရှိသေးတဲ့သူတွေကတော့ အနာဂတ်မှာ နောက်တစ်ဆင့် အနေနဲ့ပေးမယ့် သဘောလည်းပါရှိတယ်။ အခု အကန့်အသတ်လေး ရှိတယ်ဆိုပေမယ့်လည်း တစ်ဆင့်ချင်းပြောင်းလဲ သွားမှာဖြစ်လို့ အစိုးရသစ်ရဲ့ အခု ထုတ်ပြန်ချက်အပေါ်မှာ ၀မ်းသာကြိုဆိုပါတယ်။ လွယ်လွယ်နဲ့လုပ်မပေးပါဘူးလို့ ထင်ထားတဲ့အရာတစ်ခု ကိုလုပ်ပေးခဲ့တာမြင်ရလို့နောက်ပိုင်း မှာလည်း အများပြည်သူ မျှော်လင့်နေတဲ့ အပြောင်းအလဲတွေအထိ သွားမယ်ဆိုတာကိုပါ ယုံကြည်စိတ် ဖြစ်လာတယ်လို့ ပြောရမှာပါ။ ကြိုဆိုပါတယ်။ ကားတင်သွင်းခွင့်ပိတ်ထား လို့ အများပြည်သူ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်တာတွေ ခံစားနေရတာတွေပါ လျော့ကျသွားမှာဖြစ်လို့ ၀မ်းသာစရာပါ။ မီဒီယာတွေက လည်း ကားတင်သွင်းခွင့်ပိတ်ထား တဲ့ကိစ္စကို မကြာခဏ ရေးသားကြသလို ကျွန်တော်တို့ အသင်းအဖွဲ့တွေ အနေနဲ့လည်း တင်ပြမှုတချို့ ရှိခဲ့ကြ တယ်။ ဆိုလိုတာက မီဒီယာတွေရဲ့ ဖော်ပြချက် ကျွန်တော်တို့လုပ်ငန်း ရှင်တွေရဲ့ တင်ပြချက်တွေကို အလေးထားပေးတာတွေ့ရလို့ နောက်ဆိုရင် ဘာအခက်ခဲပဲရှိရှိ တင်ပြရဲလာကြတော့မှာ ဖြစ်လို့ အစိုးရသစ်နဲ့ ပြည်သူဆက်ဆံရေးက ပိုပြီးတန်ဖိုးရှိလာတယ်လို့ မြင်ပါတယ်။ အရင်ကလို ချင့်ချိန်ပြီး တင်ပြနေရတာ မျိုးတွေမရှိလို့ပိုပြီး မြင်သာလာမယ် လို့ထင်ပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းကြိုင်က သုံးသပ်ပြောကြားခဲ့ပါသည်။

Saturday, August 20, 2011

ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့လျှော့ပေါ့သတ်မှတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းအစား ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၅၇/၂၀၁၁ ကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနသည် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄ တွင်အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၁) မှ သဘောတူခွင့်ပြုချက်အရ ဤအမိန့် ကြော်ငြာစာကိုထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဤအမိန့်ကြော်ငြာစာသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့အထိ ၆ လအကျိုး သက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအမိန့်ကြော်ငြာစာကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း၏ လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Saturday, August 6, 2011

ထိုင်းနိုင်ငံ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ဖြစ်ပြီ

ထိုင်းဝန်ကြီးချုပ်အသစ် ယင်လက်
ထိုင်းဝန်ကြီးချုပ်အသစ် ယင်လက်



နိုင်ငံရေး မုန်တိုင်း ထန်နေဆဲတွင် ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် အနေဖြင့် ယင်လက်ရှင်န၀တ်ထရာ ဖြစ်လာသည်။ သောကြာနေ့က ပါလီမန်တွင် ကျမ်းသစ္စာခံယူအပြီးတွင်
အပြတ်အသတ် အောင်ပွဲရပါတီ ခေါင်းဆောင်အနေဖြင့် ၀န်ကြီးချုပ်ဖြစ်သည်။

နိုင်ငံရေးဝါ နုငယ်သေးလွန်းသည့်  ယင်လက်မှာ ဖြုတ်ချခံခဲ့ရသည့် ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ါထရာ၏ ညီမဖြစ်ပြီး အမတ် ၅၀၀ ထဲက အမတ်၂၉၆ ဦးက အပြတ်အသတ် ထောက်ခံချက်ဖြင့် ၀န်ကြီးချုပ် ဖြစ်လာခြင်းပင်။ မိတ်ဖက်ပါတီများ၏ ထောက်ခံမှုကိုလည်း ရထားသည်။

“ဒီလွှတ်တော်မှာ ယင်လက်ဟာ သာမန်မျှသာ အနိုင်ရရှိသူမဟုတ်ပါဘူး။ အများစုကြီးရဲ့ ထောက်ခံမှုကို ရထားပြီး ၀န်ကြီးချုပ်ဖြစ်လာသူပါ။” လွှတ်တော် ဥက္ကဌဖြစ်သူ ဆွမ်ဆက် ကီယက်ဆူရနော့က ပြောခဲ့သည်။
ယင်လက်၏ Puea Thai ပါတီနှင့် မဟာမိတ်ပါတီများက ပါလီမန်တွင် ငါးပုံ သုံးပုံ နေရာရခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီကို အပြတ်အသတ် အနိုင်ရ အောင်ပွဲ ခံခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ၂၈ ယောက်မြောက် ၀န်ကြီးချုပ်ဖြစ်လာသူ အနေဖြင့် ရာထူးကို တရားဝင် ဖြစ်စေရန် တော်ဝင်ဘုရင့် ထောက်ခံမှုကို ယူရဦးမည်ဖြစ်သည်။

တိုင်းပြည်တွင်း ငြိမ်သက်မှုကို တည်ဆောက်နိုင်ရန်မှာ သူမ၏ ပထမဆုံး စိန်ခေါ်ချက်ဖြစ်မည်။ ၂၀၀၆ ခုနှစ်ကတည်းက စစ်တပ်က သူမ၏ အကိုဖြစ်သူ  ၀န်ကြီးချုပ် တက်ဆင်ထံမှ အာဏာ သိမ်းပိုက်ခဲ့ပြီး ကတည်းက နိုင်ငံရေး မငြိမ်မသက် ဖြစ်နေသည်မှာ ငါးနှစ်တာကာလ ရှိပြီဖြစ်သည်။

“ကျနော်တို့ဟာ အင်မတန်မှ ကြီးလွန်းလှတဲ့ ပဋိပက္ခကြားမှာ ရှိနေတာပါ။ ဘယ်သူ အစိုးရဖြစ်သင့်သလဲ၊ ဘာတွေ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အပေါ်မှာလည်း အမြင်တွေက မတူကြပါဘူး။” ထိုင်းနိုင်ငံရေး လေ့လာသူ ခရစ်ဘေကာက ဆိုသည်။

စည်းမျဉ်းခံ ဘုရင်စနစ်ကို တည်ဆောက်နိုင်ခဲ့သည့် ၁၉၃၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် အာဏာသိမ်းရန် ကြံစည်မှု (သို့မဟုတ် ) အာဏာသိမ်းမှု ၁၈ ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းကာလများအတွင်း ၄ နှစ် သက်တမ်းပြည့် တာဝန် ထမ်းဆောင်နိုင်ခဲ့သည့် တစ်ဦးတည်းသော ၀န်ကြီးချုပ်မှာ တက်ဆင်ပင်ဖြစ်သည်။
အကိုဖြစ်သူ၏ “ကလုံး” ဟူ၍ သတ်မှတ်ထားသော ယင်လက် ၀န်ကြီးချုပ် ဖြစ်လာခြင်းကို လေ့လာ အကဲခတ်သူများ အံ့အား သင့်ခဲ့ကြသည်။

ဥပဒေပြု အမတ်နေရာ ၅၀၀ အနက် ၃၀၀ ရရှိစေရန် ၆ ပါတီ ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်သည်။
နှုတ်ထွက်ရမည့် ၀န်ကြီးချုပ် အဘိဆစ်ဝိတ်ချာချီဝကို နိုင်ငံရေး မျက်နှာသစ် အဖြစ် စိန်ခေါ်ခဲ့သူအနေဖြင့် အပြတ်အသတ် အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

လေ့လာသူ ဘေကာက ပါလီမန်တွင် အမတ်နေရာ အများစု ရရှိထားမှုနှင့် အမျိုးသားရေး တက်ကြွသော တက်ဆင်၏ ပြိုင်ဘက် အုပ်စု “ရှပ်ဝါများ” ၏ ဆန္ဒပြလှုပ်ရှားခြင်း အားနည်းနေမှုနှင့် စစ်တပ်အပေါ် ပြည်သူ့ထောက်ခံမှု အပြည့် မရရှိမှုတို့က ယင်လက်အနေဖြင့် အသက်ရှုချောင်မည့် အနေအထားဖြစ်သည်ဟု ဆိုပါသည်။
 သို့သော် “ရှပ်နီများ” ၏ ဖိအားပေး ဆန့်ကျင်မှုကို ခံရဖွယ်ရှိသည်ဟု သုံးသပ်သည်။ ၂၀၀၁-၂၀၀၆ တက်ဆင်ကာလများအတွင်း ရှပ်နီအများစုက သူ့ကို ထောက်ခံခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် ဧပြီ-မေလများအတွင်း ဆန္ဒပြမှုများကို တရားမျှတမှုဖြစ်အောင် ယင်လက်က ဆောင်ရွက်မည်ဟု မျှော်လင့်ထားသည်။ ဆန္ဒပြပွဲများအတွင်း လူ ၉၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
သူမ၏ ရွေးကောက်ပွဲကာလ မဲရစေခဲ့သည့် ကတိများဖြစ်သည့် အနိမ့်ဆုံး လုပ်အားခနှင့် လယ်သမားများအတွက် စပါးဈေးနှုန်း တိုးပေးရန် ကိစ္စရပ်များကိုလည်း လေ့လာ စောင့်ကြည့်နေကြသည်။ Bank of Thailand ကလည်း ဤသို့လုပ်ဆောင်ပါက ငွေကြေးဖေါင်းပွမှု ဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။

နှုတ်ထွက်မည့် ၀န်ကြီးချုပ် အဘိဆစ်ဝိတ်ချာချီဝက ကြာသပတေးနေ့တွင် တိုင်းပြည်သို့ နောက်ဆုံး မိန့်ခွန့်ပြောကြားခဲ့သည်။ သူ၏ စီးပွားရေး မူဝါဒများကို ခုခံကာကွယ်ပြောဆိုခဲ့ပြီး အစိုးရအသစ် အနေဖြင့် နိုင်ငံရေး ပဋိပက္ခများကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

Wednesday, August 3, 2011

မြန်မာ ကျောင်းသားများ အတွက် ပညာသင်ဆု နှင့် Bursary များ ပေးအပ်ရန် သြစတြေးလျ နိုင်ငံ အနောက် ပိုင်းရှိ အကြီးဆုံး တက္ကသိုလ် စီစဉ်

ထူးချွန်ထက်မြက်သည့် မြန်မာ ကျောင်းသား ကျောင်းသူများ အတွက် ပညာသင်ဆုနှင့် Bursary  များပေး အပ်ချီး မြှင့်ရန် သြစတြေးလျ နိုင်ငံ အနောက်ပိုင်း ရှိအကြီးဆုံးတက္ကသိုလ် ဖြစ်သော Crutin University က စီစဉ်ထားကြောင်း YIUS မှတာဝန် ရှိသူတစ်ဦး ဖြစ်သည့် မခက်ခက်က ပြောကြားသည်။

“ဇူလိုင်လကုန်မှာ ကျင်းပမယ့် Curtin University ရဲ့ ပညာရေး ဆွေးနွေးပွဲမှာ ထူးချွန်မြန်မာ ကျောင်း သားများ အတွက် ပညာသင်ဆုနဲ့ Bursary များပေးအပ်ဖို့စီစဉ်ထား ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ Curtin Universtiy မှ Ms. Corrinne Li ကိုယ်တိုင် လာရောက် ဆွေးနွေးမှာပါ။ အခြေခံ ပညာ အထက်တန်း အောင်မြင် ပြီးသူများ၊ ဘွဲ့ကြိုဘွဲ့ရနဲ့ ကျောင်း သား မိဘတွေလည်း အခမဲ့တက်ရောက် နိုင်ပါတယ်” ဟု မခက်ခက်က ရှင်းပြ သည်။

Curtin University သည် သြစတြေးလျနိုင်ငံ အနောက်ပိုင်းရှိ အကြီးဆုံး တက္ကသိုလ်ဖြစ်ပြီး နိုင်ငံ ပေါင်း စုံမှ ကျောင်းသားဦးရေ ၄၀,၀၀၀ ကျော်သည် အဆိုပါ တက္ကသိုလ် ဃောစကျ campus ၁၆ ခုတွင်တက်ရောက် လျက်ရှိကြောင်း၊အင်ဂျင်နီယာ ပညာ ရပ်၊ ကွန်ပျူတာ၊ စီးပွားရေးနှင့် ကျန်းမာရေး သိပံ္ပ၊ ဗိသုကာပညာ၊ ရုပ်ရှင်နှင့်ဒီဇိုင်း၊ လူ့စွမ်းအား အရင်း အမြစ်၊ သူနာပြုနှင့် ဥပဒေပညာရပ် များကို ပါရဂူအဆင့် အထိ တက် ရောက်သင်ကြား နိုင်ကြောင်း သိရ သည်။ အဆိုပါ ဟောပြောပွဲကို ဇူလိုင် ၃၀ ရက် နေ့လယ် ၁ နာရီတွင် ရန် ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၊ ကုန်းဘောင် တကောင်း ခန်းမတွင် ကျင်း ပခဲ့ကြောင်း သိရသည်။

မိုးသက်ကို
The Myanmar Post

Friday, July 29, 2011

ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ် လျှောက်ထားသူ ၄၀၀၀၀ ကျော်ရှိပြီး တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်နှုန်းဖြင့် ရောင်းချသွားမည်


ငွေကျပ် ၅၅ သိန်းတန် မြန်မာ မီနီဆလွန်း မော်တော်ယာဉ်အစီးရေ ၃၀၀ ကျော် ရောင်းချပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တစ်လလျှင် အစီးရေ ၁၀၀ ၀န်းကျင်နှုန်းဖြင့် ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အထွေထွေ အကြီးစားစက်မှု လုပ်ငန်းမှ
ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးသောင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ငွေကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်း မော်တော်ယာဉ်များကို ထုတ်လုပ်နိုင်မှု ပမာဏ နည်းနေသေးသည့်အတွက် ၀ယ်ယူလိုသူများထံ စိစစ်ရောင်းချပေးလျက်ရှိကြောင်း၊ နောက်ပိုင်းတွင်
သုံးစွဲလိုသူများ လွတ်လပ်စွာ ၀ယ်ယူနိုင်ရန်အတွက် မော်တော်ယာဉ်များကို တိုးမြှင့်ထုတ်လုပ်သွားနိုင်ရန် စီစဉ် လျက်ရှိကြောင်း ၎င်းကပြောပြခဲ့သည်။

လက်ရှိအချိန်တွင်  မြန်မာမီနီ ဆလွန်းမော်တော်ယာဉ် လျှောက်ထားသူ အရေအတွက် ၄၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါလျှောက် ထားသူများအနက် အမှန်တကယ် စီးနင်းမည့် လျှောက်ထားသူများကို
ရွေးချယ်ချထားပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၀ယ်ယူခွင့်ရရှိသူ များကိုလည်း ပြန်လည်ရောင်းချမှု များ မပြုလုပ်ကြရန် အသိပေးမှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

“လက်ရှိအချိန်အထိ မြန်မာမီနီဆလွန်း မော်တော်ယာဉ်အစီးရေ၃၀၀ ကျော်ရောင်းချပေးပြီး ဖြစ်ပါတယ်။ ထုတ်လုပ်နိုင်မှု ပမာဏနည်းနေသေး တဲ့အတွက် စိစစ်ချထားပေးတဲ့စနစ် နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာမီနီဆလွန်း မော်တော်ယာဉ်ဝယ်ယူနိုင်ဖို့ လျှောက်ထားတဲ့ လျှောက်လွှာ အရေအတွက်ကလည်း ၄၀၀၀၀ ကျော်အထိရှိနေတဲ့ အတွက် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်အောင်လည်း စီစဉ်နေ ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းမော်တော်ယာဉ်များကို အ မှတ်(၂)စက်မှုဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ပြီး ၀န်ကြီးရုံးမှ စိစစ်ချထားပေးလျက် ရှိကြောင်းနှင့် အဆိုပါ မော်တော်ယာဉ်များကို ၂၀၁၀ ပြည့် နှစ်အတွင်း စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး

တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Saturday, July 23, 2011

၂၀၃၀ ခုနှစ် ပင်လယ် ရေအောက် ရောက်တော့မည့် ဘန်ကောက်မြို့

တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများစုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့ပင်လယ်ရေအောက် နစ်မြှုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူများက ဖြစ်လာမယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့ မည်သည့်ပေါ်လစီမှ ပြင်ဆင်မှုမရှိသေးသည့်အတွက် အစိုးရကို အပြစ်တင်နေကြသည်။

ကျရောက်မည့် သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးက၊ ပြည်ပြေး သက်ဆင်ရဲ့ နှမလေး၊  ဇူလိုင် ၃ ရက်နေ့မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ခွန်ယင်လပ် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမည်။

ကလေးတစ်ယောက် လက်ပ်တော့ ကွန်ပျူတာတစ်လုံး ပေးမယ့် ခွန်ယင်လပ် အတွက်၊ ဘန်ကောက် ရေအောက်မရောက်အောင်  ကြိုတင်လုပ်ဖို့က အဓိက အရေးပေါ်တာဝန် ဖြစ်လာမည်။

ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ရေ မြင့်တက်မှု၊ ပင်လယ်ကမ်းရိုးတမ်းများ တိုက်စားပြိုကျမှု စတဲ့ ပေါင်းစု ပျက်စီးမှုများကြောင့် ကျောက်ဖရား မြစ်ဝကျွန်းပေါ်ရှိ ဘန်ကောက်မြို့ကြီးရဲ့ နိဂုံးကံကြမ္မာမှာ မတွေးဝံ့စရာ ဖြစ်သည်။

အယုဒ္ဓယမြို့တော် မြန်မာများရဲ့ ဖျက်ဆီးခံရပြီးနောက်၊ ၁၇၈၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် ချာကရီမင်းဆက်က ဘန်ကောက်မြို့တော်ကို စတင်တည်ထောင်အုပ်စိုးခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။

မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထာင် ၀ိုင်းပတ်ထားသည့် ဘန်ကောက်မြို့တွင် လက်ရှိ လူ ၁၀ သန်းကျော် နေထိုင်လျက်ရှိသည်။ တစ်နှစ်ထက်တစ်နှစ် အပေါ်ယံမြေဆီလွှာ ၁.၅ မှ ၅.၃ စင်တီမီတာ လျော့ပါးကျဆင်းလျက် ရှိပြီး၊ လူအများအပြားနေထိုင်သည့် နေရာများကို ပင်လယ်ရေ လွှမ်းသွားဖို့ ရှိနေသည်။

တက်လာမည့် ပင်လယ်ရေက အဆောက်အဦ အိမ်ခြေ ၁ သန်းကျော်ကို အနှေးနှင့် အမြန် အန္တရာယ်ပေးမည့် အနေအထား ရှိသည်။ ဘန်ကောက်မှ ၁၅ ကီလိုမီတာဝေးသော ဆာမောင့် ဖရာခန် ဆိပ်ကမ်း ရပ်ကွက်ကြီးရှိ လူနေအိမ်များမှာ နှစ်စဉ် မြစ်ရေလွှမ်းမှုခံနေရသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ထုတ်တဲ့ ရီပို့များတွင် ရာသီဥတု အပြောင်းအလဲကြောင့် ဘေးအန္တရာယ်ကျရောက်မည့် ကမ္ဘာ့မြို့ကြီးများစာရင်းမှာ ဘန်ကောက်က ထိပ်ဆုံးက ပြေးနေသည်။ ဘန်ကောက်မှ ကမ္ဘာ့ဘဏ်အရာရှိ Jan Bojo က ‘ဘန်ကောက် ရေနစ်တော့မည့် အဓိကအကြောင်း တစ်ခုမှာ မြေအောက်ရေများကို အလွဲသုံး စုတ်ထုတ်ခြင်းကြောင့် ဖြစ်သည်’ ဟု ဆိုသည်။

လာမယ့် နှစ်အနည်းငယ်အတွင်း အခြေအနေဆိုးဆိုက်ဖွယ် ရှိမရှိဆိုသည်ကို ပညာရှင်များကြား အငြင်းအခုန် ဖြစ်နေကြသည်။ သို့သော် သေချာတာက ‘၂၁၀၀ ခုနှစ်တွင် ဘန်ကောက်သည် အတ္တလန်တစ် အသစ် ဖြစ်သွားတော့မည်’ ဟု ပညာရှင်အားလုံးက သဘောတူသလောက် ရှိသည်။

အကယ်၍ မည်သည့် တင်ကြိုပြင်ဆင် ဆောင်ရွက်မှုမှ မလုပ်ခဲ့ရင်တော့၊ ၂၀၃၀ ခုနှစ်မှာတင် ဘန်ကောက် ကိစ္စတုံးသွားနိုင်သည်ဟု ထိုင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာန အကြီးအကဲ Smith Dharmasaroja ခန့်မှန်းထားသည်။

တစ်ခုထဲသော ဖြေရှင်းနည်းမှာ ကြီးမားသော ပင်လယ်ရေကာ တံတိုင်းကြီးများ ကမ်းခြေတလျှောက် တည်ဆောက်ဖို့ ဖြစ်သည်။ ၄င်း ပရော့ဂျက်အတွက် ယူရို ၂ ဘီလီယံခန့် ကုန်ကျမည်ဟု ဆိုသည်။
သို့သော် အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းပညာရှင် Anond Snidyongs က ‘ပင်လယ်ရေကာ တံတိုင်းကြီးများ တည်ဆောက်မှုကလည်း အသုံးမ၀င်နိုင်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပင်လယ် ကမ်းရိုးတမ်း တိုက်စားခံရမှု များလာတာကြောင့် ကာကွယ်ဖို့ ကြိုစားလည်း မရတော့ကြောင်း၊ စကတည်းက ဘန်ကောက်ကို ရွှံ့မြေပေါ်တည်ထားတာဖြစ်ပြီး၊ မြို့က ပင်လယ်ရေ အထက် ၁.၅ မီတာ အမြင့်သာရှိကြောင်း’ မျှော်လင့်ချက်မဲ့ စကားကို ပြောဆိုသည်။

ဘန်ကောက်၏ အနာဂတ်မှာ အနှေးနှင့် အမြန် အတ္တလန်တစ်ပင်လယ်သစ် ဖြစ်ဖို့သာရှိကြောင်း ပညာရှင်များ ရင်ထိတ်နေကြသည်။

Source: Reuters & Time

Monday, July 18, 2011

ပုဂ္ဂလိကဘဏ်များ အကြွေးဝယ် ကတ်စနစ်အားလုံး အသုံးပြုမည်

ပုဂ္ဂလိက ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှ ခွင့်ပြုချိန်တွင် အကြွေးဝယ်ကတ်များကို စတင်ထုတ်ပေး သွားမည်ဖြစ်ပြီး ပထမဦးဆုံး ATM (Automatic Teller Machine) ကတ်ကို  အသုံးပြုသွားမည်ဖြစ်ကာ ဆက်လက်၍ Debit  ကတ်၊ Credit ကတ်၊ Smart  ကတ်များကို အသုံးပြုနိုင်ရန် ပြင်ဆင်ထားကြောင်း ဘဏ်အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။

“ဘဏ်တွေဘက်ကတော့ အားလုံးပြင်ဆင်ပြီး ဗဟိုဘဏ်က ခွင့်ပြု နိုင်တာနဲ့ စတင်မှာပါ။ ဘဏ်အားလုံး အကြွေးကတ်ဝန်ဆောင်မှုကို ပေးခွင့်ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ATM ကတ်စနစ်ကို အသုံးပြုခွင့်ပေးမှာပါ။ နောက်အစဉ်လိုက် Debit ကတ်၊ Credit ကတ်၊  Smart  ကတ် တို့ကို ၀န်ဆောင်မှုပေးမှာပါ။ ဘဏ်တွေအနေနဲ့ ၀န်ဆောင်မှု တိုးမြှင့်ပေးနိုင်ဖို့ လိုနေပါတယ်။ အရင်ကထက် နည်းပညာတွေ တိုးတက်နေတဲ့အတွက် ပြင်ဆင်ချိန် ပိုယူနေရတဲ့သဘောတော့ ရှိပါတယ်”ဟု မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသော ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “ဗဟို ဘဏ်က အရင်ဆုံး ATM  ကတ်နဲ့ Debit  ကတ်ကို ခွင့်ပြုမယ့်သဘော ရှိပါတယ်။ ဘဏ်တွေဘက်ကလည်း ပြင်ဆင်ထားပါတယ်။ ပြည်တွင်းဘဏ်တွေအားလုံး နိုင်ငံတကာ ဘဏ်တွေလိုပဲ ငွေကြေးနဲ့ပတ်သက် တဲ့ ၀န်ဆောင်မှုတွေ ပေးချင်ပါတယ်။ နိုင်ငံခြားငွေကြေးလည်း ကိုင်တွယ်ချင်တယ်။ အားလုံးကဗဟိုဘဏ်ရဲ့ ခွင့်ပြုမှုလိုပါတယ်”ဟု ဆိုပါသည်။


ဘဏ်တွေဘက်ကတော့ အားလုံးပြင်ဆင်ပြီး ဗဟိုဘဏ်က ခွင့်ပြုနိုင်တာနဲ့ စတင်မှာပါ။ ဘဏ်အားလုံး အကြွေးကတ် ၀န်ဆောင်မှုကို ပေးခွင့်ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ATM ကတ်စနစ်ကို အသုံးပြု ခွင့်ပေးမှာပါ။ နောက်အစဉ်လိုက်Debit ကတ်၊ Credit ကတ်၊ Smart ကတ် တို့ကို ၀န်ဆောင်မှုပေးမှာပါ . . .

အကြွေးဝယ် ကတ်ပြားများသည် ဘဏ်များ၏ အဓိကလုပ်ငန်း ဖြစ်သည့် အပ်ငွေလက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်း တို့ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သော စနစ်တစ်ရပ်ဖြစ်သည်။ ထို့ပြင်အခိုက်အတန့် ငွေကြေး လိုအပ်သူများကို ၀န်ဆောင်မှုပေးနိုင်သော စနစ်တစ်ရပ်ဖြစ်ပြီး အပ်ငွေ လက်ခံသူနှင့် ငွေချေးသူတစ်ပြိုင်တည်း ရနိုင်သော လက်လီဘဏ်လုပ်ငန်း စနစ်ဖြစ်ကြောင်း သိရပါသည်။

ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှစတင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆၀ ပြည့်နှစ် ၀န်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော  Master Card နှင့် Visa Card  တို့မှ လာရောက်ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေး စတင်ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ပြန်လည် အသုံးပြုခဲ့သည်။ ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ်အတွင်း ပုဂ္ဂလိကဘဏ်အချို့တွင် ဖြစ်ခဲ့သည့် ငွေဖြစ်လွယ်မှု အကျပ်အတည်းနှင့် ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ် ကတ်စနစ်ကို ပိတ်သိမ်းခဲ့ကြောင်း  ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများထံမှ သိရှိရပါသည်။

ပုဂ္ဂလိကဘဏ်လုပ်ငန်း တာဝန်ရှိသူများအနေဖြင့် အကြွေးဝယ် ကတ်ဝန်ဆောင်မှုကို ယခုနှစ်အတွင်း ပေးအပ်နိုင်မည်ဟု ခန့်မှန်းလျက်ရှိကြောင်း သိရသည်။ အကြွေးဝယ်ကတ်၏ အားသာချက်များတွင်  ငွေကိုင်သုံးရန်မလိုခြင်း၊ လုံခြုံမှုရှိခြင်း၊ ထိန်းသိမ်းရလွယ်ကူခြင်း၊ ငွေရေတွက် ရသက်သာခြင်းတို့အပြင် ဘဏ်များအနေဖြင့် အပ်နှံငွေနှင့် ၀န်ဆောင်ခ များရရှိစေပါသည်။ တစ်ဖက်တွင်လည်း စည်းမျဉ်းစည်းကမ်းနှင့် စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းပါက ငွေကြေးဖောင်းပွမှုများနိုင်ခြင်း၊ ငွေသုံးစွဲမှုများပြားလာခြင်း၊ လွယ်လွယ် များများ သုံးခြင်းကြောင့် အကြွေးများပြားနိုင်ခြင်း၊ ပေါ့ပေါ့တန်တန် သုံးစွဲခြင်းကြောင့် အသုံးစရိတ်များ နိုင်ခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း ဘဏ်လုပ်ငန်းနှင့် ငွေကြေးပညာရှင် များက သတိပေးပါသည်။

အကြွေးဝယ်ကတ် အမျိုးမျိုး၏ ယေဘုယျ ကွာခြားချက်များ
 
ATM ကတ်        ပထမဆုံးအသုံးပြု ခွင့်ပေးမည့် ATMကတ်သည် Debit  ကတ်စနစ်ထဲတွင် ပါဝင်ပြီး ကွဲလွဲမှုအချို့ ရှိသည်။ အဓိကအချက်အားဖြင့် ATM ကတ်သည် စာရင်းဖွင့်ထားသူ ထည့်သွင်းထားသော ငွေသားပမာဏကို နီးစပ်ရာစက်များတွင် ကတ်ထည့်သွင်းပြီး ငွေသားထုတ်ယူသည့် စနစ်ဖြစ်ကာ စာရင်းဖွင့်ထားသော ငွေကြေးပမာဏထက် ပိုမိုမထုတ်ယူနိုင်ပါ။

Debit ကတ်      Debit ကတ်သည် ငွေသားထုတ်ယူရန်မလိုဘဲ ကတ်ပြားဖြင့် ငွေပေးချေနိုင်သည်။ မိမိဝယ်ယူသော ဆိုင်ကို ကတ်ပေးပြီး ထိုဆိုင်မှတစ်ဆင့် ဘဏ်ကိုအကြောင်းကြားကာ ဘဏ်နှင့် ငွေစာရင်းရှင်းခြင်းဖြစ်သည်။ Debit  ကတ်စနစ်သည် အသုံးပြုသူ ပေးသွင်းထားသော ငွေပမာဏ အတိုင်းသာ အသုံးပြုနိုင်သော စနစ်ဖြစ်ပြီး အကယ်၍ ငွေစာရင်းကျော်လွန် အသုံးပြုမိပါက ဘဏ်မှတစ်ကြိမ် တစ်ခါ စိုက်ထုတ်ပေးထားသော်လည်း ချက်ချင်းအကြောင်းကြားကာ စိုက်ထုတ်ငွေပြန်လည် တောင်းခံပါသည်။

Credit ကတ်      Credit ကတ်သည် မိမိအသုံးပြုသောငွေကို လက်ငင်းပေးရန်မလိုဘဲ ကတ်ပြားဖြင့်သာ ပေးချေနိုင်သည်။ အများအားဖြင့် စာရင်းရှင်အပ် ငွေအပ်နှံပြီးလျှင် ဘဏ်မှ ကတ်ပြားထုတ်ယူနိုင်သည်။ မိမိစာရင်းဖွင့်ထားသော ငွေထက် ကျော်လွန်အသုံးပြုနိုင်သည်။ စာရင်းအရှိ ပမာဏအတိုင်းသာ အသုံးပြုပါက ဘဏ်မှဝန်ဆောင်ခသာ တောင်းယူသော်လည်း စာရင်းထက် ကျော်လွန်အသုံးပြုပါက အဆိုပါ ဘဏ်ပိုထုတ်ငွေ (Bank Overdraft) အတွက် ပြန်လည်မဆပ်မချင်း အတိုးယူသွားမည်ဖြစ်သည်။ ဘဏ်တွင် မည်သည့် အပေါင်မှထားရန်မလိုဘဲ ငွေချေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

Smart  ကတ်     Smart ကတ်သည် နောက်ဆုံးပေါ်ပေါက်သော နည်းပညာမြင့် ကတ်တစ်မျိုးဖြစ်သည်။ Debit ကတ်နှင့် Credit ကတ်များ၏ အရည်အသွေးမျိုး ပါဝင်သည်။ ငွေသား ထုတ်ယူလိုပါကလည်း ATM စက်တွင် ကတ်ထည့်သွင်းကာ ငွေသားရယူနိုင်သည်။ ကုန်ပစ္စည်းဝယ်ယူမှုတွင် ငွေပေးချေနိုင်ရုံသာမက အခြား ဖုန်းပြောခ၊ ဘတ်စ်ကားခ၊ တက္ကစီခ၊ ရထားခ၊ အိမ်ငှားခ၊ ကျန်းမာရေးဝန်ဆောင်ခ စသည့် ငွေပေးချေမှုများကိုပါ အသုံးပြုနိုင်သည်။ လုံခြုံမှုရှိရန် နည်းပညာများ ထည့်သွင်းထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်၌ မြန်မာစာ သင်ယူနေသော ပြည်ပနိုင်ငံသားများ ကျောင်းသားဗီဇာဖြင့် နေထိုင်ကာ စီးပွားရေး အကျိုးအမြတ် ရှာသည်ကို တွေ့ရပါက စိစစ်သွားမည်ဟု သိရ

ကုန်သွယ် စီးပွားရေးနယ်ပယ်တွင် အကျိုးအမြတ် ရှာဖွေနေသည်ကို တွေ့ရပါက ကျောင်းဆက်တက်ခွင့် အားရပ်ဆိုင်းကာ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားဘာသာ တက္ကသိုလ်မှ နိုင်ငံခြားသား ရေးရာများနှင့်ပတ်သက်၍ စိစစ်နေသော တက္ကသိုလ်ဆရာတစ်ဦးက ပြောပြခဲ့သည်။

“နိုင်ငံခြားသား တက္ကသိုလ် ကျောင်းသားတွေထဲမှာမှ တချို့က ကျောင်းသားဗီဇာကိုဗန်းပြပြီး ကုန်သွယ်ရေး အလုပ်တွေမှာ ၀င်ရောက် လုပ်ကိုင်တာတွေ ရှိနေတယ်ဆိုရင်စိစစ် သွားမယ်”ဟု နိုင်ငံခြားသားတက္ကသိုလ် ကျောင်းသားရေးရာ ကိုင်တွယ်စိစစ်နေသူ ဆရာကြီးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၌ ၁၉၉၆ ပညာသင်နှစ် ၀န်းကျင်မှစတင်ကာ နိုင်ငံခြားဘာသာ တက္ကသိုလ်အား တည်ထောင်ခဲ့ပြီး ထိုအချိန်မှပင် မြန်မာစာဌာန၌ နိုင်ငံခြားသားများ ၀င်ရောက် ကာ မြန်မာစာ သင်ကြားခဲ့ကြသည်။
ယခုကဲ့သို့ နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ မြန်မာစာဌာနတွင် လာရောက် ပညာသင်ယူနေသူ ပြည်ပ နိုင်ငံသားဦးရေမှာ နှစ်စဉ် ၂၀ နှင့်  ၃၀ ၀န်းကျင်ရှိပြီး တရုတ်နိုင်ငံသားမှာ အများဆုံးဖြစ်ကာ အခြား ကျောင်းသားများမှာ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ဖြစ်ကြသည်။


နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ မြန်မာစာဌာနတွင် လာရောက် ပညာသင်ယူနေသူ ပြည်ပနိုင်ငံသားဦးရေမှာ နှစ်စဉ် ၂၀ နှင့် ၃၀ ၀န်းကျင်ရှိပြီး တရုတ်နိုင်ငံသားမှာ အများဆုံးဖြစ်ကာ အခြား ကျောင်းသားများမှာ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား နိုင်ငံတို့မှဖြစ် . . .

“မန္တလေးဘက်မှာသာမက အခု ရန်ကုန်မှာလည်း ယူနန်ဘက်က တရုတ်လူမျိုးတွေ တော်တော်များများ ပညာသင်လာကြတယ်။ တရုတ်လူမျိုးတွေထဲမှာမှ ဂျီတူဂျီမြန်မာ အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ တက်ကြတာတွေ ရှိတယ်။ ကိုယ့်ဘာသာ ၀ါသနာပါလို့၊ သူတို့နိုင်ငံမှာ မြန်မာ့အရေးနဲ့ ဆက်နွှယ်တာလုပ်ဖို့ ကိုယ့် စရိတ်နဲ့ကိုယ် တက်ကြတာချမ်းသာတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံစတဲ့ ချမ်းသာတဲ့ နိုင်ငံ တွေကများတယ်”ဟု နိုင်ငံခြားသား တက္ကသိုလ် ကျောင်းသားရေးရာ အတွေ့အကြုံရှိဆရာကြီးက ပြောပြ ခဲ့သည်။

ထို့ပြင် စာသင်နှစ်အတွင်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီရန် ကျောင်းသားများအား စိစစ်လျက်ရှိနေပြီး ကျောင်းခေါ်ချိန် ပြည့်မီမှု မရှိသူများကို ဆက်လက်တက် ရောက်ခွင့် မပေးကြောင်းနှင့် ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူခြင်းများလည်း ရှိကြောင်း ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်၌ တက်ရောက်နေသော ဂျပန်ဘာသာသင်တန်းမှ ဒုတိယနှစ်ကျောင်းသူက ပြောပြခဲ့သည်။

ထို့ပြင် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်လည်း တရုတ်နိုင်ငံ ယူနန်ဘက်မှ တရုတ်လူမျိုး အများစု ပညာသင်လျက်ရှိနေပြီး ကျောင်းပြီးသွားသူများမှာ မြန်မာ-တရုတ် နယ်စပ်ဘက်တွင် ကုန်သွယ်ရေး လုပ်ငန်းများလုပ်ဆောင်ခြင်း၊တရုတ်စာအား မြန်မာဘက်တွင် ပြန်လည် သင်ကြားခြင်းများ ပြုလုပ်လျက်ရှိကြောင်း မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာပြီးထားသူ မန္တလေးမှဒေသခံ ကိုဇော်မင်းထွန်းက ပြောပြခဲ့ပါသည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်များ၌ မြန်မာစာအားအခြေခံ၊ အဆင့်မြင့်နှင့် ဘွဲ့ရသည်အထိ နိုင်ငံခြားသားများအား အများစု သင်ကြားပေးခြင်းဖြစ်ပြီး အများစုမှာ လက်မှတ်ရ သင်တန်းများကိုသာ တက်ရောက်လေ့ ရှိကြသည်ဟု သိရသည်။

Wednesday, July 6, 2011

နိုင်ငံသားမှတ်ပုံတင်များ မြို့နယ်အဆင့်တွင်နေ့ချင်းပြီးဆောင်ရွက်ပေးပြီ

နိုင်ငံသားမှတ်ပုံတင်ကို အထောက်အထားပြည့်စုံပါက မြို့နယ်အဆင့်တွင်ပင် နေ့ချင်းပြီးပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
 

နိုင်ငံသားအရည်အချင်းပြည့်မီရန် သတ်မှတ်ထားသော အထောက်အထားအချက်အလက်တစ်စုံတစ်ရာလိုအပ်လျှင် ၂၈ရက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် လိုအပ်သော အထောက်အထားအချက်အလက်အပြည့်အစုံ တင်ပြနိုင်လျှင် နေ့ချင်းပြီးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
 

"ထောက်ခံချက်ဆိုရင် အရင်က မြို့နယ်ရဲစခန်း၊ စည်ပင်၊ အိုးအိမ် စသည် ဖြင့် ဌာနဆိုင်ရာတွေမှာတောင်းယူရတာရှိတယ်။ ဒါတွေကို အခုအချိန်မှာ လုပ်ထုံးလုပ်နည်းတွေလျှော့ချပေးသွားဖို့ ရှိတယ်။ ဥပမာ-မှတ်ပုံတင်လုပ်တာမှာ ကိုယ့်ရဲ့မိဘ အမှုတွဲအထောက်အထား တင်ပြရတဲ့မိတ္တူကို ပြသစရာမလိုအောင် ကို လျှော့ချပေးဖို့စိစစ်နေပါတယ်။သွေး အမျိုးအစားစစ်ဆေးထားတဲ့စာရွက် စာတမ်းမပါရင် ခြွင်းချက်အနေနဲ့ဆောင် ရွက်ပေးသွားဖို့ရှိတယ်"ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
 

ယင်းသို့နိုင်ငံသားစိစစ်ရေးကတ် ပြားကို လျင်မြန်စွာရရှိရန်ဆောင်ရွက်ပေးမှုသည် မြန်မြန်ဆန်ဆန်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုရရှိသင့်သည့် နိုင်ငံသားတစ်ဦးလျင်မြန်စွာရရှိစေရန်အတွက်နှင့် ငွေကြေးကုန်ကျမှုနည်းစေ ရန်အတွက် ဖြစ်သည်ဟု သိရသည်။
 

"မူဝါဒအပြောင်းအလဲလုပ်ပြီးတဲ့နောက် မှတ်ပုံတင်သွားလုပ်တာ ပိုက်ဆံအများကြီးမကုန်ကျတော့ဘူး။ တရားဝင် ငွေသွင်းရတဲ့ ၁၅၀၀နဲ့ ပုံစံကြေး ၂၀၀ပဲပေးရတယ်။ တစ်လအတွင်းရတယ်။ အထောက်အထားကတော့ ပြည့်စုံရတာပေါ့။ အရင်လို ဟိုဟာလိုလို့ ဒီဟာမပြည့်စုံလို့ဆိုတဲ့စကားတွေ နဲ့အချိန်အကြာကြီးဆွဲထားတာမရှိတော့ဘူး။ တစ်လပြည့်ရင် လာယူလို့ ပြောတာတန်းရတယ်။ အံ့တောင် အံ့ သြတယ်"ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လွန်ခဲ့သောတစ်လခန့်က နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခဲ့သူ မအေးချမ်းမြင့်က ၎င်းကြုံတွေ့ခဲ့ပုံကိုပြောသည်။
 

နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ယေဘုယျအနေဖြင့် မိမိခြောက်လအတွင်းရိုက်ကူးထားသော ပတ်စပို့အဖြူအမည်းဓာတ်ပုံသုံးပုံ၊ သန်းခေါင်စာရင်း၊ မွေးစာရင်း၊ ရပ်ကွက်/စခန်းထောက်ခံစာ၊ မိဘအမှုတွဲ အထောက်အထားတို့တင်ပြ ရကြောင်း သိရသည်။
"မိဘအမှုတွဲဆိုတာ ဥပမာ-အမေက တောင်ငူ၊ အဖေက ဇလွန်က သားသမီးက ရန်ကုန်မှာမွေးတယ်ဆိုတာမှာ ရန်ကုန်မှတ်ပုံတင်လုပ်ရတဲ့အတွက် တစ်နယ်တစ်ကျေးမှာရှိတဲ့ အမှုတွဲသွားယူဖို့အတွက် ကုန်ကျစရိတ်ကရှိသွားပြီ။ ဒီလိုကုန်ကျစရိတ်တွေမရှိအောင် တိကျသေချာတဲ့အထောက် အထားပြည့်စုံတယ်ဆိုတာနဲ့လုပ်ပေး လိုက်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ယင်းတာဝန်ရှိသူကပြောသည်။
 

"အန်ကယ်တို့ခေတ်တုန်းကဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြားလာလုပ်ပြီဆိုရင် သတ်မှတ်ထားတဲ့အထောက် အထားတွေကိုပြည့်စုံအောင်စိစစ်တယ်။ပြီးရင် မြို့နယ်ကနေတစ်ဆင့် ခရိုင်ပြီးရင် တိုင်းအဆင့်ထိတင်ပြရတယ်။ လို အပ်ရင်ဝန်ကြီးဌာနထိ ထပ်တင်ပြပြီးမှချထားပေးခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ပြည့်စုံတဲ့အထောက်အထားတွေသာ တင်ပြနိုင်ရင် အမြန်ဆုံးပြုလုပ် ပေးတော့မယ်ဆိုတဲ့ ပြည်သူတွေအတွက် ပိုကောင်းတဲ့စနစ်တစ်ခုဖြစ်လာတယ် လို့ပြောလို့ရပါတယ်။

Tuesday, July 5, 2011

သုံးပတ်နှင့်ပတ်စ်ပို့ရတော့မည်

ပတ်စ်ပို့များကို ဇူလိုင် ၁ရက်မှစ၍ ပြည်ထဲရေးရုံးတွင်စတင်ထုတ် ပေးနေပြီး လျှောက်လွှာတင်ခြင်းမှ စလစ်ရ သည်အထိ တစ်နေ့တည်းအပြီးစီစဉ်ဆောင် ရွက်ပေးနေကြောင်း မြန်မာနိုင်ငံကူးလက် မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ပြောသည်။
    

"အရင်ရုံးတုန်းကဆိုရင် ဓာတ်ပုံ ရိုက်တာ၊ ဖောင်ဝယ်တာ၊ ဘဏ်သွင်းတာ တစ်ရက်၊ တစ်လကြာမှ ပတ်စ်ပို့ရပါတယ်။ အခုဆို ရင် သုံးပတ်နဲ့ရနိုင်အောင် ဆောင်ရွက်သွား မှာဖြစ်တယ်။ လျှောက်ထားသူများဘက်က လည်း လျှောက်လွှာပါ အချက်အလက် များကို မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ပေးဖို့လို ပါတယ်"ဟု ယင်းက ဆက်ပြောသည်။
     

"နိုင်ငံကူးလက်မှတ်များကို ၁၉၈၉ခုနှစ်ကတည်းက ပန်းဆိုးတန်းလမ်း ရှိ ရုံးတွင် ဆောင်ရွက်ပေးခဲ့ရာမှ ၂၀၁၁ ခုနှစ် ဇူလိုင် ၁ရက်မှစတင်၍ ရန်ကင်းမြို့ နယ် ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီး ဌာနရုံးတွင် စတင်ဆောင်ရွက်ပေးနေပါ တယ်။ လျှောက်လွှာတင်ခြင်းမှ စလစ်ရသည် အထိ တစ်နေ့တည်းအပြီး စီစဉ်ဆောင်ရွက် ပေးနေပါတယ်" ဟု ယင်းက ဆက်ပြောသည်။
    

"အရင်နေရာက မြို့ထဲဖြစ်တော့ နေရာကကျဉ်းတယ်။ ရုံးကလဲ အတက် အဆင်းခက်တယ်။ လုပ်ငန်းဆောင်ရွက် ရာမှာ မြန်ဆန်မှုမရှိဘူး။ အခု ရုံးသစ်မှာ နေရာထိုင်ခင်းကလဲ ကျယ်ပြန့်တယ်။ ဒါ ကြောင့်လဲ လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမို မြန်ဆန်လာမှုရှိအောင်လို့ ရုံးသစ်ကို ပြောင်း ရွှေ့ခဲ့တာဖြစ်ပါတယ်။ ရုံးကို ညနေ ၃နာရီ ဆိုရင်တော့ အ၀င်ပိတ်မှာပါ။ ဒါပေမယ့် ရုံးဝင်းထဲမှာ ရှိနေတဲ့သူတွေကိုတော့ ဆောင် ရွက်ပေးသွားမှာပါ။ ဒီလို ဘာကြောင့်လုပ် ရသလဲဆိုရင် ဘဏ်က သုံးနာရီမှာ ပိတ်တဲ့ အတွက် လုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်လို့ မရတော့ပါဘူး။ ဒါကြောင့် လုပ်ငန်း အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆောင် ရွက်နိုင်အောင်လို့ အခုလို လုပ်ဆောင်ရတာ ပါ။ လတ်တလောမှာတော့ ယာဉ်ကြောပိတ် ဆို့မှုလေးတွေ ရှိနေပေမယ့် နောက်ဆိုရင် အဆင်ပြေသွားမှာပါ" ဟု အဆိုပါတာဝန် ရှိသူက ဆက်ပြောသည်။
    

"သွားလာရတာ မြို့ထဲနဲ့ လှမ်း သွားပေမယ့် ပတ်စ်ပို့လျှောက်တဲ့အခါမှာ တော့ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ပြီးလို့ အဆင်ပြေပါတယ်"ဟု ပတ်စ်ပို့ လာ လျှောက်သူ လသာမြို့နယ်မှ ကိုကျော်နိုင်က ပြောသည်။
    

နိုင်ငံကူးလက်မှတ်လျှောက်ထား ရမည့် အချက်အလက်အသေးစိတ်ကို အဆိုပါရုံးတွင် ကြော်ငြာပေးထားကြောင်း သိရသည်။

ပြည်ပထွက်ခွာ ခရီးသည်ဝန်ဆောင်မှုစရိတ် နိုင်ငံသားများကိုပါ အမေရိကန်ဒေါ်လာ ၁၀ နှုန်း ကောက်ခံမည်

ပြည်ပခရီးထွက်ခွာမည့် မြန်မာနိုင်ငံ သား၊ခရီးသွားများအား ခရီးသည် ၀န်ဆောင်မှုစရိတ် Passenger Service Charge ကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ခါ အမေရိကန်ဒေါ်လာ ၁၀ နှုန်းဖြင့် ရန်ကုန်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် စတင် ကောက်ခံ မည်ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ခရီးသည် ၀န်ဆောင်မှုစရိတ်ဆိုတဲ့အတိုင်း လက်ရှိလေဆိပ်ဝန်ဆောင်မှု အပိုင်းတိုးချဲ့ဖို့အတွက် ဒီလို တိုးမြှင့် ကောက်ခံရခြင်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှစပြီး ၀ယ်မယ့် နိုင်ငံခြား လေကြောင်းလက်မှတ်တွေဆို လက်မှတ်နဲ့အတူ တစ်ခါတည်း ထည့်ကောက်မှာဖြစ်ပြီး လက်ရှိ လက်မှတ်ကြိုဝယ်ပြီး သူတွေကိုတော့ လေဆိပ်ရောက်မှ သက်ဆိုင်ရာလေကြောင်းလိုင်းတွေက ကောက်ခံမှာဖြစ်ပါတယ်။ အရင်လို အချိန်ကုန်ခံ တန်းစီပြီး စောင့်စရာ မလိုတော့ပါဘူး၊ မြန်မာနိုင်ငံသားတွေကိုပဲ တိုးမြှင့်ကောက်ခံ တာဖြစ်ပြီး နိုင်ငံခြားသားတွေကိုတော့ အရင်အတိုင်း ဒေါ်လာ ၁၀ နှုန်းဖြစ်ပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်ပမထွက်ခွာမီ ပေးဆောင်ရ သော ခရီးသည်ဝန်ဆောင်မှုစရိတ်ကို ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ နှင့် မြန်မာ နိုင်ငံသားတစ်ဦးလျှင် ကျပ် ၅၀၀ ကောက်ခံလျက်ရှိရာမှ လွန်ခဲ့သောနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး နိုင်ငံခြားသား များအား ပြောင်းလဲမှုမရှိသော်လည်း မြန်မာနိုင်ငံသားများကိုမူ တစ်ဦး လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့်တိုးမြှင့် ကောက်ခံခဲ့သည်။
 

Monday, June 27, 2011

လေယာဉ်တစ်စင်းဘီးချော် ပြေးလမ်းပိတ်ခဲ့သဖြင့် ခရီးစဉ်များရပ်နား

ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုန်တင်လေယာဉ်အမျိုးအစား တစ်စင်း လေယာဉ် ဘီးချော်ကာ ပြေးလမ်းပိတ်ဆို့ခဲ့သဖြင့် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းဆင်းသက်မှုများကို ရပ်နားခဲ့ရသည်။

အဆိုပါ ကုန်တင်လေယာဉ်အား စမ်းသပ်မောင်းနှင်ပြီး လေယာဉ် ဆင်းသက်ရာတွင် ဘီးချော်ကာ ပြေးလမ်းဘေးရှိ မြေကြီးထဲသို့ ဘီးနစ်ဝင် သွားခဲ့ရာ ပြေးလမ်းပိတ်ဆို့မှုဖြစ်ခဲ့ရကြောင်း လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပိတ်ဆို့မှုကြောင့် ပြည်တွင်း ခရီးစဉ်အပြင် ပြည်ပလေကြောင်းခရီးစဉ်များဖြစ်သည့် ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား၊ တိုင်ပေမှ လေကြောင်း ခရီးစဉ်များ ရပ်နားခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးကလည်း လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန်၊ ခရီးစဉ်နှင့် မလေးရှား-ရန်ကုန် ခရီးစဉ် လေယာဉ်များကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အစား မန္တလေး အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက် ခဲ့ကြောင်း ပြောသည်။

"အဲဒီနေ့က စင်ကာပူနဲ့ မလေးရှား ခရီးစဉ်ပြေးဆွဲတဲ့ လေယာဉ်နှစ်စင်းစလုံးကို မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားခဲ့ပါ တယ်။ ပါလာတဲ့ ခရီးသည်တွေကိုလည်း မန္တလေး စွမ်းဟိုတယ်မှာ တည်းခိုဖို့အတွက် စီစဉ်ပေးခဲ့ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဇွန်လ ၁၇ ရက်နေ့က အမ်အေအိုင် လေကြောင်းဖြင့် မလေးရှားနိုင်ငံမှ စီးနင်းလိုက်ပါလာသော ခရီးသည်တစ်ဦးက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စိတ်ကသိကအောင့်ဖြစ်ခဲ့ရကြောင်း ပြောသည်။

"ကျွန်တော် အမ်အေအိုင်လေကြောင်းနဲ့ ကွာလာလမ်ပူကနေ မွန်းလွဲ နှစ်နာရီမှာ ထွက်လာပါတယ်။ ဒါပေမယ့် လေယာဉ်ထွက်ပြီး ၁၅ မိနစ်အကြာမှာ လေယာဉ်မှူးက လေယာဉ်စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် ကွာလာလမ်ပူကို ပြန်ဆင်းသက်မယ်လို့ အသိပေး ပါတယ်။ ဒါနဲ့ ကွာလာလမ်ပူ လေဆိပ်မှာ နှစ်နာရီလောက်ထပ်စောင့်ပြီး ပြန်အထွက် လေယာဉ်ပြေးလမ်းမှာရှိနေတုန်း လေယာဉ်မှူး က ရန်ကုန် လေဆိပ်မှာ လေယာဉ်ဆင်းသက်လို့ မရတော့တဲ့အကြောင်း ထပ်ကြေညာပါတယ်"ဟု အဆိုပါနေ့က ရန်ကုန်သို့ အမ်အေအိုင်လေယာဉ်ဖြင့် စီးနင်းလိုက်ပါလာသော နိုင်ငံခြားသားတစ်ဦးက ပြောသည်။

"အဲဒါနဲ့ ကွာလာလမ်ပူလေဆိပ်မှာ လေယာဉ်ပြန်ကပ်ပြီး နာရီအနည်းငယ် ထပ်စောင့်လိုက်ရပါသေးတယ်။ ပြီးမှ လေယာဉ်ပြန်ထွက် ခွာပါတယ်။ ရန်ကုန် လေဆိပ်ရောက်ဖို့ ၁၅ မိနစ်အလိုမှာ လေဆိပ်မှာ ဆင်းလို့မရဘူးဆိုတဲ့အတွက် ရန်ကုန်လေဆိပ်အစား မန္တလေး လေဆိပ်မှာ သွားဆိုက်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန် မန္တလေးလေဆိပ်က ပိတ်သွားပြီးဖြစ်တဲ့ အတွက် လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတွေ လေဆိပ်ပြန်အလာအထိ ၂ နာရီ လောက် ထိုင်စောင့်လိုက်ရပါတယ်။ အဲဒီအတွင်း ဧည့်သည်တွေကို ဒံပေါက် ကျွေးပြီး နောက်ဆုံး မန္တလေးက ဟိုတယ် တစ်ခုမှာတည်းဖို့ စီစဉ်ပေးပါတယ်။ နောက်နေ့ မနက် ၇ နာရီခွဲလေယာဉ်နဲ့ ရန်ကုန်ကို ပြန်ပို့ပေးခဲ့ပါ တယ်"ဟု အဆိုပါခရီးသည်က ပြောသည်။
ထိုဖြစ်စဉ်ကြောင့် အခြားနိုင်ငံခြား လေကြောင်းလိုင်းများဖြစ်သည့် အဲချိုင်းနား၏ တိုင်ပေခရီးစဉ်၊ ဆစ်ခ်အဲ၏ စင်ကာပူခရီးစဉ် ၊ ဘန်ကောက်အဲဝေး၏ ဘန်ကောက်ခရီးစဉ်၊အဲအေးရှား၏ မလေးရှား၊ဘန်ကောက်ခရီးစဉ်များကို ရပ်နားလိုက်ရကြောင်း သိရသည်။

Saturday, June 18, 2011

ဈေးကွက်အတွင်း ကျပ်ငွေလိုအပ်မှု မြင့်တက်နေခြင်းကြောင့် ဒေါ်လာငွေတန်ဖိုး ကျဆင်းနေခြင်း ဖြစ်သည်ဟု သုံးသပ်ကြ

လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ မြန်မာကျပ်ငွေနှင့် လဲလှယ် ရာတွင် ဈေးနှုန်းများ စံချိန်တင်ဆက်တိုက် ကျဆင်းလျက်ရှိရာ ထိုကဲ့သို့ကျဆင်းနေမှု၏ အကြောင်းရင်းများတွင် ပြည်တွင်း ဈေးကွက် အတွင်း ဒေါ်လာရောင်းလိုအား များနေပြီး ကျပ်ငွေလိုအပ်မှု မြင့်တက် လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောသည်။
စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)က မြန်မာ ကျပ်ငွေ၏ ပြင်ပတန်ဖိုးတက်လာသော်လည်း ပြည်တွင်းတန်ဖိုးကမူ တက်လာခြင်းမရှိဟု ဆိုသည်။
"ဈေးကွက်မှာ တစ်ဒေါ်လာ ကျပ် ၁,၂၀၀ လောက်ကနေအခု ကျပ် ၈၀၀ အထိ ဆင်းလာတယ်။ မှန်းကြည့်ရသလောက်က နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု(အက်ဖ်ဒီအိုင်)တွေ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အတော်လေး ၀င်လာတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ် တစ်နှစ်တာအတွင်း အက်ဖ်ဒီအိုင် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့် ၀င်ရောက်ခဲ့ပြီး လွန်ခဲ့သော နှစ် ၂၀ ကျော်ကာလပတ်လုံး တွင် ဒေါ်လာ ၁၆ ဘီလျံသာရှိခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနည်းတူ ကုမ္ပဏီများလည်း ၀င်ရောက်လာသောကြောင့် အိမ်ခန်း၊ ရုံးခန်းငှားခများတွင် နိုင်ငံခြား ငွေကြေးများ ၀င်ရောက်လာကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာရောင်းလိုအားများနေပြီး ကျပ်ငွေလိုအပ်မှု မြင့်တက်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
"အစိုးရက တစ်ဒေါ်လာကို ကျပ် ၇၅၀ နှုန်း ပုံသေသတ်မှတ်မယ်ဆိုတဲ့ ကောလဟာလ ထွက်လာတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာ မသိသေးဘူး။ ဒီအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ယူရကောင်းယူရနိုင်တယ်"ဟု ၎င်းက ပြောသည်။
"ငွေတန်ဖိုးကျစေချင်ရင် ဒေါ်လာကို လိုက်ဝယ်မယ်။ ဘဏ်က အတိုးနှုန်းချ ပေးရမယ်။ ဒါဆိုရင် ဘဏ်မှာငွေသိပ် မအပ်တော့ဘူး။ ချေးတဲ့လူလည်း ပိုများလာမယ်။ လူတွေလက်ထဲ ငွေပိုများမယ်။ လုပ်ငန်းတွေ လည်ပတ်လာမယ်" ဟု ၎င်းက ပြောသည်။
စီးပွားရေးပညာရှင် ဒေါက်တာ မောင်အောင်ကလည်း မကြာမီက ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချမှုများကြောင့် ပြည်တွင်း၌လည်ပတ်နေသည့် ငွေကြေးများမှာ အစိုးရဌာနများသို့ ပြောင်းရွှေ့သွားခြင်းမှာ အကြောင်းရင်း တစ်ချက်ဖြစ်ကြောင်း ပြောသည်။
ငွေလဲလှယ်နှုန်းထားသည် အသင့်အတင့်အနေအထားတွင်ရှိခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်းနှင့် ငွေလဲလှယ်နှုန်းကျဆင်းခြင်းသည် တင်ပို့ခြင်း ကိုအားမပေးသည့်အတွက် တောင်သူများအား ထိခိုက်စေကြောင်း ၎င်းက ပြောသည်။
ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ တန်ဖိုး အတက်အကျမှာ ဆက်စပ်မှုရှိ သော်လည်း အကြောင်းအရာချင်း မတူကြောင်း မြန်မာနိုင်ငံ ပုဇွန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးနှင်းဦးက ပြောကြားသည်။
"မြန်မာငွေတန်ဖိုး တက်တယ်၊ ကျတယ်လို့ ပြောတာက Micro economic နဲ့ ဆိုင်တယ်။ ငွေကြေးဖောင်းပွခြင်း၊ ကျုံ့ ခြင်း သဘော တရားကို ပြောတာ။ တစ်ကွဲစီတော့ မဟုတ်ဘူး။ စပ်ဆက်နေတယ်။ ဒါပေမယ့် အကြောင်းအရာမတူဘူး"ဟု ၎င်းက ပြောသည်။
ဒေါ်လာတန်ဖိုးအတက်အကျမှာမူ ပြည်တွင်းဝယ်လိုအားနှင့်ဆိုင်ပြီး ဈေးကွက်အတွင်း ဒေါ်လာအများအပြား လှိမ့်ဝင်လာသော်လည်း လုံလောက်သော ပြည်တွင်းဝယ်လိုအားရှိနေပါက ဈေးကျမသွားနိုင်ကြောင်း ဦးနှင်းဦးက ပြောသည်။
"ဒေါ်လာနဲ့ မြန်မာငွေဈေးအတက်အကျက တစ်ဒေါ်လာအ၀ယ်အရောင်းနဲ့ ချိတ်တယ်။ ဒေါ်လာအ၀ယ်အရောင်း ကျသွားတာနဲ့ မြန်မာငွေက တန်ဖိုးတက်လာတယ်ပြောရင် မဟုတ်ဘူး။ ဒေါ်လာ အ၀ယ်နှေးသွားတာ။ တစ်ကျပ်ပေးရင် တစ်ဒေါ်လာရတာကနေ ပြား ၉၀ ပေးရင် တစ်ဒေါ်လာရတာက အရောင်း အ၀ယ်ကျတာ။ တန်ဖိုးတက်တာ မဟုတ်ဘူး။ အရင်တုန်းက မုန့်ဟင်းခါးတစ်ပွဲကို ကျပ် ၅၀၊ အခု ကျပ် ၃၀၀ ဆိုတော့ အဲဒီ အချိန်နဲ့တွက်ရင် မြန်မာငွေတန်ဖိုးက ကျသွားတာပဲ။ ငွေဖောင်းပွလာတယ်" ဟု ၎င်းက ပြောသည်။
ရေထွက်ပစ္စည်းတင်ပို့သည့်လုပ်ငန်းတစ်ခုဖြစ်သော General Food Technology Industry Co Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးညွန့်က ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် နိုင်ငံခြားမှအပ်သည့် အချို့သောအလုပ်များအား လက်မခံနိုင်သည့်အခြေအနေတွင် ရှိကြောင်း ပြောသည်။
"ရောင်းမယ့်ပစ္စည်းအတွက် ဒီနေ့ ပေါက်ဈေး တစ်ဒေါ်လာ ၈၂၅ ကျပ်နဲ့ တွက်လိုက်ရင် မနက်ဖြန်ဈေးက ကျပ် ၈၂၀ ဖြစ်သွားရော။ ကျပ် ၈၀၀ နဲ့တွက်လိုက်လို့ ဈေးဘယ်လောက်ရှိနိုင်လဲ တွက်ကြည့်လိုက်ရင် ဈေးကြီးသွားပြီး မရောင်းရတော့ဘူး"ဟု ဦးမျိုးညွန့်က ပြောသည်။
တင်ပို့သည့်လုပ်ငန်းအနေဖြင့် ကုန် ကြမ်းအား ၀ယ်ယူသည့်အနေအထားတွင် ပြည်တွင်းရေထွက်ပစ္စည်း၏ ရာခိုင်နှုန်းအများစုမှာ ပြည်တွင်း စားသုံးမှုအတွက်ဖြစ်သဖြင့် ဈေးလျော့ ကာဝယ်ယူ၍မရကြောင်း ပြောသည်။
ယခုကဲ့သို့ ဒေါ်လာတန်ဖိုး ဆက်ကျနေမည်ဆိုပါက ၀ယ်သူမှ အပ်သည့် လုပ်ငန်းများအား ပထမအဆင့်အနေဖြင့် လျှော့ချခြင်းပြုလုပ် မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အလုပ်သမား လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"တတိယအဆင့်အနေနဲ့ကတော့ လုပ်ငန်းရပ်သွားမှာပါ"ဟု ဦးမျိုးညွန့်က ပြောသည်။

Thursday, June 16, 2011

ပုဂ္ဂလိက ဘော်ဒါဆောင်များ၌ ကျောင်းအပ်နှံမှု များပြားလာနေ


မြန်မာနိုင်တွင် ယခင်နှစ်ကထက် ယခုနှစ်မှာ ကျောင်းမဖွင့်မီ အချိန်မှစ၍ ဘော်ဒါဆောင်ရှိသော ပုဂ္ဂလိက ကျောင်းအချို့တွင် ကျောင်းအပ်နှံမှုများ ပိုမိုတိုးလာသည်ဟု ဘော်ဒါဆောင်ဖွင့်ထားသော ကျောင်းအချို့၏ တာဝန်ရှိသူများက မောက္ခကို  ပြောပြသည်။



မြောက်ဥက္ကလာပမြို့နယ်တွင်ရှိသော အေစီအေ ပညာရိပ်ငြိမ် ဘော်ဒါမှ တာဝန်ရှိသူတစ်ဦးက “ ပုံမှန်ဆို အောင်စာရင်းထွက်မှ ကျောင်းအပ်ကို စပြီး လက်ခံတာပါ “အခုနှစ်ကတော့ မနှစ်ကထက် ပိုမို များပြားလာတယ်။ ဘာကြောင့်လည်းဆိုတော့ မိဘများက မိမိ၏ သားသမီးများကို ကျောင်းတစ်ခါပို့၊ ကျူရှင်တစ်ခါပို့နဲ့ လုပ်မယ့် အစား တစ်နေရာတည်း ထားလိုက်တာ ပိုကောင်းတယ်လို့ မြင်လာကြတယ်။”

အင်းစိန်မြို့နယ် လူငယ်ရေးရာ သင်တန်းကျောင်းမှ တာဝန်ရှိသူကလည်း “ဒီနှစ် ပညာသင်နှစ်ရဲ့ ကျောင်းသားဦးရေက မနှစ်ကထက် နှစ်ဆ တိုးလာသည်ဟု ပြောနိုင်တယ်။ တက္ကသိုလ် ၀င်တန်းတွေအတွက် မတ်လက စပြီး ကျောင်းအပ် စလက်ခံခဲ့တယ်။ ကျန်အတန်းများဖြစ်တဲ့ ငါးတန်းမှ န၀မတန်း ကျောင်းသားတွေကိုတော့ အောင်စာရင်း ထွက်ပြီးမှ လက်ခံပါတယ်။”

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေပင်ရွှေသီး ဘော်ဒါဆောင်မှ တာဝန်ရှိသူ တစ်ဦးကလည်း “ ဒီနှစ် ကျောင်းအပ်နှံမှုက မနှစ်ကထက် ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်” ဟုပြောသည်။ မနှစ်က မီဒီယာတွေမှာ ပုဂ္ဂလိက ကျောင်းတွေ ဖွင့်ခွင့်မရှိဘူးဆိုတဲ့ သတင်းတွေကြောင့် ကျောင်းတွေမှာ မအပ်ရဲဘူးလေ။ အပ်ထားတဲ့ ကျောင်းသားတွေတောင် ပြန်ပြီး ထုတ်သွားကြတယ်။ ဒီနှစ်က မီဒီယာတွေ အကုန်လုံးက ပြန်လည် ထုတ်ပြန်ထားတဲ့ အတွက် မိဘတွေ နားလည်ပြီး ပြန်အပ်လာကြတာပါ။”

ပုဂ္ဂလိက ဘော်ဒါဆောင် ကျောင်းများသည် ၁၉၉၀ ၀န်းကျင်ခန့်က စတင် ပေါ်ပေါက်ခဲ့ပြီး ယခုအခါတွင် ကျောင်းများ ပိုမိုတိုးလာနေသည်။ ၁၉၉၀ ၀န်းကျင်ကစ၍ ဖွင့်လှစ်ထားသော ကျောင်းများတွင် ကျောင်းသား ထောင် ဂဏန်းထိ ရှိလာသည်။ မြန်မာနိုင်ငံ၏ နေရာအနှံအပြားတွင် ပုဂ္ဂလိက ဘော်ဒါကျောင်းများရှိနေသည်။

ပုဂ္ဂလိက ဘော်ဒါကျောင်းများတွင် တက်ရောက်ပါက တစ်နှစ်လျှင် ကျပ်၁၅သိန်းမှသိန်း၃၀ အထိကုန်ကျ နိုင်သည်။ အချို့ဘော်ဒါဆောင်များက အရစ်ကျပေးသွင်းသည့် စနစ်ရှိသည်။

ဗြိတိသျှကောင်စီ စာကြည့်တိုက် မုတ်သုန် စာအုပ်ပြပွဲ



ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ‘မုတ်သုန် စာအုပ်ပြပွဲ’ ကို ဇွန်လ (၁၁) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့ အထိ (၅) ရက်ခန့်ပြုလုပ်လျက် ရှိသည်။
အင်္ဂလိပ်ဘာသာ၊ စာပေ၊ သတင်းအချက်အလက် နည်းပညာ၊ အင်ဂျင်နီယာ၊ အချက်အပြုတ်၊ အားကစား၊ စီးပွါးရေးစီမံခန့်ခွဲမှု ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ယူကေစာမေးပွဲ အထောက်အကူပြု စာအုပ်ပေါင်း (၅၀၀) ကျော်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။

စိတ်ပါဝင်စားသူတိုင်း မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်းနှင့် အသင်းဝင်ထားသူများမှာ စာအုပ်များကို ကြိုတင်မှာယူကာ ဇွန်လ ၁၆ ရက် ကြာသပတေးနေ့မှ စတင်ငှားရမ်း နိုင်ပြီး၊ အသင်းဝင်မဟုတ်သူများ အနေဖြင့် စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်ရန် မှတ်ပုံတင် (သို့မဟုတ်) ဝန်ထမ်းကဒ် တစ်ခုခု ယူဆောင်လာရန် လိုအပ်ကြောင်း ဗြိတိသျှကောင်စီ ‘မြန်မာ ကွန်ယက်’ အဖွဲ့က အသင်းဝဘ်ဆိုဒ်မှတဆင့် ဖော်ပြထားသည်။

ဗြိတိသျှကောင်စီ နှင့် ELTeCS မြန်မာ တို့မှ ကြီးမှူးကျင်းပသော အင်္ဂလိပ်စာ ဆရာ ဆရာမများအတွက် (၁၂) ကြိမ်မြောက် နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲ (Twelfth ELT Conference for Teachers of English) ကိုလည်း (၂၀၁၁) ခုနှစ် ဇူလိုင်လ (၂၃) ရက် စနေနေ့နှင့် (၂၄) ရက် တနင်္ဂနွေနေ့ တို့တွင် ဆီဒိုနားဟိုတယ်၊ ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

ယခုနှစ်တွင် တက်ရောက်နားထောင်သူနှင့် ဆွေးနွေးတင်ပြသူ (၄၅၀) ကျော်တို့ ပါဝင်ကြမည်ဖြစ်ပြီး Learning and Teaching: Fresh Directions, Recurrent Themes (သင်ယူခြင်းနှင့် သင်ကြားခြင်း ဦးတည်ရာဘက် အသစ်များ၊ အမြဲမပြတ် ကြုံတွေ့ရသော အကြောင်းအရာများ) ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေး (ELT) နယ်ပယ်တွင် မကြာသေးမီက ဆန်းသစ်တီထွင်မှုများနှင့် စာသင်ခန်းတွင် လက်တွေ့ အသုံးပြုပုံတို့ကို အဓိက ဦးတည်ဆွေးနွေးသွားမည် ဟုဆိုသည်။
တက်ရောက်လာသူများ အနေဖြင့် မိမိတို့ ကျောင်းအသီးသီးသို့ ပြန်လည်ရောက်ရှိသောအခါ ချက်ချင်း လက်တွေ့ အသုံးပြုနိုင်မည့် ချဉ်းကပ်ပုံအသစ်များနှင့် စာသင်ခန်းအတွင်း လှုပ်ရှားဆောင်ရွက်မှု အသစ်များကို ရရှိနိုင်ကြောင်း ဖော်ပြထားသည်။
library.enquiries@mm.britishcouncil.org

ကျပ်ငွေဈေး အနည်းငယ် ပြန်ဆင်း

စံချိန်တင် ဈေးမြင့်တက်သွားခဲ့သော မြန်မာကျပ်ငွေ ဈေးနှုန်းသည် အင်္ဂါနေ့တွင် အနည်းငယ် ပြန်လည် ကျဆင်းလာပြီး အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျင် ကျပ် ၇၈ဝ ဈေးပေါက်သည်။

တလခန့် ဆက်တိုက် တက်သွားခဲ့သော မြန်မာငွေဈေးမှာ အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျှင် ၇၅ဝ ကျပ်အထိပင် မြင့်တက်ခဲ့သည်။ ထိုင်းဘတ်ငွေနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေတသိန်းလျှင် ဘတ် ၄၂ဝဝ အထိ ဈေးပေါက်သည်။

ကျပ်ငွေဈေးတက်မှုက ပို့ကုန် လုပ်ငန်းရှင်များ၊ ပြည်ပတွင် dollarအလုပ်လုပ်သူများကို မှီခိုနေရသော အိမ်ထောင်စုများနှင့်
 ဒေါ်လာနှင့် ဝင်ငွေရရှိသူများကို ထိခိုက်စေသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဗုဒ္ဒဟူးနေ့နံနက် အမေရိကန် ဒေါ်လာဈေးမှ ၇၈ဝ-၇၉ဝ ကျပ် ဈေးပေါက်ပြီး၊ အက်ဖ်အီးစီမှ ၇ဝ၅-၇၂ဝ ကျပ် ဈေးပေါက်သည်ဟု ရေးသားထားသည်။

“ ဒေါ်လာကျတာ ရပ်သွားပြီးတော့ ကုန်ဈေးတွေ တက်လာပြန်ပြီ ” ဟုလည်း ပါရှိသည်။

ထူးထူးကဲကဲ ငွေဈေးတက်မှု အပေါ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေက ကျောက်မျက်ရောင်းရငွေများနှင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းနှင့် မြေယာ အဆောက်အဦးများ လေလံရောင်းချမှု၏ အကျိုးဆက်တခုဟု ပြောသည်။

“နံပါတ်တစ်ကတော့ ကျောက်မျက်က ပြီးခဲ့တဲ့အပတ်က သန်း ၂ဝဝဝ ကျော်ကျော်လောက် ရောင်းရတယ်။ အဲဒီထဲက ၄ဝ ရာခိုင်နှုန်းလောက် ဝင်လာတယ်ကြားတာပဲ။ ဝင်တော့ ဗမာငွေ ပြန်ဖော်တာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

“နိုင်ငံတော်ကလည်း မြေတွေ၊ အဆောက်အဦးတွေ လေလံပစ်ထားတာ ရှိတယ်။ ဗမာငွေသွင်းဖို့ ရက်တွေက နီးလာပြီ။ ရတဲ့ဒေါ်လာကို ရောင်းပြီးတော့ ဖော်ရတာပေါ့။ ရောင်းလို့ရတဲ့ ပမာဏနဲ့ပဲ ရောင်းသွားတော့ ဈေးကွက်ထဲမှာဒေါ်လာများသွားတယ်။ ဗမာ ငွေ နည်းနည်း ကျပ်သွားတယ်” ဟု သူကပြောသည်။

ဦးခင်ရွှေက လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ ခရီးသွား ရာသီကာလတွင် ခရီးသွား လုပ်ငန်များကို ထိခိုက်စေလိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။

“လာမယ့် ရာသီအတွက်ကို ခရီးသွား ကုမ္ပဏီတွေကနေ တခြားကုမ္ပဏီတွေကို ပုဂံသွားမယ်ဆိုရင် လူတယောက်ကို ဥပမာ ဒေါ်လာ ၅ဝဝ ကို အခြေခံက ၁ဝဝဝ နဲ့တွက်ထားတယ်။ ဒိုင်းဆို ၈ဝဝ ကျသွားရင် တဒေါ်လာကို ၂ဝဝ ရှုံးတာပေါ့ဗျာ။ ဟိုတယ်တွေသာ ဒေါ်လာနဲ့ပေးရတယ်၊ ကျွေးတာ မွေးတာ ကျပ်တွေနဲ့ ပေးတဲ့အခါကျတော့ ဒီပြဿနာ ရှိတာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

အစိုးရက ငွေလဲနှုန်း စံနှုန်းတခု သတ်မှတ်ပေးမည့် အစီအစဉ် မရှိသေးဟု သူသိထားသော်လည်း “၇ဝဝ နှင့် ၈ဝဝ အကြား ဈေးနဲ့ ထိန်းလိုက်ရင် ဒီအချိန် အကောင်းဆုံးဖြစ်မယ်” ဟု ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။

နိုင်ငံတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ်နှုန်းအဖြစ် တရားဝင် သတ်မှတ်ထားသော်လည်း အမှန်တကယ် တွင်ကျယ်နေသည်က မှောင်ခိုဈေးကွက် ဖြစ်သည်။

Tuesday, June 14, 2011

ရန်ကုန်မြို့ဧရိယာ၏ သုံးပုံနှစ်ပုံမှာ သက်တမ်းနု မြေသားများဖြစ်ပြီး ယင်းမြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ပါက သတိပြုရမည့် အချက်များရှိ

ရန်ကုန်မြို့ဧရိယာ၏ သုံးပုံနှစ်ပုံမှာ သက်တမ်းနုမြေသားများ ဖြစ်ကြောင်း သိရသည်။ သက်တမ်းနု မြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ပါက သတိပြုရမည့် အချက်များရှိကြောင်း ဘူမိဗေဒလုပ်ငန်းနှင့် မြေသားစမ်းသပ်ရေး လုပ်ငန်းများမှ သတင်းရရှိပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘူမိဗေဒပညာရှင်များ၏ စမ်းသပ်ချက်များအရ မင်္ဂလာ
တောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်၊ သာကေတ၊ အင်းစိန်၊ သမိုင်း၊ လှိုင်၊ သင်္ဃန်း ကျွန်း၊
တောင်ဥက္ကလာပ၊ မြောက် ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ  ဒဂုံအရှေ့နှင့် ဒလအစရှိသည့်
မြို့နယ်များသည် ပို့ချမြေများ တည်ရှိနေသည့် သက်တမ်းနုမြေများဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့ဧရိယာရဲ့ သုံးပုံနှစ်ပုံက သက်တမ်းနုမြေသားတွေပါ။ အထူးသဖြင့် မြစ်၊ ချောင်းတစ်ဖက် တစ်ချက်မှာရှိတဲ့မြို့နယ်တွေက မြေ သားနုပါတယ်။ တချို့မြို့နယ် တွေမှာ အမှိုက်ပုံကို ဖို့မြေလုပ်ပြီး
အဆောက် အအုံတည်ဆောက်တာတွေရှိတယ်။ သက်တမ်းနုမြေသားနဲ့ ဖို့မြေတွေမှာ အဆောက်
အအုံ တည်ဆောက်တဲ့ အခါ သတိပြုရမယ့် အချက်တွေရှိပါတယ်။ အဆောက်အအုံ မတည်ဆောက်
ခင်မှာ မြေသားအရည်အသွေးပေါ် လိုက်ပြီး အဆောက်အအုံရဲ့ အုတ်မြစ်ကို စံချိန်စံညွှန်းမီ တည်ဆောက်ရမှာပါ။ အဲဒီလိုမှမဟုတ်ရင် မြေသားကျွံ ၀င်ပြီးတိုက်ပြိုတာ၊ တိုက်ယိုင်သွားတာနဲ့ သဘာဝဘေးတွေနဲ့ ကြုံလာတဲ့အခါ ထိခိုက်နစ်နာမှုတွေ ကြုံရနိုင် ပါတယ်”ဟု မြရာပင်
Geo-technical Engineering Co. Ltd  မှ အုပ်ချုပ်မှုဒါရိုက်တာက ရှင်းပြခဲ့သည်။

သက်တမ်းနု မြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ရာ၌ လိုက်နာရမည့် စည်းမျဉ်း
များ အတိုင်းဆောက်လုပ်ခြင်း မပြုသည့်အတွက် အထပ်မြင့် အဆောက်အအုံများ ယိုင်လဲခြင်း၊ မြေသားကျွံဝင်ခြင်းများ ဖြစ်ပေါ်ရပြီး အဆောက်အအုံများ ဖြိုဖျက်ရသည့် ဖြစ်စဉ်များရှိနေကြောင်း
သိရသည်။

“ ၂၀၀၃-၂၀၀၄ ခုနှစ် ၀န်းကျင်က မြောက်ဥက္ကလာပမြို့နယ်မှာ တည်ဆောက်ထားတဲ့ ခြောက်ထပ်
တိုက် အဆောက်အုံတစ်ခု မြေကျွံပြီးရှေ့ကို ငိုက်သွားတဲ့အတွက် ဖြိုလိုက်ရတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
အလားတူပဲ မင်္ဂလာတောင်ညွှန့်နဲ့ ပုဇွန်တောင်မှာလည်း သာဓက တွေရှိခဲ့ဖူးတဲ့အတွက်
အဆောက်အအုံ တည်ဆောက်မယ့်သူတွေ အနေနဲ့ မိမိ အဆောက်အအုံ မတည်ဆောက်ခင်မှာ မြေသားရဲ့ခံနိုင်ရည်နဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေကို သေချာလိုက်နာပြီး တည်ဆောက်
သင့်ပါတယ်။ အခုနောက်ပိုင်းမှာ သဘာဝ ဘေးအန္တရာယ်တွေက ကမ္ဘာတစ်လွှားမှာ
အဆက်မပြတ်ဝင်လို့ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှာ သတိ ပြုရမယ့် အချက်တွေ
ကို သေချာသတိ ပြုလိုက်လာပြီး စည်းကမ်းအတိုင်း လုပ်သင့်ပါတယ်။ ဒီနေ့အထပ်မြင့် အဆောက်
အဦတွေ ကိုတာတွေကြော်ငြာနေတဲ့ ငလျင်ဒဏ်ခံ အဆောက် အအုံဖြစ်ကြောင်း အာမခံပါသည်
ဆိုတဲ့ စကားလုံးနဲ့ အတိမ်အနက်ဟာ ဘယ်လောက်ထိ အာမခံချက်ရှိလဲဆိုတာကို ဆန်းစစ်ဖို့လို
ပါတယ်” ဘူမိဗေဒ ပညာရှင်တစ်ဦးကဟု သုံးသပ်သည်။

သက်တမ်းနုမြေများပေါ်တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်နိုင်သော်လည်း
မြေသား အရည်အသွေးအပေါ် မူတည်ကာ အုတ်မြစ်တည်ဆောက်ရမည်ဟု သိရသည်။      

Monday, June 13, 2011

ထူးခြားသော အခြေခံပညာသင်နှစ်စတင်

ဇွန်လ ၁ ရက်နေ့တွင် စတင်သော ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် သည် မြန်မာ့ ပညာရေး
လောကတွင် ထူးခြားသော နှစ်တစ်နှစ်ဟု ဆိုရပေမည်။
အစိုးရက ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအပြင် ကျောင်းအပ်နှံမှု အတွက် သတ်မှတ်ထားသောငွေကြေးထက် ပိုမိုကောက်ခံခြင်းမပြုရန် တားမြစ်ချက်များ ထုတ်ပြန်ထား
သဖြင့် ကျောင်းသား မိဘများအတွက် အားတက်စရာ ဖြစ်လာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် အထက(၆) ကျောင်းအုပ် ဆရာကြီးဒေါက်တာကျော်စိုးနိုင်
က "အလယ်တန်းအဆင့် အထက်တန်း အဆင့်တွေကို ကျောင်းသုံးပုံနှိပ်စာအုပ်ဖိုး၊ မိဘဆရာ
အသင်းကြေး ကျပ် ၅၀၀၊ စာကြည့်တိုက် ကြေးကျပ် ၅၀၀၊ ကျောင်း လခက ငါးတန်း ကျပ် ၅၀၀
ကနေ တစ်တန်း ၁၀၀ နှုန်းတိုးသွားတဲ့ သုံးမျိုးကလွဲရင် ကျန်တာ ဘာမှ မကောက်ဘူး" ဟု
မေလ ၃၁ ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။

အလုံမြို့နယ် အထက်တန်းကျောင်း တစ်ကျောင်းတွင် သမီးငယ်အား ပထမတန်း အပ်နှံထားသော
မိခင် ဒေါ်နွယ်နီလှိုင်က"ဒီနှစ်ကျောင်းအပ်တာ ဘာမှ မပေးရဘူး။ ကျောင်းတံဆိပ်ဖိုးတွေတောင်
မယူဘူး။ ဒီတိုင်း အလကားပေးလိုက်တယ်"ဟု ပြောသည်။

ကြည့်မြင်တိုင်မြို့နယ် အထက်တန်းကျောင်းတွင် တတိယတန်းတက်မည့် သမီးအတွက် လိုက်လံပို့ဆောင်သော မိခင်တစ်ဦးကလည်း"မနှစ်က ကျောင်း မပိတ်ခင် ဖတ်စာအုပ်ဖိုးဆိုပြီး ကြိုကောက်ထားတာ ကျပ် ၈၀၀ ကို အခု ကျောင်းပြန်ဖွင့်လို့ ကျောင်းအပ်တော့ ကျပ် ၅၀၀
ပြန်ပေးတယ်။ ဒါပေမယ့် ဗလာစာအုပ်ဖိုးဆိုပြီး ကျပ် ၂,၀၀၀ ကောက်တယ်"ဟု ပြောသည်။

ထိုသို့ ကျောင်းအပ်နှံရာတွင် မိဘများ အဆင်ပြေမှုများရှိသော်လည်း မြို့နယ် ကျော်၌ ကျောင်း
အပ်လိုသည့် မိဘများ အနေနှင့်မူ ကုန်ကျစရိတ်များရှိနေသေးသည်ဟု သိရသည်။
ကျောင်းသူကျောင်းသားများသည် နေထိုင်ရာမြို့နယ်အတွင်းရှိ ကျောင်း များတွင်သာ အပ်နှံရမည်ဖြစ်သော်လည်း ကျောင်းနေအရွယ် ကျောင်းသား အားလုံး ကျောင်းနေနိုင်ရေးဆိုသည့် စီမံချက်ဖြင့် နယ်ကျော်အပ်နှံလာသော ကျောင်းသားများကို သက်ဆိုင်ရာ ကျောင်း များမှ စိစစ်လက်ခံနိုင်သည်။

နယ်ကျော်ကျောင်းအပ် လက်ခံမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပညာရေး၊
ကျန်းမာရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးဉာဏ်ထွန်းဦးက နာမည်ကြီးကျောင်း ၁၉ ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ပညာရေး ၀န်ကြီး ဌာနမှ အရာရှိကြီးများ၊
ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းဝင်ခွင့် ရွေးချယ်ရေးအတွက် အဖွဲ့များဖွဲ့ကာ ဆောင်ရွက်
ရန် ညွှန်ကြားခဲ့သည်။

နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ အမှုဆောင်အရာရှိချုပ် ဦးကျော်သူက "ဒီနှစ်ကတော့ ပညာရေးမှာ အရမ်း ထူးခြားတဲ့နှစ် ဖြစ်ပါတယ်။ ဒဂုံ(၁)လိုကျောင်းမျိုးမှာ မိဘတွေ ကိုယ့်သားသမီး
အတွက် ကျောင်းထားဖို့ တစ်ပြားမှ မကုန်ဘူး၊ မပေးရဘူးဆိုတာ အရမ်းကို ထူးခြားတဲ့နှစ်ဖြစ်ပါတယ်"
ဟု ပြောသည်။

၎င်းက ဆက်လက်၍ မိဘများအနေဖြင့် မိမိသားသမီးများ ပညာတတ်ကြီး ဖြစ်စေရန် မည်သည့်
ကျောင်းတွင် ထားမှ ဖြစ်မည် ဆိုသည်မှာ မဖြစ်သင့်ကြောင်းကို နိုင်ငံ့ခေါင်းဆောင်ကြီးများ
မည်သို့သော ကျောင်းများတွင် ပညာသင်ကြားခဲ့သည်ကို သုံးသပ်ကာ ပြောကြားသည်။
အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အငြိမ်းစားပညာရေး ၀န်ထမ်းဟောင်းတစ်ဦးက"အခုလို
နိုင်ငံတော်က ပညာရေးနဲ့ပတ်သက်ပြီး လုပ်နေတာတွေက အကောင်းဘက်ကို ဦးတည်နေ
တယ်"ဟု ပြောသည်။