Showing posts with label ငွေရေးကြေးရေး. Show all posts
Showing posts with label ငွေရေးကြေးရေး. Show all posts

Saturday, June 18, 2011

ဈေးကွက်အတွင်း ကျပ်ငွေလိုအပ်မှု မြင့်တက်နေခြင်းကြောင့် ဒေါ်လာငွေတန်ဖိုး ကျဆင်းနေခြင်း ဖြစ်သည်ဟု သုံးသပ်ကြ

လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ မြန်မာကျပ်ငွေနှင့် လဲလှယ် ရာတွင် ဈေးနှုန်းများ စံချိန်တင်ဆက်တိုက် ကျဆင်းလျက်ရှိရာ ထိုကဲ့သို့ကျဆင်းနေမှု၏ အကြောင်းရင်းများတွင် ပြည်တွင်း ဈေးကွက် အတွင်း ဒေါ်လာရောင်းလိုအား များနေပြီး ကျပ်ငွေလိုအပ်မှု မြင့်တက် လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောသည်။
စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)က မြန်မာ ကျပ်ငွေ၏ ပြင်ပတန်ဖိုးတက်လာသော်လည်း ပြည်တွင်းတန်ဖိုးကမူ တက်လာခြင်းမရှိဟု ဆိုသည်။
"ဈေးကွက်မှာ တစ်ဒေါ်လာ ကျပ် ၁,၂၀၀ လောက်ကနေအခု ကျပ် ၈၀၀ အထိ ဆင်းလာတယ်။ မှန်းကြည့်ရသလောက်က နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု(အက်ဖ်ဒီအိုင်)တွေ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အတော်လေး ၀င်လာတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ် တစ်နှစ်တာအတွင်း အက်ဖ်ဒီအိုင် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့် ၀င်ရောက်ခဲ့ပြီး လွန်ခဲ့သော နှစ် ၂၀ ကျော်ကာလပတ်လုံး တွင် ဒေါ်လာ ၁၆ ဘီလျံသာရှိခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနည်းတူ ကုမ္ပဏီများလည်း ၀င်ရောက်လာသောကြောင့် အိမ်ခန်း၊ ရုံးခန်းငှားခများတွင် နိုင်ငံခြား ငွေကြေးများ ၀င်ရောက်လာကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာရောင်းလိုအားများနေပြီး ကျပ်ငွေလိုအပ်မှု မြင့်တက်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
"အစိုးရက တစ်ဒေါ်လာကို ကျပ် ၇၅၀ နှုန်း ပုံသေသတ်မှတ်မယ်ဆိုတဲ့ ကောလဟာလ ထွက်လာတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာ မသိသေးဘူး။ ဒီအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ယူရကောင်းယူရနိုင်တယ်"ဟု ၎င်းက ပြောသည်။
"ငွေတန်ဖိုးကျစေချင်ရင် ဒေါ်လာကို လိုက်ဝယ်မယ်။ ဘဏ်က အတိုးနှုန်းချ ပေးရမယ်။ ဒါဆိုရင် ဘဏ်မှာငွေသိပ် မအပ်တော့ဘူး။ ချေးတဲ့လူလည်း ပိုများလာမယ်။ လူတွေလက်ထဲ ငွေပိုများမယ်။ လုပ်ငန်းတွေ လည်ပတ်လာမယ်" ဟု ၎င်းက ပြောသည်။
စီးပွားရေးပညာရှင် ဒေါက်တာ မောင်အောင်ကလည်း မကြာမီက ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချမှုများကြောင့် ပြည်တွင်း၌လည်ပတ်နေသည့် ငွေကြေးများမှာ အစိုးရဌာနများသို့ ပြောင်းရွှေ့သွားခြင်းမှာ အကြောင်းရင်း တစ်ချက်ဖြစ်ကြောင်း ပြောသည်။
ငွေလဲလှယ်နှုန်းထားသည် အသင့်အတင့်အနေအထားတွင်ရှိခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်းနှင့် ငွေလဲလှယ်နှုန်းကျဆင်းခြင်းသည် တင်ပို့ခြင်း ကိုအားမပေးသည့်အတွက် တောင်သူများအား ထိခိုက်စေကြောင်း ၎င်းက ပြောသည်။
ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ တန်ဖိုး အတက်အကျမှာ ဆက်စပ်မှုရှိ သော်လည်း အကြောင်းအရာချင်း မတူကြောင်း မြန်မာနိုင်ငံ ပုဇွန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးနှင်းဦးက ပြောကြားသည်။
"မြန်မာငွေတန်ဖိုး တက်တယ်၊ ကျတယ်လို့ ပြောတာက Micro economic နဲ့ ဆိုင်တယ်။ ငွေကြေးဖောင်းပွခြင်း၊ ကျုံ့ ခြင်း သဘော တရားကို ပြောတာ။ တစ်ကွဲစီတော့ မဟုတ်ဘူး။ စပ်ဆက်နေတယ်။ ဒါပေမယ့် အကြောင်းအရာမတူဘူး"ဟု ၎င်းက ပြောသည်။
ဒေါ်လာတန်ဖိုးအတက်အကျမှာမူ ပြည်တွင်းဝယ်လိုအားနှင့်ဆိုင်ပြီး ဈေးကွက်အတွင်း ဒေါ်လာအများအပြား လှိမ့်ဝင်လာသော်လည်း လုံလောက်သော ပြည်တွင်းဝယ်လိုအားရှိနေပါက ဈေးကျမသွားနိုင်ကြောင်း ဦးနှင်းဦးက ပြောသည်။
"ဒေါ်လာနဲ့ မြန်မာငွေဈေးအတက်အကျက တစ်ဒေါ်လာအ၀ယ်အရောင်းနဲ့ ချိတ်တယ်။ ဒေါ်လာအ၀ယ်အရောင်း ကျသွားတာနဲ့ မြန်မာငွေက တန်ဖိုးတက်လာတယ်ပြောရင် မဟုတ်ဘူး။ ဒေါ်လာ အ၀ယ်နှေးသွားတာ။ တစ်ကျပ်ပေးရင် တစ်ဒေါ်လာရတာကနေ ပြား ၉၀ ပေးရင် တစ်ဒေါ်လာရတာက အရောင်း အ၀ယ်ကျတာ။ တန်ဖိုးတက်တာ မဟုတ်ဘူး။ အရင်တုန်းက မုန့်ဟင်းခါးတစ်ပွဲကို ကျပ် ၅၀၊ အခု ကျပ် ၃၀၀ ဆိုတော့ အဲဒီ အချိန်နဲ့တွက်ရင် မြန်မာငွေတန်ဖိုးက ကျသွားတာပဲ။ ငွေဖောင်းပွလာတယ်" ဟု ၎င်းက ပြောသည်။
ရေထွက်ပစ္စည်းတင်ပို့သည့်လုပ်ငန်းတစ်ခုဖြစ်သော General Food Technology Industry Co Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးညွန့်က ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် နိုင်ငံခြားမှအပ်သည့် အချို့သောအလုပ်များအား လက်မခံနိုင်သည့်အခြေအနေတွင် ရှိကြောင်း ပြောသည်။
"ရောင်းမယ့်ပစ္စည်းအတွက် ဒီနေ့ ပေါက်ဈေး တစ်ဒေါ်လာ ၈၂၅ ကျပ်နဲ့ တွက်လိုက်ရင် မနက်ဖြန်ဈေးက ကျပ် ၈၂၀ ဖြစ်သွားရော။ ကျပ် ၈၀၀ နဲ့တွက်လိုက်လို့ ဈေးဘယ်လောက်ရှိနိုင်လဲ တွက်ကြည့်လိုက်ရင် ဈေးကြီးသွားပြီး မရောင်းရတော့ဘူး"ဟု ဦးမျိုးညွန့်က ပြောသည်။
တင်ပို့သည့်လုပ်ငန်းအနေဖြင့် ကုန် ကြမ်းအား ၀ယ်ယူသည့်အနေအထားတွင် ပြည်တွင်းရေထွက်ပစ္စည်း၏ ရာခိုင်နှုန်းအများစုမှာ ပြည်တွင်း စားသုံးမှုအတွက်ဖြစ်သဖြင့် ဈေးလျော့ ကာဝယ်ယူ၍မရကြောင်း ပြောသည်။
ယခုကဲ့သို့ ဒေါ်လာတန်ဖိုး ဆက်ကျနေမည်ဆိုပါက ၀ယ်သူမှ အပ်သည့် လုပ်ငန်းများအား ပထမအဆင့်အနေဖြင့် လျှော့ချခြင်းပြုလုပ် မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အလုပ်သမား လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"တတိယအဆင့်အနေနဲ့ကတော့ လုပ်ငန်းရပ်သွားမှာပါ"ဟု ဦးမျိုးညွန့်က ပြောသည်။

Thursday, June 16, 2011

ကျပ်ငွေဈေး အနည်းငယ် ပြန်ဆင်း

စံချိန်တင် ဈေးမြင့်တက်သွားခဲ့သော မြန်မာကျပ်ငွေ ဈေးနှုန်းသည် အင်္ဂါနေ့တွင် အနည်းငယ် ပြန်လည် ကျဆင်းလာပြီး အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျင် ကျပ် ၇၈ဝ ဈေးပေါက်သည်။

တလခန့် ဆက်တိုက် တက်သွားခဲ့သော မြန်မာငွေဈေးမှာ အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျှင် ၇၅ဝ ကျပ်အထိပင် မြင့်တက်ခဲ့သည်။ ထိုင်းဘတ်ငွေနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေတသိန်းလျှင် ဘတ် ၄၂ဝဝ အထိ ဈေးပေါက်သည်။

ကျပ်ငွေဈေးတက်မှုက ပို့ကုန် လုပ်ငန်းရှင်များ၊ ပြည်ပတွင် dollarအလုပ်လုပ်သူများကို မှီခိုနေရသော အိမ်ထောင်စုများနှင့်
 ဒေါ်လာနှင့် ဝင်ငွေရရှိသူများကို ထိခိုက်စေသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဗုဒ္ဒဟူးနေ့နံနက် အမေရိကန် ဒေါ်လာဈေးမှ ၇၈ဝ-၇၉ဝ ကျပ် ဈေးပေါက်ပြီး၊ အက်ဖ်အီးစီမှ ၇ဝ၅-၇၂ဝ ကျပ် ဈေးပေါက်သည်ဟု ရေးသားထားသည်။

“ ဒေါ်လာကျတာ ရပ်သွားပြီးတော့ ကုန်ဈေးတွေ တက်လာပြန်ပြီ ” ဟုလည်း ပါရှိသည်။

ထူးထူးကဲကဲ ငွေဈေးတက်မှု အပေါ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေက ကျောက်မျက်ရောင်းရငွေများနှင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းနှင့် မြေယာ အဆောက်အဦးများ လေလံရောင်းချမှု၏ အကျိုးဆက်တခုဟု ပြောသည်။

“နံပါတ်တစ်ကတော့ ကျောက်မျက်က ပြီးခဲ့တဲ့အပတ်က သန်း ၂ဝဝဝ ကျော်ကျော်လောက် ရောင်းရတယ်။ အဲဒီထဲက ၄ဝ ရာခိုင်နှုန်းလောက် ဝင်လာတယ်ကြားတာပဲ။ ဝင်တော့ ဗမာငွေ ပြန်ဖော်တာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

“နိုင်ငံတော်ကလည်း မြေတွေ၊ အဆောက်အဦးတွေ လေလံပစ်ထားတာ ရှိတယ်။ ဗမာငွေသွင်းဖို့ ရက်တွေက နီးလာပြီ။ ရတဲ့ဒေါ်လာကို ရောင်းပြီးတော့ ဖော်ရတာပေါ့။ ရောင်းလို့ရတဲ့ ပမာဏနဲ့ပဲ ရောင်းသွားတော့ ဈေးကွက်ထဲမှာဒေါ်လာများသွားတယ်။ ဗမာ ငွေ နည်းနည်း ကျပ်သွားတယ်” ဟု သူကပြောသည်။

ဦးခင်ရွှေက လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ ခရီးသွား ရာသီကာလတွင် ခရီးသွား လုပ်ငန်များကို ထိခိုက်စေလိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။

“လာမယ့် ရာသီအတွက်ကို ခရီးသွား ကုမ္ပဏီတွေကနေ တခြားကုမ္ပဏီတွေကို ပုဂံသွားမယ်ဆိုရင် လူတယောက်ကို ဥပမာ ဒေါ်လာ ၅ဝဝ ကို အခြေခံက ၁ဝဝဝ နဲ့တွက်ထားတယ်။ ဒိုင်းဆို ၈ဝဝ ကျသွားရင် တဒေါ်လာကို ၂ဝဝ ရှုံးတာပေါ့ဗျာ။ ဟိုတယ်တွေသာ ဒေါ်လာနဲ့ပေးရတယ်၊ ကျွေးတာ မွေးတာ ကျပ်တွေနဲ့ ပေးတဲ့အခါကျတော့ ဒီပြဿနာ ရှိတာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

အစိုးရက ငွေလဲနှုန်း စံနှုန်းတခု သတ်မှတ်ပေးမည့် အစီအစဉ် မရှိသေးဟု သူသိထားသော်လည်း “၇ဝဝ နှင့် ၈ဝဝ အကြား ဈေးနဲ့ ထိန်းလိုက်ရင် ဒီအချိန် အကောင်းဆုံးဖြစ်မယ်” ဟု ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။

နိုင်ငံတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ်နှုန်းအဖြစ် တရားဝင် သတ်မှတ်ထားသော်လည်း အမှန်တကယ် တွင်ကျယ်နေသည်က မှောင်ခိုဈေးကွက် ဖြစ်သည်။