ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်သို့ အလုပ်ရမည်ဟု ခေါ်ဆောင်လာကာ ရောင်းစား ခံခဲ့ရသော လူ ၁၀၀ ကျော်ထဲမှ ကိုကျော်ဇံနှင့် ကိုဇော်ထွန်းအား ဘတ်ငွေ ၁၁၅၀၀ စီဖြင့် မကြာသေးမီက ပြန်လည် ရွေးယူခဲ့ကြောင်း သတင်းရရှိသည်။
ရောင်းစားခံထားရသူများ လွတ်မြောက်ရေးနှင့် လူမှောင်ခို ကုန်ကူးသူများကို ဖမ်းဆီး ဖော်ထုတ်နိုင်ရေးအတွက် အကူအညီပေးနေသည့် မဲဆောက်အခြေစိုက် People Volunteer’s Association (PVA) အဖွဲ့က ယင်းလူငယ် ၂ ဦးကို ပြန်လည် ရွေးထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူငယ် ၂ ဦးသည် ပင်လယ်ထဲတွင် ၁၃ ရက်ခန့် ငါးဖမ်းနေခဲ့ရကြောင်း၊ ဆွေမျိုးများက ပိုက်ဆံနှင့် ရွေးထုတ်၍ ရလျှင် ရွေးထုတ်ချင်သည်ဟု ပြောသဖြင့် PVA နှင့် ပူးပေါင်း ဆောင်ရွက်နေသူ ကိုခိုင်မင်းထွန်းက သွားရောက် ရွေးထုတ် ပေးခဲ့ကြောင်း PVA အဖွဲ့ မှ ဗဟိုကော်မတီဝင် ၁ ကိုသိန်းဆန်းက ပြောသည်။
ကိုခိုင်မင်းထွန်းက “ဒီနယ်မြေက လူမှောင်ခိုမှုတွေ၊ လူရောင်းစားမှုတွေ အရမ်း များတော့ အခုလို သွားရွေးရတာ သိပ် အန္တရာယ်ကြီးတယ်။ အကြောင်းမညီညွတ်ရင် ကိုယ်ပါ အစပျောက် သွားနိုင်တယ်။ ဒါပေမယ့် လူသားချင်း ကျေးကျွန်လို ရောင်းစားခံထားရတဲ့ သူတွေအတွက် ကျနော် အရဲစွန့်လုပ်ပေးခဲ့တာ” ဟု ဆိုသည်။
ရွေးထုတ် လာခဲ့သည့် ကိုကျော်ဇံမှာ အသက် ၂၄ နှစ် ရှိပြီး ကိုဇော်ထွန်းမှာ အသက် ၁၉ နှစ် ဖြစ်သည်။ နှစ်ဦးစလုံး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ဖြစ်ကြသည်။
၎င်းတို့သည် မေလ ၆ ရက်နေ့မှ စတင်ကာ မြ၀တီ နယ်ခြားစောင့်တပ် အမှတ် ၁၄ ဂိတ်မှ ထွက်လာခဲ့ကြပြီး မဲဆောက် ဘက်ခြမ်းမှတဆင့် တောလမ်းခရီးကို လျှောက်ခဲ့ကြရကြောင်း၊ မေ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် အချောင်မြို့ ဝေလာစိန် တံတားတွင် ရှိသော ငါးဖမ်းလှေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုအရပ်သို့ရောက်မှ ၎င်းတို့ ရောင်းစားခံခဲ့ရ သည်ကို သိရကြောင်း ကိုကျော်ဇံက ပြောသည်။
ကိုကျော်ဇံအား ပွဲစားက မဟာချိုင်အရပ်ရှိ ပုစွန်ခေါင်းချိုး စက်ရုံတွင်လုပ်ရမည်ဟု ပြောကာ ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် မဟာချိုင်ဒေသမဟုတ်ဘဲ စက်ရုံတွင်လည်း မလုပ်ရကြောင်း သူက ဆိုသည်။
“အနီးအနားက မွန်တယောက်ကို မေးကြည့်တော့မှ သူက မင်းတို့ကို ပွဲစားက ဘတ် ၁ သောင်းနဲ့ အပြတ် ရောင်းထား ခဲ့ပြီလို့ ပြောတယ်။ အဲဒီတော့မှ အရောင်းစား ခံလိုက်ရပြီဆိုတာကို သိလိုက်ရတယ်။ ကိုယ့် လူမျိုးအချင်းချင်း တိရစ္ဆာန်တကောင်ကို ရောင်းသလို၊ ကျွန်ကို ရောင်းသလို ရောင်းစား ခံလိုက်ရတာ အရမ်းခံပြင်းတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘာမှ မတတ်နိုင်တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပွဲစားသည် တခြားသူများအား ဘန်ကောက်ရှိ ငါးသေတ္တာစက်ရုံ၊ နာနတ်သီးစက်ရုံနှင့် ပန်းရံလုပ်ငန်းများတွင် အလုပ်အကိုင် ရမည်၊ လက်ငင်းငွေပေးစရာမလို၊ အလုပ်သမား လက်မှတ်လည်း လုပ်ပေးမည်၊ ယာယီနိုင်ငံကူးလက်မှတ်လည်း လုပ်ပေးမည်၊ လမ်းစရိတ် ဘတ် ၁၀၀၀၀ ကျမည်း၊ အရစ်ကျ ဆပ်ရမည်၊ လစာ တလလျှင် ဘတ် ၈၀၀၀ ရမည် စသဖြင့် မက်လုံးများပေးကာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
လူဆွယ်ပေးသော ပွဲစားမှာ အသက် ၂၀ ကျော်အရွယ်ရှိ မြန်မာနိုင်ငံသား မင်းမင်း ဆိုသူဖြစ်ကြောင်း၊ မင်းမင်းက မြ၀တီရှိ လူပွဲစား မမော် (ခ) ဒေါ်စန်းစန်းမော်ထံသို့ ပို့ပေးကြောင်း ပြန်ရွေးထုတ်ခံခဲ့ရသူ ကိုဇော်ထွန်းက ပြောပြသည်။
“ကျနော်တို့ကို မဲဆောက်ကနေ မြ၀တီမှာရှိတဲ့ မမော်ဆီကို မင်းမင်းက ပို့ပေးတယ်။ သူက ပွဲခယူပြီး ကျနော်တို့ကို လွှဲပေးလိုက်တာ။ အဲဒီ မမော်က မြ၀တီဘက်ကမ်းမှာရှိတဲ့ အမှတ် ၁၄ နယ်ခြားစောင့်တပ် ၀န်းထဲမှာနေတာ။ ကျနော်တို့ အဲဒီမှာ တညအိပ်ခဲ့ရတယ်” ဟု သူက ဆိုသည်။
မဲဆောက်မှ ဘန်ကောက်သို့ လူတင်ပို့သော ကယ်ရီ (ပွဲစား) များစွာ ရှိပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် နယ်စပ်အသီးသီးမှ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ကယ်ရီများဖြင့် သွားလာကြရကြောင်း၊ ထိုကယ်ရီများထဲတွင် လူမှောင်ခို ကုန်ကူး သူများလည်း ပါရှိကြောင်း PVA အဖွဲ့ မှ ကိုသိန်းဆန်းက ဆိုသည်။
“ကယ်ရီတွေကတော့ ဒီမှာ အများကြီးပဲ။ ဒီလို လူမှောင်ခို ကုန်ကူးတဲ့အဖွဲ့တွေက သုံး၊ လေးဖွဲ့လောက်တော့ ရှိနိုင်မယ် ထင်တယ်။ ကျနော်တို့ ခြေရာခံ မိနေတာကတော့ မမော်တို့အဖွဲ့ပဲ။ သူတို့အထဲက မင်းမင်းဆိုတဲ့သူကို ကျနော်တို့ ထိန်းသိမ်းထားတယ်။ မမော်က နယ်ခြားစောင့်တပ်ကို အကာအကွယ်ယူပြီး လှုပ်ရှားတယ်။ ထိုင်းဘက်ကို မကူးဘူး” ဟု ကိုသိန်းဆန်းက ဆိုသည်။
အချောင်မြို့ ဝေလာစိန် လှေဆိပ်တွင် ငါးဖမ်းလှေ ထောင်နှင့်ချီ ရှိနိုင်ကြောင်းနှင့် ယင်းလှေများတွင် အရောင်းစား ခံထားရသူ များစွာရှိကြောင်းလည်း ကိုကျော်ဇံက ပြောသည်။
ကိုကျော်ဇံတို့ ၁၃ ရက်ကြာ လိုက်ခဲ့ရသော လှေနံပါတ် ၁၁ တွင် လှေသား ၁၂ ဦး ရှိရာ ၁၀ ဦးမှာ ရောင်းစား ခံထားရသည့် မြန်မာများ ဖြစ်ကြောင်း၊ ကျန် ၂ ဦးမှာ ပဲ့နင်း ထိုင်းလူမျိုးနှင့် ရေသျှူး (ငါးရနိုင်မရနိုင် ကြည့်ပေးရသူ ရေကျွမ်းကျင်) မွန်တိုင်းရင်းသား တဦးဖြစ်ကြောင်း၊ ၎င်းမှာ သူဌေး၏ လူယုံလည်း ဖြစ်ကြောင်း သိရသည်။
လူပွဲစားများက လူတဦးလျှင် ဘတ်တသောင်းဖြင့် ရောင်းစားခဲ့ပြီး အရောင်းစားခံရသူက ဘတ် ၂၀၀၀၀ အထိ ပြန်ဆပ် နိုင်မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။ အရောင်းစား ခံရသူသည် တလလျှင် ပျမ်းမျှ ဘတ် ၃၀၀၀ ခန့် ရမည်ဟု သတ်မှတ် ထားသော်လည်း မည်သည့် လစာမျှ မရဘဲ ၇ လခန့် အလုပ်လုပ်ပေး ကြရသည်။
အကယ်၍ လှေမှ ထွက်ပြေးရန်ကြိုးစားပါက ပြင်းထန်စွာ ရိုက်နှက်ခံရကြောင်း၊ လှေ သူဌေးထံမှ ထွက်ပြေးစဉ် ရဲ မိ၍ ပြန်လာအပ်ပါက မူလသတ်မှတ်ဈေးထက် ၂ ဆ ပြန်ဆပ်ရကြောင်း ကိုဇော်ထွန်းက ပြောသည်။
“ကျနော်တို့ ရှေ့မှာပဲ ထွက်ပြေးတဲ့သူကို အုပ်နဲ့ ၀ိုင်းရိုက်တာ မြင်မကောင်းဘူး။ ပြီးတော့ ကျနော်တို့ နေခဲ့တဲ့ လှေပေါ်မှာ ကျောက်ဖြူက ကိုစိုးမြင့်ထွန်းနဲ့ ကိုထွန်းထွန်းဝင်း ဆိုတဲ့ လူ ၂ ယောက်ကိုတွေ့ခဲ့တယ်။ သူတို့ ထွက်ပြေးလို့ ရဲက ဖမ်းမိပြီး သူဌေးကို ဘတ် ၅၀၀၀ နဲ့ ပြန်လာ ရောင်းသွားတယ်။ အခု သူတို့ လုပ်ပေးရမယ့် လက်ကျန် ၃ လ ပြည့်သွားပေမယ့် မလွတ်သေးဘူး။ နောက်ထပ် ၃ လ ထပ်လိုက် ပေးရဦးမယ်လို့ ပြောတယ်” ဟု သူက ရှင်းပြသည်။
ထိုင်းနိုင်ငံ အတွင်းတွင် ယခုကဲ့သို့ ရောင်းစား ခံထားရသော မြန်မာနိုင်ငံသား မြောက်များစွာရှိနေပြီး ယခု မေလ အတွင်းတွင်ပင် မြ၀တီမြို့မှ မမော်တို့အဖွဲ့ ရောင်းစားလိုက်သူများမှာ ရာနှင့် ချီရှိသည်ဟု PAV အဖွဲ့က ပြောသည်။
ယင်းအထဲမှ အမျိုးသားများကို ငါးဖမ်းလှေသို့  ရောင်းစားပြီး အမျိုးသမီးများမှာမူ ယခုအချိန်အထိ မည်သည့်နေရာတွင် ရောက်နေကြောင်း အတိအကျ မသိရဟု ကိုသိန်းဆန်းက ဆိုသည်။
ယခုကဲ့သို့ လူများ အစုလိုက် အပြုံလိုက် ရောင်းစား ခံနေရခြင်းမှာ မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် လာရောက်နိုင်ခြင်း မရှိဘဲ ပွဲစားများ၊ လူမှောင်ခို ကုန်ကူးသူများနှင့် သွားလာနေရခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရများ၏ အလုပ်သမား ပေါ်လစီ အားနည်းချက်ကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ဒေသခံ အာဏာပိုင် များမှာလည်း အလုပ်ရှင်များ၏ အကျိုးစီးပွားကိုသာ ကြည့်သဖြင့် ဖြေရှင်းရခက်ကြောင်း လူမှောင်ခိုမှု၊ လူရောင်းစား ခံရမှု အပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေးကို ဆောင်ရွက်ပေးနေသည့် Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေကပြောသည်။
၎င်းက “ချွန်ဘူရီ အချောင်ဘက်မှာ အခုလို အမှုမျိုး ခဏခဏ ဖြစ်နေတယ်။ ဒေသခံ အာဏာပိုင်တွေကလည်း လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးကြည့်နေတော့ ဖြေရှင်းရတာ မလွယ်ဘူး။ ဒီအမှု ၁၀ မှုမှာ ၁ မှုကို ဖမ်းဆီးဖို့က မလွယ်လှဘူး” ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများမှာ အနည်းဆုံး ၂ သန်းမှ ၄ သန်း ၀န်းကျင်ခန့်ရှိကြောင်း အလုပ်သမားအဖွဲ့ များက ခန့်မှန်းကြသည်။

No comments:
Post a Comment